အင်္ဂုတ္တရနိကာယ်

(၇) ၂-သတိပဋ္ဌာနဝဂ်

၁-သိက္ခဒုဗ္ဗလျသုတ်

၆၃။ ရဟန်းတို့ အကျင့် ‘သိက္ခာ’၏ အားနည်းကြောင်းတို့ကား ဤငါးမျိုးတို့တည်း။ အဘယ့်ငါးမျိုးတို့နည်းဟူမူ— သူ့အသက်သတ်ခြင်း၊ အရှင်မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မဟုတ်မမှန် ပြောခြင်း၊ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းတို့တည်း။ ရဟန်းတို့ အကျင့် ‘သိက္ခာ’၏ အားနည်းကြောင်းတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ဤအကျင့် ‘သိက္ခာ’၏ အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများ အပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုကာ ပြင်းစွာအားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ သဘော (တရား)တို့၌ သဘော (တရား)ဟု ရှုကာ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။ ရဟန်းတို့ ဤအကျင့် ‘သိက္ခာ’၏ အားနည်းကြောင်းငါးမျိုးတို့ကို ပယ်ရန် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။