အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ရာဂပေယျာလ

၉၃။ ရဟန်းတို့ တပ်စွန်းမှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် တရားကိုးမျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်ကိုးမျိုးတို့နည်းဟူမူ—မတင့်တယ်ဟူသော အမှတ် ‘အသုဘသညာ’၊ သေခြင်း၌ ဖြစ်သော အမှတ် ‘မရဏသညာ’၊ အာဟာရ၌ စက်ဆုပ်ဖွယ်အမှတ် ‘အာဟာရေ ပဋိကူလသညာ’၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟူသော အမှတ် ‘သဗ္ဗလောကေ အနဘိရတိသညာ’၊ မမြဲဟူသော အမှတ် ‘အနိစ္စသညာ’၊ မမြဲရာ၌ ဆင်းရဲဟူသော အမှတ် ‘အနိစ္စေ ဒုက္ခသညာ’၊ ဆင်းရဲရာ၌ အစိုးမရဟူသော အမှတ် ‘ဒုက္ခေ အနတ္တသညာ’၊ ပယ်ခြင်း၌ အမှတ် ‘ပဟာနသညာ’၊ တပ်ခြင်းကင်းခြင်း အမှတ် ‘ဝိရာဂသညာ’တို့တည်း။ ရဟန်းတို့ တပ်မက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားကိုးမျိုးတို့ကို ပွါးများ အပ်ကုန်၏။ (၁)

၉၄။ ရဟန်းတို့ တပ်စွန်းမှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် တရားကိုးမျိုးတို့ကို ပွါးများ အပ်ကုန်၏။ အဘယ်ကိုးမျိုးတို့နည်းဟူမူ— ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာ ယတနဈာန်၊ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’တို့တည်း။ ရဟန်းတို့ တပ်စွန်းမှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားကိုးမျိုးတို့ကို ပွါးများအပ်ကုန်၏။ (၂)

၉၅—၁၁၂။ ရဟန်းတို့ တပ်စွန်းမှု ‘ရာဂ’ ကို ပိုင်းခြားသိရန်။ပ။ ထက်ဝန်းကျင် ကုန်ရန်။ပ။ ပယ်ရန်။ပ။ ကုန်ခန်းရန်။ပ။ ပျက်စီးရန်။ပ။ ကင်းပြတ်ရန်။ပ။ ချုပ်ရန်။ပ။ စွန့်ရန်။ပ။ တစ်ဖန်စွန့်ရန် ဤတရားကိုးမျိုးတို့ကို ပွါးများအပ်ကုန်၏။ (၃—၂ဝ)

၁၁၃—၄၃၂။ ပြစ်မှားမှု ‘ဒေါသ’ ကို။ပ။ တွေဝေမှု ‘မောဟ’ ကို။ အမျက်ထွက်မှု ‘ကောဓ’ ကို။ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’ကို။ ကျေးဇူးကိုချေဖျက်မှု ‘မက္ခ’ကို။ အပြိုင်ပြုမှု ‘ပဠာသ’ ကို။ ငြူစူမှု ‘ဣဿာ’ ကို။ ဝန်တိုမှု ‘မစ္ဆရိယ’ကို။ လှည့်ပတ်မှု ‘မာယာ’ကို။ စဉ်းလဲမှု ‘သာဌေယျ’ ကို။ ခက်ထန်မှု ‘ထမ္ဘ’ ကို။ ခြုတ်ခြယ်မှု ‘သာရမ္ဘ’ ကို။ ထောင်လွှားမှု ‘မာန’ ကို။ အလွန်ထောင်လွှားမှု ‘အတိမာန’ ကို။ ယစ်မူးမှု ‘မဒ’ ကို။ မေ့လျော့မှု ‘ပမာဒ’ကို ထူးသော ဉာဏ်ဖြင့် သိရန်။ပ။ ပိုင်းခြား၍သိရန်။ ထက်ဝန်းကျင် ကုန်ရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ ကင်းပြတ်ရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်ရန်။ပ။ ဤတရား ကိုးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂၁—၃၄ဝ)

ရာဂပေယျာလ ပြီး၏။

နဝကနိပါတ် ပြီး၏။