အင်္ဂုတ္တရနိကာယ်

၅-သာမညဝဂ်

၁-သမ္ဗာဓသုတ်

၄၂။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေ၏။ ထိုအခါ အသျှင်ဥဒါယီသည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်ပြီးနောက် အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် အသျှင်အာနန္ဒာအား ဤသို့သော စကားကို လျှောက်၏—

ငါ့သျှင် အာနန္ဒာ ပဉ္စာလစဏ္ဍနတ်သားသည် “တစ်ပါးတည်း ကိန်းအောင်းတော်မူ၍ မြတ်တော်မူ သိတော်မူသော အကြင် မြတ်စွာဘုရားသည် ဈာန်ကို သိတော်မူပြီ၊ ကြီးကျယ်သော ပညာရှိတော်မူသော ထိုမြတ်စွာဘုရားသည် ကျဉ်းမြောင်းရာ၌ ရောက်သော အခွင့် (နေရာ) ကို သိတော်မူ၏”—

ဟူသော ဤစကားကို ဆိုအပ်၏ဟု ပြောဆို၏။ ငါ့သျှင် ကျဉ်းမြောင်းရာဟူသည် အဘယ်ပါနည်း၊ အဘယ်ကို ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရသည်ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်းဟု (မေး၏)။ ငါ့သျှင် ဤကာမဂုဏ်ငါးမျိုးတို့ကို ကျဉ်းမြောင်းရာဟု မြတ်စွာဘုရား ဟောတော်မူ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ— အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကိုပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမနှင့်စပ်ကုန် တပ်စွန်းဖွယ်ရှိကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံ။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကိုပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမနှင့်စပ်ကုန် တပ်စွန်းဖွယ်ရှိကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။ ငါ့သျှင် ဤကာမဂုဏ်ငါးမျိုးတို့ကို ကျဉ်းမြောင်းရာဟု မြတ်စွာဘုရား ဟောတော်မူ၏။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ်အားဖြင့် မြတ်စွာဘုရား ဟောတော်မူ၏။ ထိုပဌမဈာန်၌လည်း ကျဉ်းမြောင်းမှု ရှိသည်သာတည်း။ ထိုပဌမဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိုပဌမဈာန်၌ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့သည် မချုပ်ကုန်သေး၊ ဤဝိတက်ဝိစာရမချုပ်ခြင်းသည်ကား ဤပဌမဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်း ကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ်အားဖြင့် မြတ်စွာဘုရား ဟောတော်မူ၏။ ထိုဒုတိယဈာန်၌လည်း ကျဉ်းမြောင်းမှု ရှိသည်သာတည်း။ ထိုဒုတိယဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိုဒုတိယဈာန်၌ နှစ်သက်မှု ‘ပီတိ’သည် မချုပ်သေး၊ ဤ(နှစ်သက်မှု ‘ပီတိ’ မချုပ်ခြင်း) သည်ကား ဤဒုတိယဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း တပ်မက်ခြင်းကင်းခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ်အားဖြင့် မြတ်စွာဘုရား ဟောတော်မူ၏။ ထိုတတိယဈာန်၌လည်း ကျဉ်းမြောင်းမှု ရှိသည်သာတည်း။ ထိုတတိယဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိုတတိယဈာန်၌ တတြမဇ္ဈတ္တုပေက္ခာ နှင့် ချမ်းသာမှု ‘သုခ’ သည် မချုပ်သေး၊ ဤ (တတြမဇ္ဈတ္တုပေက္ခာနှင့် ချမ်းသာမှုသုခ မချုပ်ခြင်း) သည်ကား ဤတတိယဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထ ဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ် အားဖြင့် မြတ်စွာဘုရားဟောတော်မူ၏။ ထိုစတုတ္ထဈာန်၌လည်း ကျဉ်းမြောင်းမှုရှိသည်သာတည်း။ ထိိုုစတုတ္ထဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိိုုစတုတ္ထဈာန်၌ ရုပ်၌ဖြစ်သော မှတ်သားမှု ‘ရူပသညာ’ သည် မချုပ်သေး၊ ဤ (ရုပ်၌ ဖြစ်သော မှတ်သားမှု မချုပ်ခြင်း) သည်ကား ဤစတုတ္ထဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ရုပ်၌ဖြစ်သော မှတ်သားမှု ‘ရူပသညာ’တို့ကို လွန်မြောက်ခြင်းကြောင့် ထိပါးခြင်းမှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူးမှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (ပွါးများလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ်အားဖြင့် မြတ်စွာဘုရားဟောတော်မူ၏။

