အင်္ဂုတ္တရနိကာယ်

၅-သာမညဝဂ်

၂-ကာယသက္ခိသုတ်

၄၃။ “ငါ့သျှင် ကိုယ်တွေ့ရှိသူ ကိုယ်တွေ့ရှိသူ ‘ကာယသက္ခိပုဂ္ဂိုလ်’ဟု ဆိုအပ်၏။ ငါ့သျှင် အဘယ်မျှ လောက်ဖြင့် ကိုယ်တွေ့ရှိသူဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း”ဟု (မေး၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ အကြောင်းကြောင်းအားဖြင့် ထိုတည်ရာဖြစ်သော ပဌမဈာန်ကို ကိုယ်ဖြင့် တွေ့ထိ၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ထိုသူကို ကိုယ်တွေ့ရှိသူ ‘ကာယသက္ခိပုဂ္ဂိုလ်’ဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟောတော်မူ၏။ (၁)

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်း ကြောင့်။ပ။ ဒုတိယဈာန်။ တတိယဈာန်။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အကြောင်းကြောင်းအားဖြင့် ထိုတည်ရာ ဖြစ်သော စတုတ္ထဈာန်ကို ကိုယ်ဖြင့် တွေ့ထိ၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကိုယ်တွေ့ရှိသူ ‘ကာယသက္ခိ ပုဂ္ဂိုလ်’ဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟောတော်မူ၏။ (၂—၄)

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးခြင်း၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူး မှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အပိုင်းအခြား မရှိ”ဟု (ပွါးများလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ အကြောင်းကြောင်းအားဖြင့် ထိုတည်ရာဖြစ်သော (ဈာန်) ကို ကိုယ်ဖြင့် တွေ့ထိ၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကိုယ်တွေ့ရှိသူ ‘ကာယသက္ခိပုဂ္ဂိုလ်’ဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟောတော်မူ၏။ပ။ (၅—၈)

ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်လျက့်သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက်၍ နေ၏။ ထိုသူသည် ပညာဖြင့် မြင်၍ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏။ အကြောင်းကြောင်းဖြင့် ထိုတည်ရာ (သမာပတ်) ကို ကိုယ်ဖြင့် တွေ့ထိ၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကိုယ်တွေ့ရှိသူ’ကာယသက္ခိပုဂ္ဂိုလ်’ဟု မြတ်စွာဘုရားသည် ပရိယာယ်မဟုတ် (မုချ) အားဖြင့် ဟောတော်မူ၏ဟု (မိန့်ဆို၏)။ (၉)

ဒုတိယသုတ်။