ဒီဃနိကာယ်

၁၁— ကေဝဋ္ဋသုတ်

ကေဝဋ္ဋသူကြွယ်သားဝတ္ထု

၄၈၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒာမြို့ ပါဝါရိက (သူဌေး)၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အသျှင်ဘုရား ဤနာဠန္ဒာမြို့သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင်ဝပြောပါ၏၊ လူ (ဦးရေ) များပြားပါ၏၊ လူ (အသွားအလာ) ထူထပ်ပါ၏၊ မြတ်စွာဘုရား၌ အလွန် ကြည်ညိုပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုပြရန် အလို့ငှါ ရဟန်းတစ်ပါးအား အမိန့်ပေးထားတော်မူပါ၊ ဤသို့ဖြစ်လတ်သော် ဤနာဠန္ဒာမြို့သည်မြတ်စွာဘုရား၌ အတိုင်းထက်အလွန် ကြည်ညိုပါလိမ့်မည်”ဟု လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားအား ဤ စကားကို မိန့်တော်မူ၏ —

“ကေဝဋ္ဋ ငါသည် ရဟန်းတို့အား ‘ရဟန်းတို့ လာကြလော့၊ သင်တို့သည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို အဝတ်ဖြူဝတ်ကုန်သော လူတို့အား၁ ပြကြလော’ဟု ဤသို့ တရားကို မဟော”ဟု မိန့်တော်မူ၏။

၄၈၂။ နှစ်ကြိမ်မြောက်လည်း ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ပြန်၏ —

“အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို အကျိုးမဲ့ပြုသည် မဟုတ်ပါ၊ သို့ရာတွင် အသျှင်ဘုရား ဤနာဠန္ဒာမြို့သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင်ဝပြောပါ၏၊ လူ (ဦးရေ) များပြားပါ၏၊ လူ (အသွားအလာ) ထူထပ်ပါ၏၊ မြတ်စွာဘုရား၌ အလွန်ကြည်ညိုပါ၏၊ အသျှင်ဘုရား တောင်းပန် ပါ၏၊ မြတ်စွာဘုရားသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုပြရန်အလို့ငှါ ရဟန်းတစ်ပါးအား အမိန့်ပေးထားတော်မူပါ၊ ဤသို့ဖြစ်လတ်သော် ဤနာဠန္ဒာမြို့သည်မြတ်စွာဘုရား၌ အတိုင်းထက်အလွန် ကြည်ညိုပါလိမ့်မည်ဟု ဤသို့ပင် လျှောက် လိုပါသေးသည်”ဟုလျှောက်ပြန်၏။

နှစ်ကြိမ်မြောက်လည်း ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားအား ဤစကားကို မိန့်တော်မူပြန်၏ —

“ကေဝဋ္ဋ ငါသည် ရဟန်းတို့အား ‘ ရဟန်းတို့ လာကြလော့၊ သင်တို့သည် အဝတ်ဖြူဝတ်ကုန် သောလူတို့အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ ကိုပြကြလော့’ဟု ဤသို့ တရားကို မဟော”ဟု မိန့်တော်မူ၏။

သုံးကြိမ်မြောက်လည်း ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ပြန်၏ —

“အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို အကျိုးမဲ့ပြုသည် မဟုတ်ပါ၊ သို့ရာတွင် အသျှင်ဘုရား ဤနာဠန္ဒာမြို့သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင်ဝပြောပါ၏၊ လူ (ဦးရေ) များပြားပါ၏၊ လူ (အသွားအလာ) ထူထပ်ပါ၏၊ မြတ်စွာဘုရား၌ အလွန်ကြည်ညိုပါ၏၊ အသျှင်ဘုရား တောင်း ပန်ပါ၏၊ မြတ်စွာဘုရားသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုပြရန်အလို့ငှါ ရဟန်းတစ်ပါးအား အမိန့်ပေးထားတော်မူပါ၊ ဤသို့ ဖြစ်လတ် သော် ဤနာဠန္ဒာမြို့သည်မြတ်စွာဘုရား၌ အတိုင်းထက်အလွန် ကြည်ညိုပါလိမ့်မည်ဟု ဤသို့ပင် လျှောက်လိုပါသေးသည်”ဟုလျှောက်ပြန်၏။

