အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၄-နန္ဒကသုတ်

၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်နန္ဒကသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းချိန် (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ စည်းဝေးရာသို့ ချဉ်းကပ်တော်မူပြီးလျှင် (တရား) စကား ပြီးဆုံးခြင်းကို ဆိုင်းငံ့တော်မူလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် တရားစကားပြီးဆုံးခြင်းကို သိတော်မူ၍ ချောင်းဟန့်တော်မူလျက် တံခါးရွက်ကို ခေါက်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား တံခါးကို ဖွင့်ပေးကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် စည်းဝေးရာ ဇရပ်သို့ ဝင်တော်မူ၍ ခင်းထားသောနေရာ၌ ထိုင်နေတော်မူပြီးလျှင် အသျှင်နန္ဒကကို “နန္ဒက သင်၏ ရှည်လျားစွာသော ဤတရားဒေသနာသည် ရဟန်းတို့အား ထင်၏၊ စင်စစ် တရားစကားပြီးဆုံးခြင်းကို ဆိုင်းငံ့လျက် တံခါးမုခ်၌ ရပ်နေသော ငါ၏ ကျောက်ကုန်းသည် ညောင်းညာ၏”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူလတ်သော် အသျှင်နန္ဒကသည် ရှက်နိုးသော သဘောရှိသည်ဖြစ်၍ မြတ်စွာဘုရား ကို “အသျှင်ဘုရား ‘မြတ်စွာဘုရားသည် တံခါးမုခ်အပြင်ပ၌ ရပ်တော်မူသည်’ဟု အကျွန်ုပ်တို့ မသိပါကုန်၊ အသျှင်ဘုရား အကယ်၍ မြတ်စွာဘုရားသည် တံခါးမုခ်အပြင်ပ၌ ရပ်တော်မူသည်’ဟု အကျွန်ုပ်တို့ သိကြပါမူ ဤမျှလောက် တရားသည်လည်း အကျွန်ုပ်တို့အား မထင်စေရာပါ၊ (ဤမျှလောက် စကားရှည် ရှည် မဟောပါ)”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒက ရှက်နိုးသော သဘောရှိသည်ကို သိတော်မူ၍ အသျှင် နန္ဒကအား — “နန္ဒက ကောင်းပေစွ ကောင်းပေစွ၊ နန္ဒက သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌့ရဟန်းပြုကြသော သင်တို့အား တရားနှင့်စပ်သော စကားဖြင့် အညီအညွတ် ထိုင်နေကြခြင်းသည် သင့်လျော်၏။ နန္ဒက စုဝေးကြသူတို့သည် တရားနှင့်စပ်သော စကားကိုဖြစ်စေ အပြစ်မရှိသော ဆိတ်ဆိတ်နေခြင်းကိုဖြစ်စေ ကိစ္စ နှစ်ပါးကို ပြုရမည်။

နန္ဒက ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလကား မရှိ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် “ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည် လည်းကောင်း ဖြစ်ရပါမည်နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊ နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရား ရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် “ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူ သီလရှိသူ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကို ရသူဖြစ်ရပါမည် နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊ နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ နန္ဒက အခြေလေးချောင်းရှိသော သတ္တဝါသည် ရှိရာ၏၊ ထိုသတ္တဝါအား ခြေတစ်ချောင်းသည် ယုတ်လျော့၏၊ ချို့တဲ့၏၊ ဤသို့ဖြစ်သော် ထိုသတ္တဝါသည် ထိုအင်္ဂါနှင့် မပြည့်စုံသကဲ့သို့ နန္ဒက ဤအတူပင် ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလ ရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် “ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အတွင်း သန္တာန်၌ စိတ်တည်ကြည်မှုကို ရသူသည်လည်းကောင်း၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာ ဉာဏ်ကို ရသူသည်လည်းကောင်း ဖြစ်ရပါမည်နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊ နန္ဒက အကြင် အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုလည်း ရ၏။ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ကောင်းသော စကားရှိတော်မူသော မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးနောက် နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူ၏။

