အင်္ဂုတ္တရနိကာယ်

(၇) ၂-သတိပဋ္ဌာနဝဂ်

၂-နီဝရဏသုတ်

၆၄။ ရဟန်းတို့ အပိတ်အပင် ‘နီဝရဏ’တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ကာမဂုဏ်တို့၌ လိုချင်မှုအပိတ်အပင် ‘ကာမစ္ဆန္ဒနီဝရဏ’၊ သူတစ်ပါးအကျိုးမဲ့ ကြံစည်မှု အပိတ်အပင် ‘ဗျာပါဒနီဝရဏ’၊ ထိုင်းမှိုင်းမှု အပိတ်အပင် ‘ထိနမိဒ္ဓနီဝရဏ’၊ ပျံ့လွင့်မှု နောင်တတဖန် ပူပန်မှု အပိတ်အပင် ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ’၊ မဆုံးဖြတ်နိုင်မှု အပိတ်အပင် ‘ဝိစိကိစ္ဆာနီဝရဏ’တို့တည်း။ ရဟန်းတို့ အပိတ်အပင် ‘နီဝရဏ’တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ဤအပိတ်အပင် ‘နီဝရဏ’ ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုကာ ပြင်းစွာအားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ သဘော (တရား)တို့၌ သဘော (တရား)ဟု ရှုကာ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် နေ၏။ ရဟန်းတို့ ဤအပိတ်အပင် ‘နီဝရဏ’ ငါးမျိုးတို့ကို ပယ်ရန် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။