အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၉-နာဂသုတ်

၄ဝ။ ရဟန်းတို့ အကြင်အခါ၌ တောနေ ဆင်ပြောင်ကြီးသည် စားကျက်သို့ သွားစဉ် ဆင်ပေါက်တို့ သည်လည်းကောင်း၊ ဆင်မတို့သည်လည်းကောင်း၊ ဆင်ရွေတို့သည်လည်းကောင်း၊ နို့စို့ဆင်ငယ်တို့သည် လည်းကောင်း ရှေ့မှ ရှေ့မှ သွားကုန်၍ မြက်ညွန့်တို့ကို ချိုးကြကုန်၏။ ရဟန်းတို့ ထိုအခါ၌ တောနေ ဆင်ပြောင်ကြီးသည် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်၏။ ရဟန်းတို့ အကြင်အခါ၌ တောနေ ဆင်ပြောင်ကြီး သည် စားကျက်သို့ သွားစဉ် ချိုး၍ ချိုး၍ နှိမ့်ချထားသော သစ်ခက်ကျိုးတို့ကို ဆင်ပေါက်တို့သည် လည်းကောင်း၊ ဆင်မတို့သည်လည်းကောင်း၊ ဆင်ရွေတို့သည်လည်းကောင်း၊ နို့စို့ဆင်ငယ်တို့သည်လည်းကောင်း စားကြကုန်၏။ ရဟန်းတို့ ထိုအခါ၌ တောနေဆင်ပြောင်ကြီးသည် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်၏။ ရဟန်းတို့ အကြင်အခါ၌ တောနေဆင်ပြောင်ကြီးသည် ရေဆိပ်သို့ သက်ဆင်းသည်ဖြစ်စေ ရေဆိပ်မှ တက်သည်ဖြစ်စေ ဆင်ပေါက်တို့သည်လည်းကောင်း၊ ဆင်မတို့သည်လည်းကောင်း၊ ဆင်ရွေတို့သည်လည်းကောင်း၊ နို့စို့ဆင်ငယ်တို့သည်လည်းကောင်း ရှေ့မှ ရှေ့မှ သွားကုန်၍ နှာမောင်းဖြင့် ရေကို မွှေနှောက်ကြကုန်၏။ ရဟန်းတို့ ထိုအခါ၌ တောနေ ဆင်ပြောင်ကြီးသည် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်၏။ ရဟန်းတို့ အကြင်အခါ၌ တောနေ ဆင်ပြောင်ကြီးသည် ရေဆိပ်သို့ သက်ဆင်းသော်လည်းကောင်း၊ ရေဆိပ်မှ တက်သော်လည်းကောင်း၊ ဆင်မတို့သည် (ထိုဆင်ပြောင်ကြီး၏) ကိုယ်ကို တိုးဝှေ့လျက် သွားကုန်၏။ ရဟန်းတို့ ထိုအခါ၌ တောနေဆင်ပြောင်ကြီးသည် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်၏။ ရဟန်းတို့ ထိုအခါ တောနေဆင်ပြောင်ကြီးအား—“ငါသည် ယခုအခါ ဆင်ပေါက်တို့နှင့်လည်းကောင်း၊ ဆင်မတို့နှင့်လည်းကောင်း၊ ဆင်ရွေတို့နှင့်လည်းကောင်း၊ နို့စို့ဆင်ငယ်တို့နှင့်လည်းကောင်း ရောပြွမ်းသည် ဖြစ်၍ နေရ၏၊ အညွန့်ပြတ်သော မြက်တို့ကိုလည်း စားရ၏၊ ငါ ချိုး၍ချိုး၍ နှိမ့်ချထားသော သစ်ခက်ကျိုးတို့ကိုလည်း (အခြားဆင်တို့က) စားကုန်၏၊ (ငါသည်) ရေနောက်တို့ကိုလည်း သောက်ရ၏၊ ရေဆိပ်သို့ သက်ဆင်းသော်လည်းကောင်း၊ ရေဆိပ်မှ တက်သော်လည်းကောင်း ဆင်မတို့သည် ငါ၏ ကိုယ်ကို တိုးဝှေ့လျက် သွားကုန်၏။ ငါသည် တစ်ကောင်တည်းသာလျှင် ဆင်အပေါင်းမှ ဖဲခွါလျက် နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုဆင်ပြောင်ကြီးသည် အခါတစ်ပါး၌ ဆင်အပေါင်းမှ ဖဲခွါလျက် တစ်ကောင်တည်း နေ၏၊ အညွန့်မပြတ်သော မြက်တို့ကိုလည်း စားရ၏၊ ချိုး၍ ချိုး၍ နှိမ့်ချထားသော သစ်ခက်ကျိုးကိုလည်း (အခြားဆင်တို့) မစားကြကုန်၊ မနောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏၊ ရေဆိပ်သို့ သက်ဆင်းသော်လည်းကောင်း၊ ရေဆိပ်မှ တက်သော်လည်းကောင်း ဆင်မတို့သည် ထို ဆင်ပြောင်ကြီး၏ ကိုယ်ကို တိုးဝှေ့လျက် မသွားကုန်။

ရဟန်းတို့ ထိုအခါ တောနေ ဆင်ပြောင်ကြီးအား ဤသို့သော အကြံဖြစ်၏—“ငါသည် ရှေးအခါက ဆင်ပေါက်တို့နှင့်လည်းကောင်း၊ ဆင်မတို့နှင့်လည်းကောင်း၊ ဆင်ရွေတို့နှင့်လည်းကောင်း၊ နို့စို့ဆင်ငယ်တို့နှင့်လည်းကောင်း ရောပြွမ်းသည်ဖြစ်၍ နေခဲ့ရပြီ၊ အညွန့်ပြတ်သော မြက်တို့ကိုသာ စားခဲ့ရပြီ၊ ငါ ချိုး၍ ချိုး၍ နှိမ့်ချထားသော သစ်ခက်ကျိုးကိုလည်း (အခြားဆင်တို့) စားကြကုန်၏၊ (ငါသည်) နောက်ကျုသော ရေတို့ကိုလည်း သောက်ခဲ့ရပြီ၊ ရေဆိပ်သို့ သက်ဆင်းသော်လည်းကောင်း၊ ရေဆိပ်မှ တက်သော်လည်းကောင်း ဆင်မတို့သည် ငါ၏ ကိုယ်ကို တိုးဝှေ့လျက် သွားကြကုန်ပြီ၊ ထိုငါသည် ယခုအခါ၌ ဆင်အပေါင်းမှ ဖဲခွါလျက် အဖော်မပါ တစ်ကောင်တည်းသာလျှင် နေရပေ၏။ အညွန့်မပြတ်သော မြက်တို့ကိုလည်း စားရ၏၊ ငါ ချိုး၍ ချိုး၍ နှိမ့်ချထားသော သစ်ခက်ကျိုးကိုလည်း(အခြားဆင်တို့) မစားကြကုန်၊ မနောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏၊ ရေဆိပ်သို့ သက်ဆင်းသော်လည်းကောင်း၊ ရေဆိပ်မှ တက်သော်လည်းကောင်း ငါ၏ ကိုယ်ကို ဆင်မတို့သည် တိုးဝှေ့လျက် မသွားကြကုန်”ဟု (အကြံဖြစ်၏)။ ထိုဆင်ပြောင်ကြီးသည် နှာမောင်းဖြင့် သစ်ခက်ကို ချိုး၍ သစ်ခက်ဖြင့် ကိုယ်ကို သုံးသပ်လျက် ဝမ်းမြောက်လေရကား နှာမောင်းကို မြှောက်ချီ၏။ ရဟန်းတို့ ဤအတူပင် အကြင်အခါ၌ ရဟန်းသည် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ မင်း မင်း အမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရ၏။ ရဟန်းတို့ ထိုအခါ ရဟန်းအား “ငါသည်ကား ယခုအခါ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရ၏။ ငါသည် လူအပေါင်းမှ ဖဲခွါလျက် တစ်ယောက်တည်းနေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုရဟန်းသည် တော သစ်ပင်ရင်း တောင် ချောက် တောင်ခေါင်း သင်းချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ ထိုရဟန်းသည် တောသို့ ကပ်သည်ဖြစ်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်သည်ဖြစ်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သည်ဖြစ်၍သော်လည်းကောင်း ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကိုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက်မောမှု ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မောမှု ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောမှု ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏၊ ပျက်စီးစေလိုသော ဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်း ရောင်ကို မှတ်သားမှုရှိသည် ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’မှ စိတ်ကို စင်ကြယ်စေ၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’မှ စိတ်ကို စင်ကြယ်စေ၏၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ကို ပယ်၍ ယုံမှားမှုဝိစိကိစ္ဆာကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’မှ စိတ်ကို စင်ကြယ်စေ၏။ ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်း ပညာကို အားနည်းအောင် ပြုကြောင်းဖြစ်ကုန်သော ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးမျိုးတို့ကို ပယ်ကာ ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဝမ်းမြောက်လေရကား နှာမောင်းတည်းဟူသော စိတ်ကို ကောင်းစွာ မြှောက်ချီ၏၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဝမ်းမြောက်လေရကား နှာမောင်းတည်းဟူသော စိတ်ကို ကောင်းစွာ မြှောက်ချီ၏။ ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးခြင်း၌ မှတ်သားမှု ‘ပဋိဃ သညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူးမှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်း ကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (ပွားများလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဝမ်းမြောက်လေရကား နှာမောင်းတည်းဟူသော စိတ်ကို ကောင်းစွာ မြှောက်ချီ၏။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု (ပွါးများ လျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (ပွါးများလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာကိဉ္စညာ့ယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ နေဝသညာ နာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်) သို့ ရောက်၍ နေ၏။ ထိုရဟန်းအား ပညာဖြင့် ကောင်းစွာ မြင်၏၊ အာသဝေါတရားတို့ ကုန်ခန်းကုန်၏။ ထိုရဟန်း သည် ဝမ်းမြောက်လေရကား နှာမောင်းတည်းဟူသော စိတ်ကို ကောင်းစွာ မြှောက်ချီ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။