အင်္ဂုတ္တရနိကာယ်

(၈) ၃-သမ္မပ္ပဓာနဝဂ်

၁ဝ-စေတသောဝိနိဗန္ဓသုတ်

၈၂။ ရဟန်းတို့ စိတ်၏ အနှောင်အဖွဲ့တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော တပ်စွန်းမှု ရှိ၏။ပ။ ရဟန်းတို့ ဤသည်တို့ကား စိတ်အနှောင်အဖွဲ့ ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤစိတ်အနှောင်အဖွဲ့ ငါးမျိုးတို့ကို ပယ်ရန် သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို မဖြစ်စိမ့်သောငှါ အလိုကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ အားထုတ်၏။ ဖြစ်ပြီးသော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် အလို့ငှါ။ မဖြစ်သေးသော ကုသိုလ်တို့ကို ဖြစ်စိမ့်သောငှါ။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်စိမ့်သောငှါ မပျောက်စိမ့်သောငှါ လွန်စွာဖြစ်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးစေခြင်းငှါ ပြည့်စုံစေခြင်းငှါ အလိုကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ အားထုတ်၏။ ရဟန်းတို့ ဤစိတ်အနှောင်အဖွဲ့တရား ငါးမျိုးတို့ကို ပယ်ရန် ဤသမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် သမ္မပ္ပဓာနဝဂ် ပြီး၏။