——————

၁။ ထိုခေတ် ထိုဒေသက လူများသည် အဝတ်ဖြူကို ဝတ်လေ့ရှိကြသည်၊ ယခုတိုင်အောင်ပင် အိန္ဒိယနိုင်ငံက လူများသည် အဝတ်ဖြူကို ဝတ်လေ့ရှိကြသည်။

Ã

ပြာဋိဟာသုံးပါး

၄၈၃။ ကေဝဋ္ဋ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ငါဟောကြားထားသော ဤပြာဋိဟာတို့သည် သုံးပါးရှိကုန်၏၊ သုံးပါးတို့ဟူသည် အဘယ်နည်း။

တန်ခိုး ပြာဋိဟာ ‘ဣဒ္ဓိပါဋိဟာရိယ’၊

အတပ်ဟောခြင်း ပြာဋိဟာ ‘အာဒေသနာပါဋိဟာရိယ’ နှင့်

ဆုံးမခြင်း ပြာဋိဟာ ‘ အနုသာသနီပါဋိဟာရိယ’ တို့ပေတည်း။

——————

တန်ခိုးပြာဋိဟာ

၄၈၄။ ကေဝဋ္ဋ တန်ခိုး ပြာဋိဟာ ဟူသည်ကား အဘယ်နည်း၊ ကေဝဋ္ဋ ဤ (သာသနာတော်) ၌ ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ (ကိုယ်) ထင်ရှားဖြစ်စေ၏၊ (ကိုယ်) ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကျွံကျဘဲ မြေ၌ကဲ့သို့သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့တန်ခိုးအာနုဘော် ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။

(ဤသို့) များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေသော ထိုရဟန်းကို သဒ္ဓါတရားရှိသောကြည်ညိုသော လူတစ်ယောက်သည် တွေ့မြင်ရာ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားသည်ကိုလည်းကောင်း၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်သွားသည်ကိုလည်းကောင်း၊ (ကိုယ်) ထင်ရှားဖြစ်စေသည်ကိုလည်းကောင်း၊ (ကိုယ်) ပျောက်စေသည်ကိုလည်းကောင်း၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွားသည်ကိုလည်းကောင်း၊ မြေ၌လည်းငုပ်ခြင်းပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုသည်ကိုလည်းကောင်း၊ ရေ၌လည်း မကျွံကျဘဲ မြေ၌ကဲ့သို့ သွားသည်ကိုလည်းကောင်း၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားသည်ကိုလည်းကောင်း၊ ဤသို့တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ်သည်ကိုလည်းကောင်း၊ ဆုပ်ကိုင်သည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်းဖြစ်စေသည်ကိုလည်းကောင်း တွေ့မြင်ရာ၏။

(ဤသို့ တွေ့မြင်ရသော်) သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူသည် သဒ္ဓါတရားမရှိသော မကြည်ညိုသော လူတစ်ယောက်အား ထိုရဟန်းအကြောင်းကို (ဤသို့) ပြောကြားရာ၏ —

“အချင်း ရဟန်း၏ တန်ခိုးအာနုဘော် ကြီးသည်အဖြစ်သည် စင်စစ် အံ့ဖွယ်ရှိပါပေ၏၊ စင်စစ် မဖြစ်ဖူးမြဲဖြစ်ပါပေ၏၊ အချင်းများပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေသော ဤမည်သော ရဟန်းကို ငါသည် တွေ့မြင်ရ၏၊ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်သွားသည်ကိုလည်းကောင်းအများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာသည်ကိုလည်းကောင်း။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေသည်ကိုလည်းကောင်း တွေ့မြင်ရ၏”ဟု ပြောကြားရာ၏။

(ဤသို့ ပြောကြားသော်) သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည် သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာ၏ —

“အချင်း ဂန္ဓာရီမည်သော အတတ်သည် ရှိ၏၊ ထို (ဂန္ဓာရီအတတ်) ဖြင့် ထိုရဟန်းသည် များပြား သောတန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏”ဟု ဆိုရာ၏။