ထိုအခါ အသျှင်နန္ဒကသည် မြတ်စွာဘုရားဖဲသွား၍ မကြာမီ ရဟန်းတို့အား ဤစကားကို ဆို၏၊ ငါ့သျှင်တို့ ယခုအခါ မြတ်စွာဘုရားသည် “နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူ ဖြစ်၏၊ သီလကား မရှိ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် “ငါသည် အဘယ်သို့လျှင် သဒ္ဓါ တရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း ဖြစ်ရပါမည်နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေ ရမည်။ နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုကား မရ။ပ။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ နန္ဒက အခြေလေးချောင်းရှိသော သတ္တဝါသည် ရှိရာ၏၊ ထိုသတ္တဝါအား ခြေတစ်ချောင်းသည် ယုတ် လျော့၏၊ ချို့တဲ့၏၊ ဤသို့ဖြစ်သော် ထိုသတ္တဝါသည် ထိုအင်္ဂါနှင့် မပြည့်စုံသကဲ့သို့၊ နန္ဒက ဤအတူပင် ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှု ကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် “ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကို ရသူသည်လည်းကောင်း၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကို ရသူသည်လည်းကောင်း ဖြစ်ရပါမည်နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊ နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုလည်း ရ၏၊။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏”ဟု လေးပုဒ်တို့ဖြင့် အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၍ နေရာမှ ထလျက် ကျောင်းတော်သို့ ဝင်တော်မူ၏။

ငါ့သျှင်တို့ အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၏ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ — ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏၊ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတိုင်း၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတိုင်း မြတ်စွာဘုရားသည် ချစ်အပ်သည်လည်းကောင်း၊ မြတ်နိုးအပ်သည်လည်းကောင်း၊ အလေးပြုအပ်သည်လည်းကောင်း၊ နှလုံးကို ပွါးစေအပ်သည် လည်းကောင်း ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ ပဌမအာနိသင်တည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်းရှိသော အလယ်၏ ကောင်းခြင်းရှိသော အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏၊ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်းရှိသော။ပ။ တရားကိုဟောတိုင်း။ပ။ မြတ်သော အကျင့်ကို ပြတိုင်း ထိုရဟန်း သည် ထိုတရား၌ အနက်ကို ထိုးထွင်း၍လည်း သိ၏၊ ပါဠိကို ထိုးထွင်း၍လည်း သိ၏၊ ငါ့သျှင်တို့ ဤ သည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ ဒုတိယအာနိသင်တည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်းရှိသော အလယ်၏ ကောင်းခြင်းရှိသော အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏။ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း ရှိသော။ပ။ တရားကိုဟောတိုင်း။ပ။ မြတ်သော အကျင့်ကို ပြတိုင်း ထိုရဟန်းသည် ထိုတရား၌ နက်နဲသော အနက်စုကို ပညာဖြင့် ထိုးထွင်း၍ မြင်၏၊ ငါ့သျှင်တို့ ဤ သည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ တတိယအာနိသင်တည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်းရှိသော။ပ။ တရား ကို ဟော၏။ပ။ မြတ်သော အကျင့်ကို ပြ၏၊ ငါ့သျှင်တို့ ထိုရဟန်းသည် ရဟန်းတို့အား အစ၏ ကောင်းခြင်းရှိသော။ပ။ တရားကိုဟောတိုင်း။ပ။ မြတ်သော အကျင့်ကို ပြတိုင်း သီတင်းသုံးဖော်တို့သည် “ဤအသျှင်သည် မချွတ် (အရဟတ္တဖိုလ်သို့ ) ရောက်ပြီးသော်လည်းကောင်း၊ ရောက်လတ္တံ ့သော်လည်းကောင်း ( ဖြစ်၏)”ဟု ထို ရဟန်းကို ချီးမွမ်းကုန်၏။ ငါ့သျှင်တို့ ဤသည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ စတုတ္ထအာနိသင်တည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏။ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟောတိုင်း၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတိုင်း ထိုတရားပွဲ၌ သေက္ခဖြစ်ကုန်သော၊ အရဟတ္တဖိုလ်သို့ ရောက်ကုန်သော၊ အတုမရှိသော ယောဂကုန်ရာ (နိဗ္ဗာန်) ကို တောင့်တလျက် နေကုန်သော ရဟန်းတို့သည် ထိုတရားကို ကြားနာ၍ မရောက်သေးသော (မဂ်ဖိုလ်) တရားသို့ ရောက်ရန် မရသေးသော တရားကို ရရန် မျက်မှောက် မပြုရ သေးသော တရားတို့ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်ကုန်၏၊ ထိုတရားပွဲ၌ ရဟန္တာဖြစ်ကုန်သော အာသဝေါကုန်ပြီးကုန်သော မဂ်အကျင့်ကို ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော (ခန္ဓာ) ဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ကုန်သော ဘဝသံယောဇဉ်ကုန်ပြီးကုန်သော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးကုန်သော ရဟန်းတို့သည် ထိုတရားကို ကြားနာ၍ မျက်မှောက်၌ ချမ်းသာစွာ နေမှုကိုသာလျှင် အားထုတ်လျက် နေကုန်၏။ ငါ့သျှင်တို့ ဤသည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ ပဉ္စမအာနိသင်တည်း။

ငါ့သျှင်တို့ ဤသည်တို့ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ အာနိသင်ငါးမျိုးတို့တည်းဟု မိန့်ဆို၏။

စတုတ္ထသုတ်။