အင်္ဂုတ္တရနိကာယ်

(၈) ၃-သမ္မပ္ပဓာနဝဂ်

၁-သိက္ခာသုတ်

၇၃။ ရဟန်းတို့ အကျင့် ‘သိက္ခာ’၏ အားနည်းကြောင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ် ငါးမျိုးတို့နည်းဟူမူ—သူ့အသက်သတ်ခြင်း။ပ။ ယစ်မူးမေ့လျော့ကြောင်း ဖြစ်သော သေရည်သေရက် သောက်ခြင်းတို့တည်း။ ရဟန်းတို့ ဤသည်တို့ကား အကျင့် ‘သိက္ခာ’၏ အားနည်းကြောင်း ငါးမျိုးတို့တည်း။

ရဟန်းတို့ ဤအကျင့် ‘သိက္ခာ’၏ အားနည်းကြောင်းငါးမျိုးတို့ကို ပယ်ရန် ကောင်းစွာ အားထုတ်မှု ‘သမ္မပ္ပဓာန်’ လေးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို မဖြစ်စိမ့်သောငှါ အလိုကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ အားထုတ်၏။ ဖြစ်ပြီးသော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် အလိုကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ အားထုတ်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စိမ့်သောငှါ အလိုကိုဖြစ်စေ၏၊ လုံ့လ ပြု၏၊ ဝီရိယကိုဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ အားထုတ်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်စိမ့်သောငှါ မပျောက်စိမ့်သောငှါ လွန်စွာဖြစ်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးစေခြင်းငှါ ပြည့်စုံစေခြင်းငှါ အလိုကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ အားထုတ်၏။ ရဟန်းတို့ ဤအကျင့် ‘သိက္ခာ’၏ အားနည်းကြောင်းငါးမျိုးတို့ကို ပယ်ရန် ဤသမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၇၄—၈၁။ [သတိပဋ္ဌာနဝဂ်၌ကဲ့သို့ သမ္မပ္ပဓာန် အစွမ်းဖြင့် ချဲ့အပ်၏]။