အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၁ဝ-တပုဿသုတ်

၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း ဥရုဝေလကပ္ပမည်သော မလ္လမင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်ကာ ဥရုဝေလကပ္ပနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊ ဥရုဝေလကပ္ပနိဂုံး၌ ဆွမ်းခံ လှည့်လည်ပြီးနောက် ဆွမ်းစားပြီး၍ ဆွမ်းခံရာမှ ဖဲခွါပြီးသော် အသျှင်အာနန္ဒာအား “အာနန္ဒာ ငါသည် နေ့သန့်စင်ရန်အလို့ငှါ တောအုပ်သို့ ဝင်နေသမျှ ဤနေရာ၌ပင် နေဦးလော့”ဟု မိန့်တော်မူ၏။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် တောအုပ်အတွင်းသို့ သက်ဝင်တော်မူကာ သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင် ထိုင်နေတော်မူ၏။ ထိုအခါ တပုဿသူကြွယ်သည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏—အသျှင်ဘုရားအာနန္ဒာ အကျွန်ုပ်တို့ကား ကာမဂုဏ် ခံစားသူ ကာမဂုဏ်၌ မွေ့လျော်သူ ကာမဂုဏ်၌ နှစ်ခြိုက်သူ ကာမဂုဏ်၌ ပျော်ပိုက်သူ လူတို့ ဖြစ်ကြပါကုန်၏၊ ကာမဂုဏ်ခံစားသူ ကာမဂုဏ်၌ မွေ့လျော်သူ ကာမဂုဏ်၌ နှစ်ခြိုက်သူ ကာမဂုဏ်၌ ပျော်ပိုက်သူ လူဖြစ်ကုန်သော ထိုအကျွန်ုပ်တို့အား (ကာမဂုဏ်မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ သည် ကမ်းပါးစောက်ကဲ့သို့ ထင်ပါ၏။ အသျှင်ဘုရား “ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုကုန်သော ငယ်ကုန် ငယ်ကုန်သော ရဟန်းတို့၏ စိတ်သည် ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ် သက်ဝင်၏”ဟု ကြားဖူးပါ၏။ အသျှင်ဘုရား ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ရဟန်းတို့၏ ထိုထွက်မြောက်မှု ‘နေက္ခမ္မ’ သည် လူအများနှင့်မတူ (ထူးခြားပါ၏)ဟု (လျှောက်၏)။

သူကြွယ် မြတ်စွာဘုရားကို ဖူးမြင်ရန် ဤစကားလက်ဆောင်ရှိပေပြီ၊ သူကြွယ် လာ,သွားကြစို့၊ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်အံ့၊ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားအား ဤအကြောင်း အရာကို လျှောက်ကြကုန်အံ့၊ မြတ်စွာဘုရား ဖြေကြားတော်မူတိုင်း လိုက်နာကြကုန်အံ့ဟု (ဆို၏)။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု တပုဿသူကြွယ်သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။ ထို့နောက် အသျှင်အာနန္ဒာသည် တပုဿသူကြွယ်နှင့်အတူ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား ဤတပုဿသူကြွယ်သည် “အသျှင်ဘုရား အာနန္ဒာ အကျွန်ုပ်တို့သည် ကာမဂုဏ်ခံစားသူ ကာမဂုဏ်၌ မွေ့လျော်သူ ကာမဂုဏ်၌ နှစ်ခြိုက်သူ ကာမဂုဏ်၌ ပျော်ပိုက်သူ လူတို့ဖြစ်ကြပါကုန်၏၊ ကာမဂုဏ်ခံစားသူ ကာမဂုဏ်၌ မွေ့လျော်သူ ကာမဂုဏ်၌ နှစ်ခြိုက်သူ ကာမဂုဏ်၌ ပျော်ပိုက်သူ လူဖြစ်ကြကုန်သော ထိုအကျွန်ုပ်တို့အား (ကာမဂုဏ်မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ သည် ကမ်းပါးစောက်ကဲ့သို့ ထင်ပါ၏။ အသျှင်ဘုရား ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုကုန်သော ငယ်ကုန် ငယ်ကုန်သော ရဟန်းတို့၏ စိတ်သည် ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌့ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်း စွာတည်၏၊ လွတ်လွတ်သက်ဝင်၏”ဟု ကြားဖူးပါ၏။ အသျှင်ဘုရား ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ရဟန်းတို့၏ ထိုထွက်မြောက်မှု ‘နေက္ခမ္မ’သည် လူအများနှင့်မတူ (ထူးခြားပါ၏)ဟု ဤသို့ ဆိုပါ၏ဟူ၍ (လျှောက်၏)။

အာနန္ဒာ ထိုစကားသည် ဤသို့ဆိုတိုင်း မှန်ပေ၏၊ အာနန္ဒာ ထိုစကားသည် ဤသို့ဆိုတိုင်း မှန်ပေ၏၊ အာနန္ဒာ သစ္စာလေးပါးကို မသိရသေးမီ ဘုရားလောင်းသာဖြစ်သော ငါ့အားလည်း “ထွက်မြောက်မှု ‘နေက္ခမ္မ’ သည် ကောင်း၏၊ ဆိတ်ငြိမ်မှုသည် ကောင်း၏”ဟု ဤအကြံသည် ဖြစ်ဖူး၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏ဟု ရှုသော ငါ၏ စိတ်သည် ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ မသက်ဝင် မကြည်လင် ကောင်းစွာ မတည် (နီဝရဏတို့မှ) မကျွတ်လွတ်နိုင်ခြင်း၏ အကြောင်းကား အဘယ်နည်း အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံဖြစ်ဖူး၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ကာမဂုဏ်တို့၌ အပြစ်ကို မမြင်၊ ထိုအပြစ်ကိုလည်း