ကေဝဋ္ဋ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည်သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာသည်မဟုတ်လော။

“ဆိုရာပါ၏ အသျှင်ဘုရား”။

ကေဝဋ္ဋ ငါသည် တန်ခိုးပြာဋိဟာ၌ ဤအပြစ်ကို မြင်သောကြောင့် တန်ခိုးပြာဋိဟာကို ပြရန် ဝန်လေး၏၊ ရှက်၏၊ စက်ဆုပ်၏။

——————

အတပ်ဟောခြင်း ပြာဋိဟာ

၄၈၅။ ကေဝဋ္ဋ အတပ်ဟောခြင်း ပြာဋိဟာ ဟူသည်ကား အဘယ်နည်း။

ကေဝဋ္ဋ ဤ (သာသနာတော်) ၌ ရဟန်းသည် “သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည်ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု တစ်ပါးသော သတ္တဝါတစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်း အတပ်ဟော၏၊ စိတ်၌ ဖြစ်သည်ကိုလည်း အတပ်ဟော၏၊ ကြံစည်သည်ကိုလည်း အတပ်ဟော၏၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟော၏။

သဒ္ဓါတရားရှိသော ကြည်ညိုသော လူတစ်ယောက်သည် “သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု တစ်ပါး သော သတ္တဝါ, တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်း အတပ်ဟောသော၊ စိတ်၌ ဖြစ်သည်ကိုလည်းအတပ်ဟောသော၊ ကြံစည်သည်ကိုလည်း အတပ်ဟောသော၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟောသောထိုရဟန်းကို တွေ့မြင်ရာ၏။

(ဤသို့တွေ့မြင်ရသော်) သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူသည် သဒ္ဓါတရားမရှိသောမကြည်ညိုသော လူတစ်ယောက်အား ထိုရဟန်းအကြောင်းကို (ဤသို့) ပြောကြားရာ၏ —

“အချင်း ရဟန်း၏ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်သည် စင်စစ် အံ့ဖွယ်ရှိပါပေ၏၊ စင်စစ်မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အချင်း ငါသည် ‘သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည်ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏’ဟု တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်း အတပ်ဟောသော၊ စိတ်၌ဖြစ်သည်ကိုလည်း အတပ်ဟောသော၊ ကြံစည်သည်ကိုလည်း အတပ်ဟောသော၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟောသော ဤမည်သော ရဟန်းကိုတွေ့မြင်ရ၏”ဟု ပြောကြားရာ၏။

(ဤသို့ ပြောကြားသော်) သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည် သဒ္ဓါတရားရှိသောကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာ၏ —

“အချင်း စိန္တာမဏိမည်သော အတတ်သည် ရှိ၏၊ ထို (စိန္တာမဏိ) အတတ်ဖြင့် ထိုရဟန်းသည် ‘သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏’ဟု တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်းအတပ်ဟော၏၊ စိတ်၌ ဖြစ်သည်ကိုလည်း အတပ်ဟော၏၊ ကြံစည်သည်ကိုလည်း အတပ်ဟော၏၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟော၏”ဟု ဆိုရာ၏။

ကေဝဋ္ဋ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည့်သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာသည် မဟုတ်လော။

“ဆိုရာပါ၏ အသျှင်ဘုရား”။

ကေဝဋ္ဋ ငါသည် အတပ်ဟောခြင်း ပြာဋိဟာ၌ ဤအပြစ်ကို မြင်သောကြောင့် အတပ်ဟောခြင်းပြာဋိဟာကို ပြရန် ဝန်လေး၏၊ ရှက်၏၊ စက်ဆုပ်၏။

——————

ဆုံးမခြင်းပြာဋိဟာ

၄၈၆။ ကေဝဋ္ဋ ဆုံးမခြင်း ပြာဋိဟာ ဟူသည်ကား အဘယ်နည်း။

ကေဝဋ္ဋ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆုံးမ၏၊ “ဤသို့ ကြံကုန်လော့၊ ဤသို့မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤ (တရား) ကို ပယ်ကုန်လော့၊ ဤ (တရား) သို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏၊ ကေဝဋ္ဋ ဤ (ဆုံးမခြင်း) ကို ဆုံးမခြင်း ပြာဋိဟာဟုဆိုအပ်၏။

