အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၇-သုတဝါသုတ်

၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သုတဝါပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—“အသျှင်ဘုရား အခါ တစ်ပါး၌ မြတ်စွာဘုရားသည် တောင်ငါးလုံး ဝိုင်းရံသော ဤရာဇဂြိုဟ်ပြည်၌ပင် (သီတင်းသုံး) နေတော်မူ၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားဖူးပါ၏၊ မျက်မှောက်တော်မှ ခံယူဖူးပါ၏၊ “သုတဝါ အကြင်ရဟန်းသည် ရဟန္တာ ဖြစ်၏၊ အာသဝေါကုန်ပြီးသူ ဖြစ်၏၊ မြတ်သောအကျင့်ကို သုံးပြီးသူ ဖြစ်၏၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ ဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီး သူ ဖြစ်၏၊ မိမိအကျိုးစီးပွါးသို့ အစဉ်ရောက်ပြီးသူ ဖြစ်၏၊ ဘဝသံယောဇဉ်ကုန်ပြီးသူ ဖြစ်၏၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုရဟန်းသည် ငါးဌာနတို့ကို လွန်ကျူးရန် မထိုက်တော့ပေ။ အာသဝေါကုန်ပြီးသော ရဟန်းသည်စေတနာနှင့် တကွ လုံ့လပြု၍ သတ္တဝါကို သတ်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် (အရှင်သည်) မပေးအပ်သော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် ရှေးအခါ လူဖြစ်စဉ်ကကဲ့သို့ သိုမှီးခြင်းကို ပြု၍ ကာမဂုဏ်တို့ကို သုံးဆောင် (ခံစား)ခြင်းငှါ မထိုက်”ဟု (မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားဖူးပါ၏၊ မျက်မှောက်တော်မှ ခံယူဖူးပါ၏)။

အသျှင်ဘုရား အဘယ်သို့ပါနည်း၊ ထိုစကားကို အကျွန်ုပ်သည် မြတ်စွာဘုရား၏ (အထံတော်မှ) ကောင်းစွာ ကြားမိခြင်းပါလော၊ ကောင်းစွာ ခံယူမိခြင်းပါလော၊ ကောင်းစွာ နှလုံးသွင်းမိခြင်းပါလော၊ ကောင်းစွာ ဆောင်မိခြင်းပါလောဟု လျှောက်၏။ သုတဝါ အမှန်စင်စစ် သင်သည် ထိုစကားကို ကောင်းစွာ ကြားခြင်း ဖြစ်ပေ၏၊ ကောင်းစွာ ခံယူခြင်း ဖြစ်ပေ၏၊ ကောင်းစွာ နှလုံးသွင်းခြင်း ဖြစ်ပေ၏၊ ကောင်းစွာ ဆောင်ခြင်း ဖြစ်ပေ၏၊ သုတဝါ ငါသည် ရှေးကလည်းကောင်း၊ ယခုလည်းကောင်း ဤသို့ပင် ဟော၏။ အကြင်ရဟန်းသည် ရဟန္တာ ဖြစ်၏၊ အာသဝေါကုန်ပြီးသူ ဖြစ်၏၊ (မြတ်သောအကျင့်ကို) သုံးပြီးသူ ဖြစ်၏၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ ဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီးသူ ဖြစ်၏၊ မိမိအကျိုးစီးပွါးသို့ အစဉ်ရောက်ပြီးသူ ဖြစ်၏၊ ဘဝသံယောဇဉ် ကုန်ပြီးသူ ဖြစ်၏၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုရဟန်းသည် ကိုးဌာနတို့ကို လွန်ကျူးရန် မထိုက်တော့ပေ။ အာသဝေါကုန်ပြီးသော ရဟန်းသည်စေတနာနှင့်တကွ လုံ့လပြု၍ သတ္တဝါကို သတ်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် (အရှင်သည်) မပေးအပ်သော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုခြင်း ငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် ရှေးအခါ လူဖြစ်စဉ်ကကဲ့သို့ သိုမှီးခြင်းကို ပြု၍ ကာမဂုဏ်တို့ကို သုံးဆောင် (ခံစား)ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် ဆန္ဒာဂတိသို့လိုက်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် ဒေါသာဂတိသို့ လိုက်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် မောဟာဂတိသို့ လိုက်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် ဘယာဂတိသို့ လိုက်ခြင်းငှါ မထိုက်။

သုတဝါ ငါသည် ရှေးကလည်းကောင်း၊ ယခုလည်းကောင်း ဤသို့ပင် ဟော၏၊ အကြင် ရဟန်းသည် ရဟန္တာဖြစ်၏၊ အာသဝေါကုန်ပြီးသူ ဖြစ်၏၊ မြတ်သောအကျင့်ကို သုံးပြီးသူ ဖြစ်၏၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ ဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီးသူ ဖြစ်၏၊ မိမိ အကျိုးစီးပွါးသို့ အစဉ်ရောက်ပြီးသူ ဖြစ်၏၊ ဘဝသံယောဇဉ် ကုန်ပြီးသူ ဖြစ်၏၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုရဟန်းသည် ဤကိုးဌာနတို့ကို လွန်ကျူးရန် မထိုက်တော့ပေဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။