အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၅-ဗလသုတ်

၅။ ရဟန်း ဗိုလ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ — အသိလိမ္မာ ‘ပညာ’ ဗိုလ်၊ အားထုတ်မှု ‘ဝီရိယ’ ဗိုလ်၊ အပြစ်ကင်းမှု ‘အနဝဇ္ဇ’ ဗိုလ်၊ ချီးမြှောက်မှု ‘သင်္ဂဟ’ ဗိုလ်တို့တည်း။

ရဟန်းတို့ ပညာဗိုလ်ဟူသည် အဘယ်နည်း။ ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု သိအပ်ကုန်သော, အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟုသိအပ်ကုန်သော, အပြစ်ရှိကုန်သော အပြစ်ရှိ၏ဟု သိအပ်ကုန်သော, အပြစ်မရှိကုန်သော အပြစ်မရှိဟု သိအပ်ကုန်သော, မည်းညစ်ကုန်သော မည်းညစ်၏ဟု သိအပ်ကုန်သော, ဖြူစင်ကုန်သော ဖြူစင်၏ဟု သိအပ်ကုန်သော, မှီဝဲအပ်ကုန်သော မှီဝဲအပ်၏ဟု သိအပ်ကုန်သော, မမှီဝဲ အပ်ကုန်သော မမှီဝဲအပ်ဟု သိအပ်ကုန်သော, အရိယာတို့အား မလျော်ကုန်သော အရိယာတို့အား မလျော်ဟု သိအပ်ကုန်သော, အရိယာတို့အား လျော်ကုန်သော အရိယာတို့အား လျော်၏ဟု သိအပ်ကုန်သော, တရားတို့ကို ထိုရဟန်းသည် ပညာဖြင့် ကောင်းစွာ မြင်အပ်ကုန်၏၊ ကောင်းစွာ လေ့လာအပ်ကုန်၏။ ရဟန်းတို့ ဤတရားကို ပညာဗိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဝီရိယဗိုလ်ဟူသည် အဘယ်နည်း။ အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟု သိအပ်ကုန်သော, အပြစ်ရှိကုန်သော အပြစ်ရှိ၏ဟု သိအပ်ကုန်သော, မည်းညစ်ကုန်သော မည်းညစ်၏ဟု သိအပ်ကုန်သော, မမှီဝဲအပ်ကုန်သော မမှီဝဲအပ်ဟု သိအပ်ကုန်သော, အရိယာတို့အား မလျော်ကုန်သော အရိယာတို့အား မလျော်ဟု သိအပ်ကုန်သော တရားတို့ကို ပယ်ရန် အလိုဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ အပြားအားဖြင့် ထား၏။ ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု သိအပ်ကုန်သော, အပြစ်မရှိကုန်သော အပြစ်မရှိဟု သိအပ်ကုန်သော, ဖြူစင်ကုန်သော ဖြူစင်၏ဟု သိအပ်ကုန်သော, မှီဝဲအပ်ကုန်သော မှီဝဲအပ်၏ဟု သိအပ်ကုန်သော, အရိယာတို့အား လျော်ကုန်သော အရိယာတို့အား လျော်၏ဟု သိအပ်ကုန်သော, တရားတို့ကို ရရန် အလိုဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ အပြားအားဖြင့် ထား၏၊ ရဟန်းတို့ ဤတရားကို ဝီရိယ ဗိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ အနဝဇ္ဇဗိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အပြစ်ကင်းသော ကာယကံနှင့် ပြည့်စုံ၏၊ အပြစ်ကင်းသော ဝစီကံနှင့် ပြည့်စုံ၏၊ အပြစ်ကင်းသော မနောကံနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားကို အနဝဇ္ဇဗိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ သင်္ဂဟဗိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုတို့ကား—

