အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၅-ဈာနသုတ်

၃၆။ ရဟန်းတို့ ပဌမဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏။ ဒုတိယဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်)ကို ငါဆို၏။ တတိယ ဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်)ကို ငါဆို၏။ စတုတ္ထဈာန်ကို မှီ၍လည်း အာသဝေါ တရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏။ အာကာသာနဉ္စာယတနဈာန်ကို မှီ၍လည်း အာသဝေါ တရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏။ ဝိညာဏဉ္စာယတနဈာန်ကို မှီ၍လည်း အာသဝေါ တရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏။ အာကိဉ္စညာယတနဈာန်ကို မှီ၍လည်း အာသဝေါ တရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏။ နေဝသညာနာသညာယတနဈာန်ကို မှီ၍လည်း အာသဝေါ တရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏။ သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်ကို မှီ၍လည်း အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါ ဆို၏။ “ရဟန်းတို့ ပဌမဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော ဤစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုပဌမဈာန်၌ ပါဝင်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အနိစ္စသဘောဖြင့် ဒုက္ခသဘောဖြင့် ရောဂါ သဘောဖြင့် အိုင်းအမာသဘောဖြင့် ငြောင့် ‘တံကျင်’ သဘောဖြင့် ဆင်းရဲကြောင်းသဘောဖြင့် အနာသဘော ဖြင့် ပြင်ပ ‘သူစိမ်း’ သဘောဖြင့် ပျက်စီးခြင်းသဘောဖြင့် ကင်းဆိတ်ခြင်း ‘သုည’ သဘောဖြင့် အနတ္တ သဘောဖြင့် အဖန်ဖန်ရှု၏။ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၏၊ ထိုရဟန်းသည့်ထိုတရားတို့မှ စိတ်ကို နစ်စေ၍ “ပြုပြင်မှုအားလုံး ငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းရာ ချုပ်ရာဖြစ်သော ဤနိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ ဤနိဗ္ဗာန်သည် မြတ်၏”ဟု အမြိုက်ဓာတ် (နိဗ္ဗာန်) သို့ စိတ်ကို ရှေးရှုဆောင်၏။ ထိုရဟန်းသည် ထိုပဌမဈာန်၌ တည်လျက် အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ အကယ်၍ အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ မရောက်ခဲ့မူ ထိုတရား၌ စွဲမက်ခြင်း ထိုတရား၌ နှစ်သက်ခြင်းဖြင့်သာလျှင် အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ် (ပဋိသန္ဓေ) ရှိသူ ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန် ပြုခြင်းရှိသူ ထိုဗြဟ္မာ့ဘုံမှ ပြန်လှည့်ခြင်းသဘော မရှိသူ ဖြစ်၏။ ရဟန်းတို့ လေးသမားသည်လည်းကောင်း၊ လေးသမားတပည့်သည်လည်းကောင်း မြက်ဖြင့် (ပြုလုပ်သော) ယောကျာ်းရုပ်၌ဖြစ်စေ မြေပုံ၌ဖြစ်စေ လေ့ကျင့်မှုကို ပြု၍ ထိုသူသည် အခါတစ်ပါး၌ အဝေးပစ်နိုင်သူ တည့်တည့်ပစ်နိုင်သူ ကြီးကျယ်သော အထည်ကိုယ်ကို ဖောက်ခွဲနိုင်သူ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုပဌမဈာန်၌ (ပါဝင်သော) ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို အနိစ္စသဘောဖြင့် ဒုက္ခသဘောဖြင့် ရောဂါသဘောဖြင့် အိုင်းအမာသဘောဖြင့် ငြောင့် ‘တံကျင်’ သဘောဖြင့် ဆင်းရဲကြောင်း သဘောဖြင့် အနာသဘောဖြင့် ပြင်ပ’သူစိမ်း’ သဘောဖြင့် ပျက်စီးခြင်းသဘောဖြင့် ကင်းဆိတ်ခြင်း ‘သုည’ သဘောဖြင့် အနတ္တသဘောဖြင့် အဖန်ဖန် ရှု၏။ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၏၊ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၍ “ပြုပြင်မှုအားလုံး ငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းရာ ချုပ်ရာဖြစ်သော ဤနိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ ဤနိဗ္ဗာန်သည် မြတ်၏”ဟု အမြိုက်ဓာတ် (နိဗ္ဗာန်) သို့ စိတ်ကို ရှေးရှုဆောင်၏။ ထိုရဟန်းသည် ထိုပဌမဈာန်၌ တည်လျက် အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ အကယ်၍ အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ မရောက်ခဲ့ပါမူ ထိုတရား၌ တပ်မက်ခြင်း ထိုတရား၌ နှစ်သက်ခြင်းဖြင့်သာလျှင် အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ် (ပဋိသန္ဓေ) ရှိသူ ထိုဗြဟ္မာ့ ဘုံ၌ ပရိနိဗ္ဗာန်ပြုခြင်းရှိသူ ထိုဗြဟ္မာ့ဘုံမှ ပြန်လှည့်ခြင်းသဘော မရှိသူ ဖြစ်၏။ “ရဟန်းတို့ ပဌမဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော ဤစကားကို ဤအကြောင်း ကို စွဲ၍ ဆိုခဲ့၏။ “ရဟန်းတို့ ဒုတိယဈာန်ကို မှီ၍လည်း။ပ။ ရဟန်းတို့ တတိယဈာန်ကို မှီ၍လည်း။ပ။ ရဟန်းတို့ စတုတ္ထဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော ဤစကား ကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာမှု ‘သုခ’ ဆင်းရဲမှု ‘ဒုက္ခ’ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင် ဝမ်းမြောက်မှု ‘သောမနဿ’ နှလုံးမသာယာမှု ‘ဒေါမနဿ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် ဆင်းရဲချမ်းသာမဟုတ်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုစတုတ္ထ ဈာန်၌(ပါဝင်သော) ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အနိစ္စသဘောဖြင့် ဒုက္ခသဘောဖြင့် ရောဂါသဘောဖြင့် အိုင်းအမာသဘောဖြင့် ငြောင့် ‘တံကျင်’ သဘောဖြင့် ဆင်းရဲကြောင်းသဘောဖြင့် အနာ သဘောဖြင့် ပြင်ပ ‘သူစိမ်း’ သဘောဖြင့် ပျက်စီးခြင်း သဘောဖြင့် ကင်းဆိတ်ခြင်း ‘သုည’ သဘောဖြင့် အနတ္တသဘောဖြင့် အဖန်ဖန် ရှု၏။ ထိုတရားတို့မှ စိတ်ကို နစ်စေ၏၊ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၍ “ပြုပြင်မှုအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းရာ ချုပ်ရာဖြစ်သော ဤနိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ ဤနိဗ္ဗာန်သည် မြတ်၏”ဟု အမြိုက်ဓာတ် (နိဗ္ဗာန်) သို့ စိတ်ကို ရှေးရှုဆောင်၏။ ထိုရဟန်းသည် ထိုစတုတ္ထဈာန်၌ တည်လျက် အာသဝေါ တရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ အကယ်၍့အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့ မရောက်ခဲ့ပါမူ ထိုတရား၌ စွဲမက်ခြင်း ထိုတရား၌ နှစ်သက်ခြင်းဖြင့်သာလျှင် အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ် (ပဋိသန္ဓေ) ရှိသူ ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုခြင်းရှိသူ ထိုဗြဟ္မာ့ဘုံမှ ပြန်လှည့်ခြင်းသဘော မရှိသူ ဖြစ်၏။ ရဟန်းတို့ လေးသမားသည်လည်းကောင်း၊ လေးသမားတပည့်သည်လည်းကောင်း မြက်ဖြင့် (ပြုလုပ်သော) ယောကျာ်းရုပ်၌ဖြစ်စေ မြေပုံ၌ဖြစ်စေ လေ့ကျင့်မှုကို ပြု၍ ထိုသူသည် အခါတစ်ပါး၌ အဝေးပစ်နိုင်သူ တည့်တည့်ပစ်နိုင်သူ ကြီးကျယ်သော အထည်ကိုယ်ကို ဖောက်ခွဲနိုင်သူ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုစတုတ္ထဈာန်၌ (ပါဝင်သော) ရုပ် ဝေဒနာ။ပ။ ထိုဗြဟ္မာ့ဘုံမှ ပြန်လှည့်ခြင်း သဘော မရှိသူ ဖြစ်၏။ “ရဟန်းတို့ စတုတ္ထဈာန်ကို မှီ၍ အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော ဤစကားကို ဤအကြောင်းကို စွဲ၍ ဆိုခဲ့၏။ “ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော စကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးမှု၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူး မှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံး မသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ထိုအာကာသာနဉ္စာယတနဈာန်၌ (ပါဝင်ကုန်သော) ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အနိစ္စသဘောဖြင့် ဒုက္ခသဘောဖြင့် ရောဂါသဘောဖြင့် အိုင်းအမာသဘောဖြင့် ငြောင့် ‘တံကျင်’ သဘောဖြင့် ဆင်းရဲကြောင်းသဘောဖြင့် အနာသဘောဖြင့် ပြင်ပ ‘သူစိမ်း’ သဘောဖြင့် ပျက်စီးခြင်း သဘောဖြင့် ကင်းဆိတ်ခြင်း ‘သုည’ သဘောဖြင့် အနတ္တသဘောဖြင့် အဖန်ဖန် ရှု၏။ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၏၊ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၍ “ပြုပြင်မှု အားလုံး ငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းရာ ချုပ်ရာဖြစ်သော ဤနိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ ဤနိဗ္ဗာန်သည် မြတ်၏”ဟု အမြိုက်ဓာတ် (နိဗ္ဗာန်) သို့ စိတ်ကို ရှေးရှုဆောင်၏။ ထိုရဟန်းသည် ထိုအာကာသာနဉ္စာယတနဈာန်၌ တည်လျက် အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တ ဖိုလ်) သို့ ရောက်၏၊ အကယ်၍ အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ မရောက်ခဲ့မူ အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ် (ပဋိသန္ဓေ) ရှိသူ ထိုအာကာသာနဉ္စာ ယတနဘုံ၌ ပရိနိဗ္ဗာန်ပြုခြင်းရှိသူ ထိုအာကာသာနဉ္စာယတနဗြဟ္မာ့ဘုံမှ ပြန်လှည့်ခြင်း သဘောမရှိသူ ဖြစ်၏။ ရဟန်းတို့ လေးသမားသည်လည်းကောင်း၊ လေးသမားတပည့်သည်လည်းကောင်း မြက်ဖြင့် (ပြုလုပ်သော) ယောကျာ်းရုပ်၌ဖြစ်စေ မြေပုံ၌ဖြစ်စေ လေ့ကျင့်မှုကို ပြု၍ ထိုသူသည် အခါတစ်ပါး၌ အဝေးပစ်နိုင်သူ တည့်တည့်ပစ်နိုင်သူ ကြီးကျယ်သော အထည်ကိုယ်ကို ဖောက်ခွဲနိုင်သူ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးမှု၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူးမှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများလျက် အာကာသာနဉ္စာ ယတနဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုအာကာသာနဉ္စာယတနဈာန်၌ (ပါဝင်ကုန်သော) ဝေဒနာသညာ။ပ။ ထိုအာကာသာနဉ္စာယတနဗြဟ္မာ့ဘုံမှ ပြန်လှည့်ခြင်းသဘောမရှိသူ ဖြစ်၏။ “ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော စကားကို ဤအကြောင်းကို စွဲ၍ ဆိုခဲ့၏။ “ရဟန်းတို့ ဝိညာဏဉ္စာယတနဈာန်ကို မှီ၍လည်း။ပ။ အာကိဉ္စညာယတနဈာန်ကို မှီ၍လည်းအာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော ဤစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုအာကိဉ္စညာယတနဈာန်၌ (ပါဝင်ကုန်သော) ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အနိစ္စသဘောဖြင့် ဒုက္ခသဘောဖြင့် ရောဂါသဘောဖြင့် အိုင်းအမာသဘောဖြင့် ငြောင့် ‘တံကျင်’ သဘောဖြင့် ဆင်းရဲကြောင်းသဘောဖြင့် အနာသဘောဖြင့် ပြင်ပ’သူစိမ်း’သဘောဖြင့် ပျက်စီးခြင်း သဘော ဖြင့် ကင်းဆိတ်ခြင်း’သုည’သဘောဖြင့် အနတ္တသဘောဖြင့် အဖန်ဖန် ရှု၏။ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၏၊ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၍ “ပြုပြင်မှု အားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းရာ ချုပ်ရာဖြစ်သော ဤနိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ ဤနိဗ္ဗာန်သည် မြတ်၏”ဟု အမြိုက်ဓာတ် (နိဗ္ဗာန်) သို့ စိတ်ကို ရှေးရှုဆောင်၏။ ထိုရဟန်းသည် ထိုအာကိဉ္စညာယတနဈာန်၌ တည်လျက် အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ အကယ်၍ အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့ မရောက်ခဲ့ပါမူ ထိုတရား၌ စွဲမက်ခြင်း ထိုတရား၌ နှစ်သက်ခြင်းဖြင့်သာလျှင် အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ် (ပဋိသန္ဓေ) ရှိသူ ထိုဝိညာဏဉ္စာယတနဘုံ၌ ပရိနိဗ္ဗာန်ပြုခြင်းရှိသူဖြစ်၍ ထိုဝိညာဏဉ္စာယတနဗြဟ္မာ့ဘုံမှ တစ်ဖန် ပြန်လှည့်ခြင်းသဘော မရှိသူ ဖြစ်၏။ ရဟန်းတို့ လေးသမားသည်လည်းကောင်း၊ လေးသမားတပည့်သည်လည်းကောင်း မြက်ဖြင့် (ပြုလုပ်သော) ယောကျာ်းရုပ်၌ဖြစ်စေ မြေပုံ၌ဖြစ်စေ လေ့ကျင့်မှုကို ပြု၍ ထိုသူသည် အခါတစ်ပါး၌ အဝေးပစ်နိုင်သူ တည့်တည့်ပစ်နိုင်သူ ကြီးကျယ်သော အထည်ကိုယ်ကို ဖောက်ခွဲနိုင်သူ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုအာကိဉ္စညာ ယတနဈာန်၌ (ပါဝင်ကုန်သော) ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို အနိစ္စသဘောဖြင့် ဒုက္ခသဘောဖြင့် ရောဂါသဘောဖြင့် အိုင်းအမာသဘောဖြင့် ငြောင့် ‘တံကျင်’ သဘောဖြင့် ဆင်းရဲကြောင်းသဘောဖြင့် အနာ သဘောဖြင့် ပြင်ပ ‘သူစိမ်း’ သဘောဖြင့် ပျက်စီးခြင်းသဘောဖြင့် ကင်းဆိတ်ခြင်း ‘သုည’ သဘောဖြင့် အနတ္တသဘောဖြင့် အဖန်ဖန် ရှု၏။ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၏၊ ထိုရဟန်းသည် ထိုတရားတို့မှ စိတ်ကို နစ်စေ၍ “ပြုပြင်မှုအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းရာ ချုပ်ရာဖြစ်သော ဤနိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ ဤနိဗ္ဗာန်သည် မြတ်၏”ဟု အမြိုက်ဓာတ် (နိဗ္ဗာန်) သို့ စိတ်ကို ရှေးရှုဆောင်၏။ ထိုရဟန်းသည် ထိုအာကိဉ္စညာယတနဈာန်၌ တည်လျက် အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ အကယ်၍ အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့ မရောက်ခဲ့ပါမူ ထိုတရား၌ စွဲမက်ခြင်း ထိုတရား၌ နှစ်သက်ခြင်းဖြင့် သာလျှင် အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ် (ပဋိသန္ဓေ) ရှိသူ ထိုအာကိဉ္စညာ ယတနဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုခြင်းရှိသူ ထိုအာကိဉ္စညာယတနဗြဟ္မာ့ဘုံမှ ပြန်လှည့်ခြင်းသဘောမရှိသူ ဖြစ်၏။ “ရဟန်းတို့ အာကိဉ္စညာယတနဈာန်ကို မှီ၍လည်း အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ငါဆို၏”ဟူသော စကားကို ဤဆိုခဲ့ပြီးအကြောင်းကို စွဲ၍ ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင် သညာသမာပတ်ရှိသည်နှင့် အမျှ (အရဟတ္တဖိုလ်) ကို ထိုးထွင်း၍ သိမှု ဖြစ်၏။ ရဟန်းတို့ ဤအောက်ဈာန်တို့ကို မှီ၍ဖြစ်သော နေဝသညာနာသညာယတနသမာပတ်, သညာ ဝေဒယိတနိရောဓ (သမာပတ်) နှစ်မျိုးတို့ကိုကား သမာပတ်ဝင်စားခြင်း၌ ကျွမ်းကျင်ကုန်သော သမာပတ်မှ ထခြင်း၌ ကျွမ်းကျင်ကုန်သော ဈာန်ရပုဂ္ဂိုလ်တို့သည် ဝင်စား၍ ထ၍ (ငြိမ်သက်ကုန်၏၊ မြတ်ကုန်၏ဟု)့ကောင်းစွာ ပြောကြားချီးမွမ်းအပ်ကုန်၏ဟူ၍ ငါဆို၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။