မလေ့လာ၊ ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌လည်း အကျိုးကို မသိ၊ ငါသည် ထိုအကျိုးကိုလည်း မမှီဝဲစဖူး၊ ထို့ကြောင့် “ထိုတရား သည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ မပြေးဝင် မကြည်လင် ကောင်းစွာ မတည် လွတ်လွတ်မသက်ဝင်”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် ကာမဂုဏ်တို့၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲရမူ ထို “တရားသည် ငြိမ်သက်၏”ဟု ရှုသော ငါ၏ စိတ်သည် ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာ တည်ရာ လွတ်လွတ် သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်ခဲ့ဖူး၏။ အာနန္ဒာ ထိုငါသည် အခါတစ်ပါး၌ ကာမဂုဏ်တို့၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ အကျိုးကို ရှု၍ ထိုအကျိုးကိုလည်း မှီဝဲ၏။ အာနန္ဒာ ထို “တရားသည် ငြိမ်သက်၏”ဟု ရှုသော ငါ၏ စိတ်သည် ထွက်မြောက်မှု ‘နေက္ခမ္မ’ ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤပဌမဈာန် ဝင်စား နေခြင်းဖြင့် နေသော ထိုငါ့အား ကာမနှင့်တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ငါ့အား နာကျင်မှု ဖြစ်၏၊ အာနန္ဒာ ချမ်းသာနေသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုငါ့အား ကာမနှင့်တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဖြစ်ပေါ်လာခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု အကြံသည် ဖြစ်၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် ကြံစည်မှု ‘ဝိတက်’ မရှိရာ (ဒုတိယဈာန်) ၌ မသက်ဝင် မကြည်လင် ကောင်းစွာ မတည် (နီဝရဏတို့မှ) မကျွတ်လွတ်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏ဟု ရှုသော ငါ၏ စိတ်သည် ကြံစည်မှု ‘ဝိတက်’ မရှိရာ (ဒုတိယဈာန်) ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ် မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံဖြစ်ဖူး၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ကြံစည်မှု ‘ဝိတက်’တို့၌ အပြစ်ကို မရှု၊ ငါသည် ထိုအပြစ်ရှုခြင်းကိုလည်း မလေ့လာ၊ ကြံစည်မှု ‘ဝိတက်’ မရှိရာ (ဒုတိယဈာန်) ၌လည်း အကျိုးကို့မသိ၊ ငါသည် ထိုအကျိုးကိုလည်း မမှီဝဲရ။ ထို့ကြောင့် ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် ကြံစည်မှု ‘ဝိတက်’မရှိရာ (ဒုတိယဈာန်) ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ် မသက်ဝင်”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား အကယ်၍ ငါသည် ကြံစည်မှု ‘ဝိတက်’တို့၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ ကြံစည်မှု ‘ဝိတက်’ မရှိရာ (ဒုတိယဈာန်)၌ အကျိုးကို သိ၍ ထိုအကျိုးကို မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် ကြံစည်မှု ‘ဝိတက်’မရှိရာ (ဒုတိယဈာန်) ၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာတည်ရာ လွတ်လွတ်သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် အခါတစ်ပါး၌ ကြံစည်မှု ‘ဝိတက်’တို့၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ ကြံစည်မှု ‘ဝိတက်’ မရှိရာ (ဒုတိယဈာန်) ၌ အကျိုးကို သိ၍ ထိုအကျိုးကို မှီဝဲ၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် ကြံစည်မှု ‘ဝိတက်’မရှိရာ (ဒုတိယဈာန်) ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယ ဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤ (ဒုတိယဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုငါ့အား ကြံစည်မှု ‘ဝိတက်’ နှင့် တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ငါ့အား နာကျင်မှု ဖြစ်၏၊ အာနန္ဒာ ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာ သကဲ့သို့၊ ဤအတူပင် ထိုငါ့အား ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဖြစ်ပေါ်လာခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် နှစ်သိမ့်မှု ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေရပါမူ သတိ,သမ္ပဇဉ်ရှိသည်ဖြစ်၍ ချမ်းသာမှု ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစားရပါမူ အကြင်တတိယဈာန် ကြောင့် ထိုသူကို ‘လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ’ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ ထိုတတိယ ဈာန်သို့ ရောက်၍ နေရပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏၊ အာနန္ဒာ ထိုငါ၏ စိတ်သည် “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုမြင်ကာ နှစ်သိမ့်မှု ‘ပီတိ’ မရှိရာ (တတိယဈာန်) ၌ မပြေးဝင် မကြည်လင် ကောင်းစွာ မတည် လွတ်လွတ် မသက်ဝင်။ အာနန္ဒာ ထိုငါ့အား ထိုတရားသည် ငြိမ်သက်၏ဟု ရှုသော ငါ၏ စိတ်သည် နှစ်သိမ့်မှု ‘ပီတိ’ မရှိရာ (တတိယဈာန်) ၌ မပြေးဝင် မကြည်လင် ကောင်းစွာ မတည် လွတ်လွတ်မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံဖြစ်ဖူး၏။ အာနန္ဒာ ထိုငါ့အား “ငါသည် နှစ်သိမ့်မှု ‘ပီတိ’ ၌ အပြစ်ကို မမြင်၊ ထိုအပြစ်ကိုလည်း ငါသည် မလေ့လာ၊ နှစ်သိမ့်မှု ‘ပီတိ’ မရှိရာ (တတိယဈာန်) ၌လည်း အကျိုးကို မသိ၊ ငါသည် ထိုအကျိုးကိုလည်း မမှီဝဲရ၊ ထို့ကြောင့် “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ငါ၏ စိတ်သည် နှစ်သိမ့်မှု ‘ပီတိ’ မရှိရာ တတိယဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် နှစ်သိမ့်မှု ‘ပီတိ’ ၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ နှစ်သိမ့်မှု ‘ပီတိ’ မရှိရာ (တတိယဈာန်)၌ အကျိုးကို သိ၍ ထိုအကျိုးကို မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် နှစ်သိမ့်မှု ‘ပီတိ’ မရှိရာ (တတိယဈာန်)၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာတည်ရာ လွတ်လွတ်သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် တစ်ပါးသော အခါ၌ နှစ်သိမ့်မှု ‘ပီတိ’ ၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ နှစ်သိမ့်မှု ‘ပီတိ’ မရှိရာ (တတိယဈာန်) ၌ အကျိုးကို သိ၍ ထိုအကျိုးကို မှီဝဲ၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် နှစ်သိမ့်မှု ‘ပီတိ’မရှိရာ (တတိယဈာန်) ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည့်နှစ်သိမ့်မှု ‘ပီတိ’ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤ (တတိယဈာန်ဝင်စား) နေခြင်း ဖြင့် နေသော ထိုငါ့အား နှစ်သိမ့်မှု ‘ပီတိ’နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ် လာကုန်၏၊ ထိုဖြစ်ပေါ်လာခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏၊ အာနန္ဒာ ချမ်းသာသူအား ဆင်းရဲခြင်း သည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာသကဲ့သို့ ဤအတူပင် ထိုငါ့အား နှစ်သိမ့်မှု ‘ပီတိ’ နှင့် တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဖြစ်ပေါ်လာခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲမှု ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင် ဝမ်းမြောက်မှု ‘သောမနဿ’ နှလုံးမသာယာမှု ‘ဒေါမနဿ’တို့၏ ချုပ်နှင့်ခြင်း ကြောင့် ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် ချမ်းသာမဟုတ် ဆင်းရဲမဟုတ်ရာ (စတုတ္ထဈာန်) ၌ မပြေးဝင် မကြည်လင် ကောင်းစွာ မတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ငါ၏ စိတ်သည် ချမ်းသာမဟုတ် ဆင်းရဲမဟုတ်ရာ (စတုတ္ထဈာန်) ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ် မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက် အပံ့ကား အဘယ်နည်း”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် တတြမဇ္ဈတ္တုပေက္ခာနှင့် သုခ၌ အပြစ်ကို မမြင်၊ ငါသည် ထိုအပြစ်ကိုလည်း မလေ့လာ၊ ငါသည် ချမ်းသာမဟုတ် ဆင်းရဲမဟုတ်ရာ (စတုတ္ထဈာန်) ၌လည်း အကျိုးကို မသိ၊ ငါသည် ထိုအကျိုးကိုလည်း မမှီဝဲရ၊ ထို့ကြောင့် ‘ထိုတရားသည် ငြိမ်သက်၏ဟု ရှုသော ငါ၏ စိတ်သည် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ရာ (စတုတ္ထဈာန်) ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် တတြမဇ္ဈတ္တုပေက္ခာနှင့် သုခ၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ရာ (စတုတ္ထဈာန်) ၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် ချမ်းသာမဟုတ် ဆင်းရဲမဟုတ်ရာ (စတုတ္ထဈာန်) ၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာတည်ရာ လွတ်လွတ်သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် တစ်ပါးသောအခါ၌ တတြမဇ္ဈတ္တုပေက္ခာနှင့် သုခ၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ ဆင်းရဲ မဟုတ် ချမ်းသာမဟုတ်ရာ (စတုတ္ထဈာန်) ၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲ၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ရာ (စတုတ္ထဈာန်) ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည် ချမ်းသာမှု ‘သုခ’ ကိုလည်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤ (စတုတ္ထဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုငါ့အား လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏၊ အာနန္ဒာ ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုငါ့အား လျစ်လျူရှုမှု ‘ဥပေက္ခာ’နှင့် တကွ ဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဖြစ်ပေါ်လာခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးခြင်း၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူးမှတ်သားမှု ‘နာနာတ္တ သညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (ပွါးများလျက်) အာကာသာ နဉ္စာယတနဈာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ အာနန္ဒာ “ထိုတရားသည့်ငြိမ်သက်၏”ဟု ရှုသောထိုငါ၏ စိတ်သည် အာကာသာနဉ္စာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏ဟု ရှုသော ငါ၏ စိတ်သည် အာကာသာနဉ္စာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ် မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံသည် ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ရုပ်တို့၌ အပြစ်ကို မရှု၊ ထိုအပြစ်ကိုလည်း မလေ့လာ၊ ငါသည် အာကာသာနဉ္စာယတနဈာန်၌လည်း အကျိုးကို မသိ၊ ငါသည် ထိုအကျိုးကိုလည်း မမှီဝဲ၊ ထို့ကြောင့် ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ထိုငါ၏ စိတ်သည် အာကာသာနဉ္စာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် ရုပ်တို့၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ အာကာသာနဉ္စာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် အာကာသာ နဉ္စာယတနဈာန်၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာတည်ရာ လွတ်လွတ်သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် တစ်ပါးသောအခါ၌ဝယ် ရုပ်တို့၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ အာကာသာနဉ္စာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲ၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် အာကာသာနဉ္စာယတနဈာန်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ် သက်ဝင်၏။ အာနန္ဒာ ထိုငါသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးခြင်း၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူးမှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင် သည် အဆုံးမရှိ”ဟု (ပွါးများလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤ (အာကာသာနဉ္စာယတနဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုငါ့အား ရုပ်နှင့် တကွဖြစ်ကုန်သော မှတ်သား မှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်လာကုန်၏။ ထိုဖြစ်ပေါ်လာခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာသကဲ့သို့ ဤအတူပင် ထိုငါ့အား ရုပ်နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့ ဖြစ်ပေါ်လာကုန်၏၊ ထိုသို့ ဖြစ်ပေါ် လာခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘ဝိညာဏ်သည် အပိုင်းအခြားမရှိ’ဟု (ပွါးများ၍) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် ဝိညာဏဉ္စာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏ဟု ရှုသော ငါ၏ စိတ်သည် ဝိညာဏဉ္စာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား”ငါသည် အာကာသာနဉ္စာယတနဈာန်၌ အပြစ်ကို မရှု၊ ထိုအပြစ်ကိုလည်း မလေ့လာ၊ ဝိညာဏဉ္စာယတနဈာန်၌ အကျိုးကို မသိ၊ ထိုအကျိုးကိုလည်း မမှီဝဲ၊ ထို့ကြောင့် ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် ဝိညာဏဉ္စာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် အာကာသာနဉ္စာယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ ဝိညာဏဉ္စာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသောငါ၏ စိတ်သည် ဝိညာဏဉ္စာယတနဈာန်၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာ တည်ရာ လွတ်လွတ် သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် တစ်ပါးသောအခါ၌ အာကာသာနဉ္စာ ယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ ဝိညာဏဉ္စာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲ၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် ဝိညာဏဉ္စာယတနဈာန်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု (ပွါးများလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤ (ဝိညာဏဉ္စာယတနဈာန် ဝင်စား) နေခြင်းဖြင့် နေသော ထိုငါ့အား အာကာသာနဉ္စာယတနသညာနှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ချမ်းသာခြင်းရှိသူအား ဆင်းရဲခြင်းသည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာသကဲ့သို့ ဤအတူပင် ထိုငါ့အား အာကာသာနဉ္စာယတနသညာနှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘တစ်စုံတစ်ခုမျှ မရှိ’ဟု (ပွါးများလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် အာကိဉ္စညာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ငါ၏ စိတ်သည် အာကိဉ္စညာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံ ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် ဝိညာဏဉ္စာယတနဈာန်၌ အပြစ်ကို မရှု၊ ထိုအပြစ်ကိုလည်း မလေ့လာ၊ အာကိဉ္စညာယတနဈာန်၌ အကျိုးကို မသိ၊ ထိုအကျိုးကိုလည်း မမှီဝဲ။ ထို့ကြောင့် ‘ထိုတရား သည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် အာကိဉ္စညာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် ဝိညာဏဉ္စာယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကို လေ့လာရမူ အာကိဉ္စညာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကို မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် ဝိညာဏဉ္စာယတနဈာန်၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာ တည်ရာ လွတ်လွတ်သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် တစ်ပါးသောအခါဝယ် ဝိညာဏဉ္စာယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကို လည်း လေ့လာ၏၊ အာကိဉ္စညာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲ၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် အာကိဉ္စညာယတနဈာန်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘တစ်စုံတစ်ခုမျှ မရှိ’ဟု (ပွါးများလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤ (အာကိဉ္စညာယတနဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုငါ့အား ဝိညာဏဉ္စာယတနဈာန်နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုသို့ ဖြစ်ပေါ်ခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန်အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုငါ့အား ဝိညာဏဉ္စာယတနဈာန်နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည့်နေဝသညာနာသညာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာ မတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ငါ၏ စိတ်သည် နေဝသညာနာသညာ ယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံသည် ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် အာကိဉ္စညာယတနဈာန်၌ အပြစ်ကို မရှု၊ ထိုအပြစ်ကိုလည်း မလေ့လာ၊ နေဝသညာနာသညာယတနဈာန်၌ အကျိုးကို မသိ၊ ထိုအကျိုးကိုလည်း ငါသည် မမှီဝဲ။ ထို့ကြောင့် ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် နေဝသညာနာသညာယတနဈာန်၌ မပြေးဝင် မကြည်လင် ကောင်းစွာ မတည် လွတ်လွတ် မသက်ဝင်ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် အာကိဉ္စညာယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ နေဝသညာနာသညာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် နေဝသညာ နာသညာယတနဈာန်၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာ တည်ရာ လွတ်လွတ်သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် တစ်ပါးသော အခါ၌ဝယ် အာကိဉ္စညာ ယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ နေဝသညာနာသညာယတနဈာန်၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲ၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် နေဝသညာနာသညာ ယတနဈာန်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည် အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤ (နေဝသညာ နာသညာ ယတနဈာန်ဝင်စား) နေခြင်းဖြင့် နေသော ထိုငါ့အား အာကိဉ္စညာ ယတနဈာန်နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ချမ်းသာသူအား ဆင်းရဲခြင်းသည် နာကျင်ရန် အလို့ငှါသာ ဖြစ်ရာသကဲ့သို့၊ ဤအတူပင် ထိုငါ့အား အာကိဉ္စညာယတနဈာန်နှင့် တကွဖြစ်ကုန်သော မှတ်သားမှု နှလုံးသွင်းမှုတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဖြစ်ပေါ်ခြင်းသည် ထိုငါ့အား နာကျင်မှု ဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် သညာ ဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ အာနန္ဒာ “ထိုတရားသည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓ သမာပတ်’ ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “ထိုတရားသည် ငြိမ်သက်၏ဟု ရှုသော ငါ၏ စိတ်သည် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ ၌ မပြေးဝင် မကြည်လင် ကောင်းစွာ မတည် လွတ်လွတ်မသက်ဝင်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ်နည်း”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါ့အား “ငါသည် နေဝသညာနာသညာ ယတနဈာန်၌ အပြစ်ကို မရှု၊ ထိုအပြစ်ကိုလည်း မလေ့လာ၊ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓ သမာပတ်’ ၌ အကျိုးကို မသိ၊ ထိုအကျိုးကိုလည်း ငါ မမှီဝဲရ။ ထို့ကြောင့် ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ်မသက်ဝင်။ အာနန္ဒာ ထိုငါ့အား “အကယ်၍ ငါသည် နေဝသညာနာသညာ ယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာရမူ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓ သမာပတ်’ ၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲရမူ ‘ထိုတရားသည် ငြိမ်သက်၏’ဟု ရှုသော ငါ၏ စိတ်သည် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ ၌ ပြေးဝင်ရာ ကြည်လင်ရာ ကောင်းစွာတည်ရာ လွတ်လွတ်သက်ဝင်ရာသော အကြောင်းကား ရှိ၏”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုငါသည် တစ်ပါးသော အခါ၌ နေဝသညာနာသညာယတနဈာန်၌ အပြစ်ကို ရှု၍ ထိုအပြစ်ကိုလည်း လေ့လာ၏၊ သညာဝေဒနာ့တို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’၌ အကျိုးကို သိ၍ ထိုအကျိုးကိုလည်း မှီဝဲ၏။ အာနန္ဒာ “ထိုတရား သည် ငြိမ်သက်၏”ဟု ရှုသော ထိုငါ၏ စိတ်သည် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်သက်ဝင်၏။ အာနန္ဒာ ထိုငါသည် နေဝသညာ နာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက်၍ နေ၏။ ပညာဖြင့် ရှု၍ ငါ့အား အာသဝေါတရားတို့သည် ထက်ဝန်းကျင်ကုန်ခြင်းသို့ ရောက်ကုန်၏။ အာနန္ဒာ ငါသည် ဤအစဉ်အတိုင်း နေရသော သမာပတ် (ဈာန်) ကိုးမျိုးတို့ကို ဤသို့ အနုလုံ ပဋိလုံ ‘အပြန်အလှန်’ မဝင်စားနိုင်သေးသမျှ (ထိုဈာန်သမာပတ်မှ) မထနိုင်သေးသမျှ ကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ အတုမဲ့ သမ္မာသမ္ဗောဓိ ‘အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်’ ကို ထိုးထွင်းသိပြီဟု ဝန်မခံခဲ့ပေ။ အာနန္ဒာ ငါသည် ဤအစဉ် အတိုင်း နေရသော သမာပတ်ကိုးမျိုးတို့ကို ဤသို့ အနုလုံ ပဋိလုံ ဝင်စားနိုင်သောအခါ၌မူကား ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောက၌ အတုမဲ့ သမ္မာသမ္ဗောဓိ ‘အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်’ ကို ထိုးထွင်း၍သိပြီဟု ဝန်ခံခဲ့၏။ ငါ့အား ဉာဏ်အမြင်သည် ဖြစ်ပေါ်ခဲ့ပြီ၊ “ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) ဉာဏ်သည် မပျက်စီးနိုင်၊ ဤကား အဆုံးစွန်သော ဘဝပင်တည်း၊ ယခုအခါ (ဘဝ) သစ်၌ ဖြစ်ခြင်းမရှိတော့ပြီ”ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် မဟာဝဂ် ပြီး၏။