အင်္ဂုတ္တရနိကာယ်

(၇) ၂-သတိပဋ္ဌာနဝဂ်

၁ဝ-စေတသောဝိနိဗနိံသုတ်

၇၂။ ရဟန်းတို့ စိတ်ကိုဖွဲ့တတ်သော တရားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့ နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော တပ်စွန်းမှုရှိ၏၊ မကင်းသော အလိုဆန္ဒရှိ၏၊ မကင်းသော ချစ်ခင်မှုရှိ၏၊ မကင်းသော မွတ်သိပ်မှုရှိ၏၊ မကင်းသော ပူလောင်မှုရှိ၏၊ မကင်းသော စွဲမက်မှုရှိ၏။ ရဟန်းတို့ အကြင်ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော တပ်စွန်းမှုရှိ၏၊ မကင်းသော အလိုဆန္ဒရှိ၏၊ မကင်းသော ချစ်ခင်မှုရှိ၏၊ မကင်းသော မွတ်သိပ်မှုရှိ၏၊ မကင်းသော ပူလောင်မှုရှိ၏၊ မကင်းသော စွဲမက်မှုရှိ၏။ ထိုရဟန်း၏ စိတ်သည် လုံ့လပြုရန် အဖန်ဖန် အားထုတ်ရန် မပြတ်အားထုတ်ရန် ဆောက်တည်ရန် မညွတ်။ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုရန် အဖန်ဖန် အားထုတ်ရန် မပြတ်အားထုတ်ရန် ဆောက်တည်ရန် မညွတ်။ ထိုရဟန်း၏ ဤစိတ်မညွတ်ခြင်း သည် ပဌမ စိတ်ကို နှောင်ဖွဲ့တတ်သော တရားတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကိုယ်၌ မကင်းသော တပ်စွန်းမှုရှိ၏။ပ။

ရုပ်၌ မကင်းသော တပ်စွန်းမှုရှိ၏။ပ။

အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှုချမ်းသာ တစ်ပြောင်းပြန်ပြန် လူးလဲမှုချမ်းသာ ငိုက်မျဉ်းမှု ချမ်းသာကို အားထုတ်၍ နေ၏။ပ။

“ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း နတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏”ဟု တစ်ပါးပါးသော နတ်၏ အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏။ ရဟန်းတို့ အကြင်ရဟန်း သည် “ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သောအကျင့်ဖြင့်လည်းကောင်း နတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏”ဟု တစ်ပါးပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏။ ထိုရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်သော ရဟန်း၏ ဤစိတ်မညွတ်ခြင်းသည် ပဉ္စမစိတ်ကိုနှောင်ဖွဲ့တတ်သော တရားတည်း။

ရဟန်းတို့ ဤစိတ်အနှောင်အဖွဲ့ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိကာ ပြင်းစွာအားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ သဘော (တရား)တို့၌ သဘော (တရား)ဟု ရှုလေ့ရှိကာ ပြင်းစွာအားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် နေ၏။ ရဟန်းတို့ ဤစိတ်အနှောင်အဖွဲ့ငါးမျိုးတို့ကို ပယ်ရန် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် သတိပဋ္ဌာနဝဂ် ပြီး၏။