ထိုအာကာသာနဉ္စာယတနဈာန်၌လည်း ကျဉ်းမြောင်းမှုရှိသည်သာတည်း။ ထိုအာကာသာနဉ္စာယတနဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိိုုအာကာသာနဉ္စာယတနဈာန်၌ အဆုံးမရှိသော ကောင်းကင်အာရုံဖြစ်သော အမှတ်သညာသည် မချုပ်သေး၊ ဤ (မချုပ်ခြင်း) သည်ကား အာကာသာနဉ္စာယတနဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိ”ဟု (ပွါးများလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ်အားဖြင့် မြတ်စွာဘုရား ဟောတော်မူ၏။ ထိုဝိညာဏဉ္စာယတနဈာန်၌လည်း ကျဉ်းမြောင်းမှုရှိသည်သာတည်း။ ထိုဝိညာဏဉ္စာ ယတနဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိုဝိညာဏဉ္စာယတနဈာန်၌ အဆုံးမရှိသော ဝိညာဏ် အာရုံ၌ ဖြစ်သော အမှတ်သညာသည် မချုပ်သေး၊ ဤ (မချုပ်ခြင်း) သည်ကား ဤဝိညာဏဉ္စာယတနဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံ တစ်ခုမျှ မရှိ”ဟု (ပွါးများလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ်အားဖြင့် မြတ်စွာဘုရား ဟောတော်မူ၏။

ထိုအာကိဉ္စညာယတနဈာန်၌လည်း ကျဉ်းမြောင်းမှုရှိသည်သာတည်း။ ထိုအာကိဉ္စညာယတနဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိုအာကိဉ္စညာယတနဈာန်၌ တစ်စုံတစ်ခုမျှ မရှိဟူသော အာရုံ၌ ဖြစ်သော အမှတ်သညာသည် မချုပ်သေး၊ ဤ (မချုပ်ခြင်း) သည်ကား ဤအာကိဉ္စညာယတနဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို ပရိယာယ်အားဖြင့် မြတ်စွာဘုရား ဟောတော်မူ၏။ ထိုနေဝသညာ နာသညာယတန ဈာန်၌လည်း ကျဉ်းမြောင်းမှုရှိသည်သာတည်း။ ထိုနေဝသညာနာသညာယတနဈာန်၌ ကျဉ်းမြောင်းမှုဟူသည် အဘယ်နည်း။ ထိုနေဝသညာနာသညာယတနဈာန်၌ သညာရှိသည်လည်း မဟုတ် မရှိသည် လည်း မဟုတ်သော အာရုံဖြစ်သော အမှတ်သညာသည် မချုပ်သေး၊ ဤ (မချုပ်ခြင်း) သည်ကား ဤနေဝ သညာနာသညာယတနဈာန်၌ ကျဉ်းမြောင်းမှုတည်း။

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် သညာ ဝေဒနာတို့၏ချုပ်ရာ ‘နိရောဓသမာပတ်’သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ပညာဖြင့် မြင်၍ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကျဉ်းမြောင်းရာ၌ အခွင့် (နေရာ) ရခြင်းကို မြတ်စွာဘုရားသည် ပရိယာယ်မဟုတ် (မုချ) အားဖြင့် ဟောတော်မူ၏ဟု (မိန့်ဆို၏)။

ပဌမသုတ်။