အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၈-သဇ္ဈသုတ်

၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သဇ္ဈပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား အသျှင်ဘုရား အခါ တစ်ပါး၌ မြတ်စွာဘုရားသည် တောင်ငါးလုံး ဝိုင်းရံသော ဤရာဇဂြိုဟ်ပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားဖူးပါ၏၊ မျက်မှောက်တော်မှ ခံယူဖူးပါ၏၊ “သဇ္ဈအကြင်ရဟန်းသည် ရဟန္တာ ဖြစ်၏၊ အာသဝေါကုန်ပြီးသူ ဖြစ်၏၊ မြတ်သော အကျင့်ကို သုံးပြီးသူ ဖြစ်၏၊ ခန္ဓာဝန်ကို ချထားပြီးသူ ဖြစ်၏၊ မိမိအကျိုးစီးပွါးသို့ အစဉ်ရောက်ပြီးသူ ဖြစ်၏၊ ဘဝသံယောဇဉ် ကုန်ပြီးသူ ဖြစ်၏၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုရဟန်းသည် ငါးဌာနတို့ကို လွန်ကျူးရန် မထိုက်တော့ပေ။ အာသဝေါကုန်ပြီးသော ရဟန်းသည်စေတနာနှင့်တကွ လုံ့လပြု၍ သတ္တဝါကို သတ်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် (အရှင်သည်) မပေးအပ်သော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် မေထုန် အကျင့်ကို မှီဝဲခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် ရှေးအခါ လူဖြစ်စဉ်ကကဲ့သို့ သိုမှီးခြင်းကို ပြု၍ ကာမဂုဏ်တို့ကို သုံးဆောင် (ခံစား)ခြင်းငှါ မထိုက်”ဟု (မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားဖူးပါ၏၊ မျက်မှောက်တော်မှ ခံယူဖူးပါ၏)။ အသျှင်ဘုရား အဘယ်သို့ပါနည်း၊ ထိုစကားကို အကျွန်ုပ် သည် မြတ်စွာဘုရား၏ (အထံတော်မှ) ကောင်းစွာ ကြားမိခြင်းပါလော၊ ကောင်းစွာ ခံယူမိခြင်းပါလော၊ ကောင်းစွာ နှလုံးသွင်းမိခြင်းပါလော၊ ကောင်းစွာ ဆောင်မိခြင်းပါလောဟု လျှောက်၏။ သဇ္ဈအမှန်စင်စစ် သင်သည် ထိုစကားကို ကောင်းစွာ ကြားခြင်း ဖြစ်ပေ၏၊ ကောင်းစွာ ခံယူခြင်း ဖြစ်ပေ၏၊ ကောင်းစွာ နှလုံးသွင်းခြင်းဖြစ်ပေ၏၊ ကောင်းစွာ ဆောင်ခြင်းဖြစ်ပေ၏၊ သဇ္ဈငါသည် ရှေးကလည်းကောင်း၊ ယခုလည်းကောင်း ဤသို့ပင် ဟော၏။ အကြင် ရဟန်းသည် ရဟန္တာ ဖြစ်၏၊ အာသဝေါကုန်ပြီးသူ ဖြစ်၏၊ (မြတ်သောအကျင့်ကို) သုံးပြီးသူ ဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီးသူ ဖြစ်၏၊ မိမိအကျိုးစီးပွါးသို့ အစဉ်ရောက်ပြီးသူ ဖြစ်၏၊ ဘဝသံယောဇဉ် ကုန်ပြီးသူ ဖြစ်၏၊ ကောင်းစွာသိ၍ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုရဟန်းသည် ကိုးဌာနတို့ကို လွန်ကျူးရန် မထိုက်တော့ပေ။ အာသဝေါ ကုန်ပြီးသော ရဟန်းသည်စေတနာနှင့်တကွ လုံ့လပြု၍ သတ္တဝါကို သတ်ခြင်းငှါ မထိုက်။ပ။ အာသဝေါ ကုန်ပြီးသော ရဟန်းသည် ရှေးအခါ လူဖြစ်စဉ်ကကဲ့သို့ သိုမှီးခြင်းကို ပြု၍ ကာမဂုဏ်တို့ကို သုံးဆောင် (ခံစား)ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် ဘုရားကို ပယ်စွန့်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် တရားကို ပယ်စွန့်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်း သည် သံဃာကို ပယ်စွန့်ခြင်းငှါ မထိုက်၊ အာသဝေါကုန်ပြီးသော ရဟန်းသည် သိက္ခာကို ပယ်စွန့်ခြင်းငှါ မထိုက်။

သဇ္ဈငါသည် ရှေးကလည်းကောင်း၊ ယခုလည်းကောင်း ဤသို့ပင် ဟော၏၊ အကြင်ရဟန်းသည် ရဟန္တာ ဖြစ်၏၊ အာသဝေါကုန်ပြီးသူ ဖြစ်၏၊ (မြတ်သောအကျင့်ကို) သုံးပြီးသူ ဖြစ်၏၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ ဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီးသူ ဖြစ်၏၊ မိမိ အကျိုးစီးပွါးသို့ အစဉ်ရောက်ပြီးသူ ဖြစ်၏၊ ဘဝသံယောဇဉ်ကုန်ပြီးသူ ဖြစ်၏၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုရဟန်းသည် ဤကိုးဌာနတို့ကို လွန်ကျူးရန် မထိုက်တော့ပေဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။