အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၃-နိဗ္ဗာနသုခသုတ်

၃၄။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာပေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်တို့ ဤနိဗ္ဗာန်သည် ချမ်းသာ၏၊ ငါ့သျှင်တို့ ဤနိဗ္ဗာန်သည် ချမ်းသာ၏”ဟု မိန့်ဆို၏။ ဤသို့ မိန့်ဆိုလတ်သော် အသျှင်ဥဒါယီသည် အသျှင်သာရိပုတြာအား—“ငါ့သျှင်သာရိပုတြာ ခံစားမှု မရှိသော နိဗ္ဗာန်၌ ချမ်းသာကား အဘယ်ပါနည်း”ဟု မေး၏။ ငါ့သျှင် ခံစားမှုမရှိသော ဤနိဗ္ဗာန်၌ ဤခံစားမှုမရှိခြင်းသည်ပင် ချမ်းသာ မည်၏။ ငါ့သျှင် ကာမဂုဏ်တို့သည် ဤငါးမျိုးတို့တည်း၊ အဘယ်ငါးမျိုးတို့နည်းဟူမူ— အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကို ပွါးစေတတ်ကုန် ချစ်ဖွယ်သော သဘောရှိကုန် ကာမဂုဏ်နှင့်စပ်ကုန် တပ်စွန်း ဖွယ်ရှိကုန်သော မျက်စိဖြင့် သိအပ်သော ရူပါရုံတို့လည်းကောင်း။ နားဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ လည်းကောင်း။ပ။ နှာခေါင်းဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့လည်းကောင်း။ လျှာဖြင့် သိအပ်ကုန်သော ရသာရုံတို့လည်းကောင်း။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကို ပွါးစေအပ်ကုန် ချစ်ဖွယ်သော သဘောရှိကုန် ကာမဂုဏ်နှင့်စပ်ကုန် တပ်စွန်းဖွယ်ရှိကုန်သော ကိုယ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ လည်းကောင်းတည်း၊ ငါ့သျှင် ဤသည်တို့ကား ကာမဂုဏ်ငါးမျိုးတို့တည်း။ ဤကာမဂုဏ်ငါးမျိုးတို့ကို စွဲ၍ ချမ်းသာမှု ‘သုခ’ ဝမ်းမြောက်မှု ‘သောမနဿ’ သည် ဖြစ်၏။ ငါ့သျှင် ဤသည်ကို ကာမချမ်းသာဟု ဆိုအပ်၏။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ (ပဌမဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုရဟန်းအား ကာမနှင့်တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုရဟန်းအား ထိုကာမနှင့်တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရား ဟောတော်မူ၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့်လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်း ကြောင့် ဒုတိယဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ (ဒုတိယဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုရဟန်းအား ကြံစည်မှု ‘ဝိတက်’ နှင့်တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအားဆင်းရဲခြင်းသည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုရဟန်းအား ထိုကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်း သည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရား ဟော တော်မူ၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့်လည်း ထိုနိဗ္ဗာန် ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ (တတိယဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာ ကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအား ဆင်းရဲခြင်း သည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုရဟန်းအား ထိုနှစ်သိမ့်မှု ‘ပီတိ’ နှင့် တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရားဟောတော်မူ၏။ ငါ့သျှင် အကြင် အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့်လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထ ဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ (စတုတ္ထဈာန်ဝင်စား) နေခြင်းဖြင့်နေသော ထိုရဟန်း အား လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုရဟန်းအား လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွ ဖြစ်ကုန်သော ထိုမှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်း အား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရား ဟောတော်မူ၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့်လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် (ကသိုဏ်း) ရုပ်၌ဖြစ်သော မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးမှု၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူး ထူးမှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု အာကာသာနဉ္စာယတနဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ (ဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုရဟန်းအား ရုပ်နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုရဟန်းအား ရုပ်နှင့်တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှုဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရားဟောတော်မူ၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့်လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု ဝိညာဏဉ္စာယတနဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ(ဝိညာဏဉ္စာယတနဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုရဟန်းအား အာကာသာနဉ္စာယတနသညာနှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထို ရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် အာကာသာနဉ္စာယတနသညာနှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှုဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရား ဟောတော်မူ၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့်လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံ တစ်ခုမျှ မရှိ”ဟု အာကိဉ္စညာယတနဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ (အာကိဉ္စညာယတနဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုရဟန်းအား ဝိညာဏဉ္စာယတနသညာနှင့် တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ဝိညာဏဉ္စာယတနသညာနှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ် လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှုဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရား ဟောတော်မူ၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့် လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်လျက် နေ၏။ ငါ့သျှင် အကယ်၍ ဤ (နေဝသညာနာသညာ ယတနဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုရဟန်းအား အာကိဉ္စညာယတနသညာနှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် အာကိဉ္စညာယတနသညာနှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်မူ ထိုဖြစ်ပေါ်လာခြင်းသည် ထိုရဟန်းအား နာကျင်မှု ဖြစ်၏။ ငါ့သျှင် ယင်းနာကျင်မှုကို ဆင်းရဲဟု မြတ်စွာဘုရား ဟောတော်မူ၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏၊ ဤအကြောင်းဖြင့် လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်လျက် နေ၏။ ထိုရဟန်းအား ပညာဖြင့် မြင်၍ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏။ ငါ့သျှင် အကြင်အကြောင်းဖြင့် နိဗ္ဗာန်သည် ချမ်းသာ၏။ ဤအကြောင်းဖြင့်လည်း ထိုနိဗ္ဗာန်ချမ်းသာကို သိအပ်၏ဟု (မိန့်ဆို၏)။

တတိယသုတ်။