အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၆-အာနန္ဒသုတ်

၃၇။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ရဟန်းတို့ကို ‘ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့ သည် အသျှင်အာနန္ဒာအား “ငါ့သျှင်”ဟု ပြန်ကြား လျှောက်ထားကြကုန်၏။ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏— ငါ့သျှင်တို့ အံ့ဖွယ်ရှိပေ၏၊ ငါ့သျှင်တို့ မဖြစ်ဖူးမြဲ ဖြစ်ပေ၏၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သတ္တဝါတို့၏ စင်ကြယ်ရန်အလို့ငှါ၊ စိုးရိမ်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်အလို့ငှါ၊ ဆင်းရဲခြင်း နှလုံးမသာယာခြင်းတို့ ချုပ်ပျောက်ရန်အလို့ငှါ၊ (မဂ်) ဉာဏ်ကို ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ကျဉ်းမြောင်းရာ (လူ့ဘောင်) ၌ (မဂ်ဖိုလ်) အခွင့်ရမှုကို လျော်စွာ သိတော်မူ၏။ ထိုစက္ခုပသာဒသည် မပျက်စီး၊ ရူပါရုံသည်လည်း ထင်လာ၏၊ ထိုသို့ ဖြစ်လျက်လည်း ထိုရူပါယတနကို မသိ။ ထိုသောတပသာဒသည် မပျက်စီး၊ သဒ္ဒါရုံသည်လည်း ထင်လာ၏၊ ထိုသို့ ဖြစ်လျက်လည်း ထိုသဒ္ဒါယတနကို မသိ။ ထိုဃာနပသာဒသည် မပျက်စီး၊ ဂန္ဓာရုံသည်လည်း ထင်လာ၏၊ ထိုသို့ ဖြစ်လျက်လည်း ထိုဂန္ဓာယတနကို မသိ။ ထိုဇိဝှါပသာဒသည် မပျက်စီး၊ ရသာရုံသည်လည်း ထင်လာ၏၊ ထိုသို့ ဖြစ်လျက်လည်း ထိုရသာယတနကို မသိ။ ထိုကာယပသာဒသည် မပျက်စီး၊ ဖောဋ္ဌဗ္ဗာရုံသည်လည်း ထင်လာ၏၊ ထိုသို့ ဖြစ်လျက်လည်း ထိုဖောဋ္ဌဗ္ဗာယတနကို မသိဟု (မိန့်ဆို၏)။

ဤသို့ မိန့်ဆိုလတ်သော် အသျှင်ဥဒါယီသည် အသျှင်အာနန္ဒာအား—“ငါ့သျှင် အာနန္ဒာ သညာ ရှိလျက်ပင် ထိုအာရုံကို မသိလေသလော၊ သို့မဟုတ် သညာမရှိ၍ မသိလေသလော”ဟု မေး၏။ ငါ့သျှင် သညာရှိလျက်ပင် ထိုအာရုံကို မသိ၊ သညာမရှိ၍ မသိသည် မဟုတ်ဟု (မိန့်ဆို၏)။

ငါ့သျှင် အဘယ်သညာဖြင့် သညာရှိလျက် ထိုအာရုံကို မသိသနည်းဟု (မေး၏)။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးမှု၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူးမှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အပိုင်းအခြားမရှိ”ဟု (ပွါးများလျက်) အာကာသာနဉ္စာ ယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသို့ သညာရှိလျက်ပင်လည်း ထိုအာရုံကို မသိ။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု (ပွါးများလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသို့ သညာရှိလျက်ပင်လည်း ထိုအာရုံကို မသိ။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံ တစ်ခုမျှ မရှိ”ဟု (ပွါးများလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသို့ သညာရှိလျက်ပင်လည်း ထိုအာရုံကို မသိ။

ငါ့သျှင် အခါတစ်ပါး၌ ငါသည် သာကေတမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ အဉ္ဇနတော၌ နေ၏။ ထိုအခါ ဇဋိလမြို့နေ ဘိက္ခုနီမသည် ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးနောက် တစ်ခုသောနေရာ၌ ရပ်တည်လျက် “အသျှင်ဘုရားအာနန္ဒာ အကြင်သမာဓိသည် (ရာဂသို့ လိုက်သောအားဖြင့်) မတိမ်းညွတ်၊ (ဒေါသသို့ လိုက်သောအားဖြင့်) မစွန့်ခွါ၊ ပြုပြင်မှုဖြင့် ဖိနှိပ်တားမြစ်၍ မတည်၊ (ကိလေသာမှ) လွတ်မြောက်သောကြောင့် တည်၏၊ တည်သောကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲသောကြောင့် မတောင့်တ၊ အသျှင်ဘုရားအာနန္ဒာ ဤသမာဓိကို အဘယ်အကျိုးရှိသည်ဟု မြတ်စွာဘုရားဟောတော်မူပါသနည်း”ဟု့ငါ့အား ဤစကားကို လျှောက်၏။ ငါ့သျှင် ဤသို့ ဆိုလတ်သော် ထိုငါသည် “နှမ အကြင်သမာဓိသည် မတိမ်းညွတ်၊ မစွန့်ခွါ၊ ပြုပြင်မှုဖြင့် ဖိနှိပ်တားမြစ်၍ မတည်။ လွတ်မြောက်သောကြောင့် တည်တံ့၏၊ တည်တံ့သောကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲသောကြောင့် မတောင့်တ။ ဤသမာဓိကို အရဟတ္တဖိုလ်အကျိုးရှိ၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏”ဟု ဇဋိလမြို့နေ ဘိက္ခုနီမအား ဤစကားကို မိန့်ဆိုခဲ့ဖူး၏။ ငါ့သျှင် ဤသို့ သညာ ရှိလျက်ပင်လည်း ထိုအာရုံကို မသိဟု (မိ်န့်ဆို၏)။

ဆဋ္ဌသုတ်။