အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၇-လောကာယတိကသုတ်

၃၈။ ထိုအခါ လောကာယတဝါဒရှိသူ ပုဏ္ဏားနှစ်ဦးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီး နောက် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဂေါတမ ပူရဏ ကဿပသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ “ငါသည် သွားနေစဉ်လည်းကောင်း၊ ရပ်နေစဉ် လည်းကောင်း၊ အိပ်နေစဉ်လည်းကောင်း၊ နိုးနေစဉ်လည်းကောင်း အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု တည်၏”ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏။ ထိုပူရဏကဿပသည် “အဆုံးမရှိသော ဉာဏ်ဖြင့် အဆုံးမရှိသော လောကကို ငါသည် သိလျက် မြင်လျက် နေ၏”ဟု ဤသို့ ဆို၏။ အသျှင်ဂေါတမ နာဋ၏သား ဤနိဂဏ္ဌသည်လည်း အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ “ငါသည် သွားနေစဉ် လည်းကောင်း၊ ရပ်နေစဉ်လည်းကောင်း၊ အိပ်နေစဉ်လည်းကောင်း၊ နိုးနေစဉ်လည်းကောင်း အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုတည်၏”ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏။ ထိုနိဂဏ္ဌသည် “အဆုံးမရှိသော ဉာဏ်ဖြင့် အဆုံးမရှိသော လောကကို ငါသည် သိလျက် မြင်လျက် နေ၏”ဟု ဤသို့ ဆို၏။ အသျှင် ဂေါတမ ဤဉာဏ်ဝါဒရှိသူ အချင်းချင်း ဆန့်ကျင်ဘက်ဝါဒရှိသူ နှစ်ဦးတို့တွင် အဘယ်သူသည် အမှန်ကို ဆိုပါသနည်း၊ အဘယ်သူသည် အမှားကို ဆိုပါသနည်းဟု (လျှောက်ကြကုန်၏)။

ပုဏ္ဏားတို့ ဆိုင်းကြဦးလော့၊ “ဤဉာဏ်ဝါဒရှိသူ အချင်းချင်း ဆန့်ကျင်ဘက်ဝါဒရှိသူ နှစ်ဦးတို့တွင် အဘယ်သူသည် အမှန်ကို ဆိုပါသနည်း၊ အဘယ်သူသည် အမှားကို ဆိုပါသနည်း”ဟူသော ဤစကားကို ရပ်ထားကြဦးလော့။ ပုဏ္ဏားတို့ သင်တို့အား တရားကိုသာ ဟောအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုပုဏ္ဏားတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ပုဏ္ဏားတို့ ဥပမာသော်ကား လွန်ကဲသော အဟုန် လွန်ကဲသော ခြေလှမ်းနှင့် ပြည့်စုံသော ယောကျာ်းလေးယောက်တို့သည် အရပ်လေးမျက်နှာတို့၌ ရပ်တည်ကုန်ရာ၏၊ ထိုယောကျာ်းတို့ကား (လေးအတတ်ကို) သင်ကြားပြီး၍ (လေးအတတ်၌) လက်ကျင့်ရပြီးသော မင်းအိမ်၌ လေးအတတ်ကို ပြပြီးသော မြဲမြံခိုင်ခံ့သော လေးရှိသော လေးသည်တော်သည် ခဲယဉ်းမှုမရှိ ပေါ့ပါးသော မြားဖြင့် ထန်းပင်ရိပ် ကို ဖီလာကန့်လန့် လွန်စေသည့် ကာလအပိုင်းအခြားနှင့်အမျှ တစ်ခုသော စကြာဝဠာကို ဖြတ်သန်း သွားနိုင်လောက်အောင် လျင်မြန်ခြင်းသဘောရှိသော အရှိန်အဟုန်နှင့် အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာကို လွန်စေနိုင်သော သဘောရှိသည့် ခြေလှမ်းနှင့် ပြည့်စုံကုန်၏။ ထိုအခါ အရှေ့ရပ်၌ ရပ်တည်သော ယောကျာ်းသည် “ငါသည် ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်ရမည်”ဟု ဤသို့ ဆိုရာ၏၊ ထိုသူသည် စားချိန် သောက်ချိန် ခဲချိန် လျက်ချိန်မှတစ်ပါး ကျင်ကြီး ကျင်ငယ် စွန့်မှု အိပ်မှု အပန်းဖြေမှုမှတစ်ပါး အနှစ်တစ်ရာ အသက်ရှိ၍ အနှစ်တစ်ရာ အသက်ရှင်လျက့်အနှစ်တစ်ရာပတ်လုံး သွားပြီးနောက် လောက၏ အဆုံးသို့ မရောက်ဘဲ အကြား၌ သေရာ၏။ ထို့နောက် အနောက် အရပ်၌။ပ။ ထို့နောက် မြောက်အရပ်၌။ ထို့နောက် တောင်အရပ်၌ ရပ်တည်သော ယောကျာ်းသည် “ငါသည် ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်ရမည်”ဟု ဤသို့ ဆိုရာ၏၊ ထိုသူသည် စားချိန် သောက်ချိန် ခဲချိန် လျက်ချိန်မှတစ်ပါး ကျင်ကြီးကျင်ငယ် စွန့်မှု အိပ်မှု အပန်းဖြေမှုမှတစ်ပါး အနှစ်တစ်ရာ အသက်ရှိ၍ အနှစ်တစ်ရာ အသက်ရှင်လျက် အနှစ်တစ်ရာပတ်လုံး သွားပြီးနောက် လောက၏အဆုံးသို့ မရောက်ဘဲ အကြား၌ သေရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ပုဏ္ဏားတို့ “ဤကဲ့သို့ ပြေးသွားခြင်းဖြင့် လောက၏ အဆုံးကို သိနိုင် မြင်နိုင် ရောက်နိုင်သည်”ဟု ငါမဆို။ ပုဏ္ဏားတို့ လောက၏ အဆုံးသို့ မရောက်ဘဲလျက်လျှင် ဆင်းရဲဒုက္ခ၏ အဆုံးကို ပြုနိုင် သည်ဟူ၍လည်း ငါမဆိုသောကြောင့်ပင်တည်း။

