အင်္ဂုတ္တရနိကာယ်
(၇) ၂-သတိပဋ္ဌာနဝဂ်
၉-စေတောခီလသုတ်
၇၁။ ရဟန်းတို့ စိတ်၏ ငြောင့်တံသင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံး ဖြတ်နိုင်၊ မယုံကြည်နိုင်။ ရဟန်းတို့ ဘုရား၌ ယုံမှားသော တွေးတောယုံမှားသော မဆုံးဖြတ်နိုင်သော မယုံကြည်နိုင်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ် ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်သော ရဟန်း၏ ဤစိတ်မညွတ်ခြင်းသည် ပဌမ စိတ်၏ ငြောင့်တံသင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်၌ ယုံမှား၏။ပ။ သံဃာတော်၌ ယုံမှား၏။ပ။ အကျင့် ‘သိက္ခာ၌’ ယုံမှား၏။ပ။ သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသရှိ၏၊ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက် ထွက်သော မနှစ်သက်သော စိတ်ရှိသော ထိပါးသော စိတ်ရှိသော ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသ ရှိသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာ အားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာ အားထုတ်ရန် မညွတ်သော ရဟန်း၏ ဤစိတ်မညွတ်ခြင်းသည် ပဉ္စမစိတ်၏ ငြောင့်တံသင်းတည်း။ ရဟန်းတို့ ဤစိတ်၏ ဤငြောင့်တံသင်းငါးမျိုးတို့ကို ပယ်ရန်။ပ။ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများ အပ်ကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။