အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၈-ဒေဝါသုရသင်္ဂါမသုတ်

၃၉။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့်အသုရာတို့ စစ်ပွဲသည် ပြိုင်ဆိုင်ခဲ့ဖူး၏။ ရဟန်းတို့ ထိုစစ်ပွဲ၌ အသုရာတို့သည် အောင်မြင်ကုန်၏၊ နတ်တို့သည် ရှုံးကုန်၏။ ရဟန်းတို့ စစ်ရှုံးသော နတ်တို့သည် မြောက်အရပ်သို့သာ ရှေးရှုပြေးကုန်၏၊ အသုရာတို့သည် ဖိ၍ လိုက်ကုန်၏။ ရဟန်းတို့ ထိုအခါ နတ်တို့အား “အသုရာတို့သည် ဖိ၍သာ လိုက်ကုန်၏၊ ငါတို့သည် နှစ်ကြိမ်မြောက်စစ်ပွဲကို လည်း အသုရာတို့နှင့် စစ်ခင်းရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း နတ်တို့သည် အသုရာတို့နှင့် စစ်ထိုးကုန်၏။ ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း အသုရာတို့သာ အောင်မြင်ကုန်၏၊ နတ်တို့သည် ရှုံးကုန်၏။ စစ်ရှုံးသော နတ်တို့သည်လည်း မြောက်အရပ်သို့သာ ရှေးရှု ပြေးကြကုန်သည်သာတည်း၊ အသုရာတို့သည် ဖိ၍ လိုက်ကုန်၏။ ရဟန်းတို့ ထိုအခါ နတ်တို့အား “အသုရာတို့သည် ဖိ၍သာ လိုက်ကုန်၏၊ ငါတို့သည် သုံးကြိမ်မြောက်စစ်ပွဲကိုလည်း အသုရာတို့နှင့် စစ်ခင်းရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ရဟန်းတို့ သုံးကြိမ်မြောက်လည်း နတ်တို့သည် အသုရာတို့နှင့် စစ်ထိုးကုန်၏။ ရဟန်းတို့ သုံးကြိမ်မြောက်လည်း အသုရာတို့သာ အောင်မြင်ကုန်၏၊ နတ်တို့ သည် ရှုံးကုန်၏။ ရဟန်းတို့ စစ်ရှုံးသောနတ်တို့သည် ကြောက်ကုန်ရကား (တာဝတိံ သာ) နတ်ပြည် သို့သာ ဝင်ပြေးကုန်၏။ ရဟန်းတို့ နတ်ပြည်သို့ ပြန်ရောက်ကုန်သော နတ်တို့အား “ယခုအခါ ငါတို့ သည် ဘေးရန် လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေကုန်၏၊ အသုရာတို့သည် (မည်သို့မျှ) မပြုလုပ် နိုင်ကုန်”ဟု အကြံဖြစ်၏။ ရဟန်းတို့ အသုရာတို့အားလည်း “ယခုအခါ နတ်တို့သည် ဘေးရန် လုံခြုံရာ သို့ ရောက်သော ကိုယ်ဖြင့် နေကုန်၏၊ ငါတို့သည် (မည်သို့မျှ) မပြုလုပ်နိုင်ကုန်”ဟု ဤအကြံဖြစ်၏။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်အသုရာတို့ စစ်ပွဲသည် ပြိုင်ဆိုင်ခဲ့ဖူး၏။ ရဟန်းတို့ ထိုစစ်ပွဲ၌ နတ်တို့သည် အောင်မြင်ကုန်၏၊ အသုရာတို့သည် ရှုံးကုန်၏။ ရဟန်းတို့ စစ်ရှုံးသော အသုရာတို့သည် တောင်အရပ်သို့သာ ရှေးရှုပြေးကုန်၏၊ နတ်တို့သည် ဖိ၍ လိုက်ကုန်၏။ ရဟန်းတို့ ထိုအခါ အသုရာတို့အား “နတ်တို့သည် ဖိ၍သာ လိုက်ကုန်၏၊ ငါတို့သည် နှစ်ကြိမ်မြောက်စစ်ပွဲကိုလည်း နတ်တို့နှင့် စစ်ခင်းရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း အသုရာ့တို့သည် နတ်တို့နှင့် စစ်ထိုးကုန်၏။ ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း နတ်တို့သာ အောင်မြင်ကုန်၏၊ အသုရာတို့သည် ရှုံးကုန်၏။ စစ်ရှုံးသော အသုရာတို့သည်လည်း တောင်အရပ်သို့သာ ရှေးရှုပြေးကုန်၏၊ နတ်တို့သည် ဖိ၍ လိုက်ကုန်၏။ ရဟန်းတို့ ထိုအခါ အသုရာတို့အား “နတ်တို့သည် ဖိ၍သာ လိုက်ကုန်၏၊ ငါတို့သည် သုံးကြိမ်မြောက်လည်း စစ်ပွဲကို နတ်တို့နှင့် စစ်ခင်းရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။ ရဟန်းတို့ သုံးကြိမ်မြောက်လည်း အသုရာတို့သည် နတ်တို့နှင့် စစ်ထိုးကုန်၏။ ရဟန်းတို့ သုံးကြိမ်မြောက်လည်း နတ်တို့သာ အောင်မြင်ကုန်၏၊ အသုရာတို့သည် ရှုံးကုန်၏။ ရဟန်းတို့ စစ်ရှုံးသော အသုရာတို့သည် ကြောက်ကုန်ရကား အသုရာပြည်သို့သာ ဝင်ပြေးကုန်၏။ ရဟန်းတို့ အသုရာ ပြည်သို့ (ပြန်) ရောက်ကုန်သော အသုရာတို့အား “ယခုအခါ ငါတို့သည် ဘေးရန် လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေကုန်၏၊ နတ်တို့သည် (မည်သို့မျှ) မပြုလုပ်နိုင်ကုန်”ဟု အကြံဖြစ်၏။ ရဟန်းတို့ နတ်တို့အားလည်း “ယခုအခါ အသုရာတို့သည် ဘေးရန် လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေကုန်၏၊ ငါတို့သည် (မည်သို့မျှ) မပြုလုပ်နိုင်ကုန်”ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤအတူပင် အကြင်အခါ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ ရဟန်းအား “ယခုအခါ ငါသည် ဘေးရန် လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေ၏၊ မာရ်သည် (မည်သို့မျှ) မပြုလုပ်နိုင်”ဟု ဤသို့ အကြံဖြစ်၏။ ရဟန်းတို့ ယုတ်မာမှုရှိသော မာရ်အားလည်း “ယခု အခါ ရဟန်းသည် ဘေးရန်လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေ၏၊ ငါသည် (မည်သို့မျှ) မပြုလုပ်နိုင်”ဟု အကြံဖြစ်၏။ ရဟန်းတို့ အကြင်အခါ ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်း ကြောင့်။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ ရဟန်းအား “ယခုအခါ ငါသည် ဘေးရန်လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေ၏၊ မာရ်သည် (မည်သို့မျှ) မပြုလုပ်နိုင်”ဟု အကြံဖြစ်၏။ ရဟန်းတို့ ယုတ်မာမှုရှိသော မာရ်အားလည်း “ယခုအခါ ရဟန်းသည် ဘေးရန်လုံခြုံရာသို့ ရောက်သော ကိုယ်ဖြင့် နေ၏၊ ငါသည် (မည်သို့မျှ) မပြုလုပ်နိုင်”ဟု အကြံဖြစ်၏။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်း ကြောင့် ထိပါးခြင်း၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူးမှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (ပွါးများလျက်) အာကာသာနဉ္စာယတနဈာန်သို့ရောက်၍ နေ၏။ ရဟန်းတို့ ထိုအခါ ဤရဟန်းကို “မာရ်ကို အဆုံးပြု(စီရင်) သူ၊ မာရ်၏ မျက်စိကို အကြွင်းအကျန် မရှိအောင် ဖျက်ဆီး၍ ယုတ်မာမှုရှိသော မာရ်၏ မမြင် နိုင်ရာသို့ ရောက်သူ၊ လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ ကို ကူးမြောက်သူ”ဟု ဆိုအပ်၏။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု (ပွါးများလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (ပွါးများလျက်) အာကိဉ္စညာ ယတနဈာန်သို့ ရောက်၍ နေ၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် နေဝသညာ နာသညာယတနဈာန်သို့ ရောက်၍ နေ၏။ နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် သညာ ဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်) သို့ ရောက်၍ နေ၏။ ထိုအခါ၌ ထိုရဟန်းအား ပညာဖြင့် မြင်၍ အာသဝေါတရားတို့ ကုန်ခန်းကုန်၏။ ရဟန်းတို့ ဤရဟန်းကို “မာရ်ကို အဆုံးပြု(စီရင်) သူ၊ မာရ်၏ မျက်စိကို အကြွင်းအကျန်မရှိအောင် ဖျက်ဆီး၍ ယုတ်မာမှုရှိသော မာရ်၏ မမြင်နိုင်ရာသို့ ရောက်သူ၊ လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ ကို ကူးမြောက်သူ”ဟူ၍ ဆိုအပ်၏ဟု့(မိန့်တော်မူ၏)။

အဋ္ဌမသုတ်။