ပုဏ္ဏားတို့ ဤကာမဂုဏ်ငါးမျိုးတို့ကို အရိယာဝိနည်း ‘ဘုရားအဆုံးအမ’ ၌ “လောက”ဟု ဆိုအပ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ— အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကို ပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမဂုဏ်နှင့်စပ်ကုန် တပ်စွန်းဖွယ်ရှိကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံ။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကို ပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမဂုဏ်နှင့်စပ်ကုန် တပ်စွန်းဖွယ်ရှိကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။ ပုဏ္ဏားတို့ ဤကာမဂုဏ်ငါးမျိုးတို့ကို အရိယာဝိနည်း ‘ဘုရားအဆုံးအမ’၌ “လောက”ဟု ဆိုအပ်ကုန်၏။ ပုဏ္ဏားတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားတို့ ဤရဟန်းကို လောက၏ အဆုံးသို့ လာရောက်၍ လောက၏ အဆုံး၌ နေ၏ဟု ဆိုအပ်၏။ အခြားသူတို့သည် ထိုရဟန်းကို “ဤသူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည် လောကမှ မထွက်မြောက်သေး”ဟု ဆိုကုန်၏။ ပုဏ္ဏားတို့ ငါသည်လည်း (ထိုရဟန်းကို) “ဤသူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည်လည်း လောကမှ မထွက်မြောက်သေး”ဟု ဆို၏။ ပုဏ္ဏားတို့ နောက်တစ်မျိုးကား ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်း ကြောင့်။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားတို့ ဤရဟန်း ကို လောက၏ အဆုံးသို့ လာရောက်၍ လောက၏ အဆုံး၌ နေ၏ဟု ဆိုအပ်၏။ ထိုရဟန်းကို အခြားသူတို့သည် “ဤသူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည်လည်း လောကမှ မထွက်မြောက်သေး”ဟု ဆိုကုန်၏။ ပုဏ္ဏားတို့ ငါသည်လည်း (ထိုရဟန်းကို) “ဤသူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည်လည်း လောကမှ မထွက်မြောက်သေး”ဟု ဆို၏။ ပုဏ္ဏားတို့ နောက်တစ်မျိုးကား ရဟန်းသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝ လွန်မြောက်ခြင်းကြောင့် ထိပါးခြင်း၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူး မှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အပိုင်းအခြားမရှိ”ဟု (ပွါးများလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားတို့ ဤရဟန်းကို လောက၏ အဆုံးသို့ လာရောက်၍ လောက၏ အဆုံး၌ နေ၏ဟု ဆိုအပ်၏။ ထိုရဟန်းကို အခြားသူတို့သည် “ဤ သူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည်လည်း လောကမှ မထွက်မြောက်သေး”ဟု ဆိုကုန်၏။ ပုဏ္ဏားတို့ ငါသည်လည်း (ထိုရဟန်းကို) “ဤသူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည်လည်း လောကမှ မထွက်မြောက်သေး”ဟု ဆို၏။

ပုဏ္ဏားတို့ နောက်တစ်မျိုးကား ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု (ပွါးများလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ပ။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (ပွါးများလျက်) အာကိဉ္စညာ ယတနဈာန်သို့ ရောက်၍ နေ၏။ပ။ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် နေဝသညာ နာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားတို့ ဤရဟန်းကို လောက၏ အဆုံးသို့ လာရောက်၍ လောက၏ အဆုံး၌ နေ၏ဟု ဆိုအပ်၏။ ထိုရဟန်းကို အခြားသူတို့သည် “ဤသူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည်လည်း လောကမှ မထွက်မြောက်သေး”ဟု ဆိုကုန်၏။ ပုဏ္ဏားတို့ ငါသည်လည်း (ထိုရဟန်းကို) “ဤသူသည်လည်း လောက၌ အကျုံးဝင်၏၊ ဤသူသည်လည်း လောကမှ မထွက်မြောက် သေး”ဟု ဆို၏။ ပုဏ္ဏားတို့ နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက် လျက် သညာဝေဒနာတို့၏ချုပ်ရာ (နိရောဓသမာပတ်) သို့ ရောက်၍ နေ၏။ ထိုရဟန်းအား ပညာဖြင့် မြင်၍ အာသဝေါတရားတို့ ကုန်ခန်းကုန်၏၊ ပုဏ္ဏားတို့ ဤရဟန်းကို “လောက၏ အဆုံးသို့ လာရောက်၍ လောက၏ အဆုံး၌ နေ၏၊ လောက၌ ကပ်ငြိတွယ်တာမှုတဏှာကို ကူးမြောက်ပြီးဖြစ်၏”ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။