ပေးလှူမှု ‘ဒါန’၊

ချစ်ဖွယ်ပြောဆိုမှု ‘ပေယျဝဇ္ဇ’၊

အကျိုးစီးပွါးကိုပြုကျင့်မှု ‘အတ္ထစရိယာ’၊

ကိုယ်တူထားမှု ‘သမာနတ္တတာ’တို့တည်း။

ရဟန်းတို့ ပေးလှူမှု ‘ဒါန’တို့တွင် တရားကို ပေးလှူမှု ‘ဓမ္မဒါန’သည် အမြတ်ဆုံးတည်း၊ ရဟန်းတို့ ချစ်ဖွယ်ပြောဆိုမှု ‘ပေယျဝဇ္ဇ’တို့တွင် အလိုရှိ၍ နားထောင်သူအား ထပ်ကာထပ်ကာ တရားဟောမှုသည် အမြတ်ဆုံးတည်း၊ ရဟန်းတို့ အကျိုးစီးပွါးကို ကျင့်ပြုမှု ‘အတ္ထစရိယာ’တို့တွင် သဒ္ဓါတရားမရှိသူကို သဒ္ဓါတရားနှင့် ပြည့်စုံစေရန် ဆောက်တည်စေမှု သွတ်သွင်းမှု တည်စေမှု၊ သီလမရှိသူကို သီလနှင့် ပြည့်စုံစေရန်၊ ဝန်တို ‘နှမြော’ သူကို စွန့်ကြဲမှု ‘စာဂ’ နှင့် ပြည့်စုံစေရန်၊ ပညာမရှိသူကို ပညာနှင့်ပြည့်စုံစေရန် ဆောက်တည်စေမှု သွတ်သွင်းမှု တည်စေမှုသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ကိုယ်တူထားမှု ‘သမာနတ္တတာ’တို့တွင် သောတာပန်သည် သောတာပန်အား ကိုယ်တူထားမှု၊ သကဒါဂါမ်သည် သကဒါဂါမ် အား ကိုယ်တူထားမှု၊ အနာဂါမ်သည် အနာဂါမ်အား ကိုယ်တူထားမှု၊ ရဟန္တာသည် ရဟန္တာအား ကိုယ်တူထားမှုသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤကိုယ်တူထားမှု သဘောတရားကို သင်္ဂဟဗိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်တို့ကား ဗိုလ်လေးပါးတို့တည်း။

ရဟန်းတို့ ဤဗိုလ်လေးပါးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ဘေးငါးမျိုးတို့ကို လွန်မြောက် သူ ဖြစ်၏၊ အဘယ်ငါးမျိုးတို့နည်းဟူမူ — အသက်မွေးမှုဘေး၊ ကျော်စောမဲ့ဘေး၊ ပရိသတ်ကြောက်ရွံမှု ဘေး၊ သေဘေး၊ မကောင်းရာသို့ လားရောက်မှု ‘ဒုဂ္ဂတိ’ ဘေးတို့တည်း။

ရဟန်းတို့ ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်၏၊ “ငါသည် အသက်မွေးမှုဘေးကို မကြောက်၊ ငါသည် အဘယ်ကြောင့် အသက်မွေးမှုဘေးကို ကြောက်ရမည်နည်း၊ ငါ့အား ပညာဗိုလ် ဝီရိယဗိုလ် အနဝဇ္ဇဗိုလ် သင်္ဂဟဗိုလ်ဟူသော ဗိုလ်လေးပါးတို့သည် ရှိကုန်၏၊ ပညာမဲ့သူသည် အသက်မွေးမှုဘေးကို ကြောက်ရာ၏၊ ပျင်းရိသူသည် အသက်မွေးမှုဘေးကို ကြောက်ရာ၏၊ ကာယကံ ဝစီကံ မနောကံ အပြစ်ရှိသူသည် အသက်မွေးမှု ဘေးကို ကြောက်ရာ၏။ ချီးမြှောက်မှု မရှိသူသည် အသက်မွေးမှုဘေးကို ကြောက်ရာ၏၊ ငါသည် ကျော်စောမဲ့ ဘေးကို မကြောက်။ပ။ ငါသည် ပရိသတ်ကြောက်ရွံ့မှုဘေးကို မကြောက်။ ငါသည် သေဘေးကို မကြောက်။ ငါသည် မကောင်းရာသို့ လားရောက်မှု ‘ဒုဂ္ဂတိ’ ဘေး ကို မကြောက်။ ငါသည် အဘယ့်ကြောင့် မကောင်းရာသို့ လားရောက်မှု ‘ဒုဂ္ဂတိ’ ဘေးကို ကြောက်ရမည်နည်း၊ ငါ့အား ပညာဗိုလ် ဝီရိယဗိုလ် အနဝဇ္ဇဗိုလ် သင်္ဂဟဗိုလ်ဟူသော ဗိုလ်လေးပါးတို့သည် ရှိကုန်၏၊ ပညာမဲ့သူ သည် မကောင်းရာသို့ လားရောက်မှု ‘ဒုဂ္ဂတိ’ ဘေး ကို ကြောက်ရာ၏၊ ပျင်းရိသူသည် မကောင်းရာသို့ လားရောက်မှု ‘ဒုဂ္ဂတိ’ ဘေး ကို ကြောက်ရာ၏၊ ကာယကံ့ဝစီကံ မနောကံ အပြစ်ရှိသူသည် မကောင်းရာ သို့ လားရောက်မှု ‘ဒုဂ္ဂတိ’ ဘေး ကို ကြောက်ရာ၏၊ ချီးမြှောက်မှု မရှိသူသည် မကောင်းရာသို့ လားရောက် မှု ‘ဒုဂ္ဂတိ’ ဘေး ကို ကြောက်ရာ၏ဟု (ဆင်ခြင်၏)။ ရဟန်းတို့ ဤဗိုလ်လေးမျိုးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ဤဘေးငါးမျိုးတို့ကို လွန်မြောက်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။