ကေဝဋ္ဋ တစ်ဖန် ထို့ပြင်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။[သာမညဖလသုတ်ကဲ့သို့ နည်းတူ ချဲ့အပ်၏။]

ကေဝဋ္ဋ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံ၏။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏၊ ကေဝဋ္ဋဤ (ပဌမဈာန်သို့ ရောက်၍ နေရန် ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။

။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ကေဝဋ္ဋ ဤ (စတုတ္ထဈာန်သို့ ရောက်၍ နေရန် ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။

။ပ။ (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏။ပ။ ကေဝဋ္ဋ ဤ (ဝိပဿနာ ဉာဏ်အမြင်အလို့ငှါ ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။

။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ကေဝဋ္ဋ ဤ (အာသဝက္ခယဉာဏ်အမြင်အလို့ငှါ ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။

ကေဝဋ္ဋ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ငါ ဟောကြားထားသော ပြာဋိဟာတို့သည် ဤသုံးပါးတို့ပေတည်း။

——————

မဟာဘုတ်လေးပါးချုပ်ရာကို ရှာသော ရဟန်းဝတ္ထု

၄၈၇။ ကေဝဋ္ဋ ရှေး၌ဖြစ်ဖူးသည်ကား ဤရဟန်းသံဃာထဲ၌ပင် ရဟန်းတစ်ပါးအား ဤသို့သောစိတ်အကြံသည် ဖြစ်ပေါ်၏ —

“မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်ဟူသော ဤမဟာဘုတ်လေးပါးတို့သည် အဘယ်အရာ၌အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု စိတ်အကြံသည် ဖြစ်ပေါ်၏။

၄၈၈။ ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် နတ်ပြည်သို့ သွားရန် ခရီးလမ်း ထင်ရှား ဖြစ်ပေါ်လာသည့်တိုင်အောင် စိတ်တည်ကြည်ခြင်းရှိသော (အဘိညာဉ်) သမာဓိကို ဝင်စား၏။

ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် စာတုမဟာရာဇ်နတ်တို့ထံသို့ ချဉ်းကပ်၍ စာတုမဟာရာဇ်နတ် တို့အားဤစကားကို ဆို၏ —

“ငါ့သျှင်တို့ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤ မဟာဘုတ်လေးပါးတို့သည်အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု ဆို၏။

ကေဝဋ္ဋ ဤသို့ဆိုသော် စာတုမဟာရာဇ်နတ်တို့သည် ထိုရဟန်းအား ဤစကားကို ဆိုကုန်၏ —

“ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာ့အရပ်ကို အကျွန်ုပ်တို့ မသိပါကုန်၊ ရဟန်း အကျွန်ုပ်တို့ထက် သာလွန်မြင့်မြတ်ကုန်သော နတ်မင်းကြီးလေးယောက်တို့သည် ရှိပါကုန်၏၊ ထို (နတ်မင်းကြီး) တို့သည် မြေဓာတ် ရေဓာတ် မီး ဓာတ်လေဓာတ်ဟူသော ဤ မဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာအရပ်ကို သိကုန်ရာပါ၏”ဟု ဆိုကုန်၏။

၄၈၉။ ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် နတ်မင်းကြီး လေးယောက်တို့ထံ ချဉ်းကပ်၍ နတ်မင်းကြီးလေးယောက်တို့အား ဤ (ပြဿနာ) ကို မေး၏။

“ငါ့သျှင်တို့ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤ မဟာဘုတ်လေးပါးတို့သည်အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု မေး၏။

ကေဝဋ္ဋ ဤသို့ မေးသော် နတ်မင်းကြီးလေးယောက်တို့သည် ထိုရဟန်းအား ဤ (စကား) ကို ဆိုကုန်၏ —

“ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ချုပ်ရာအရပ်ကို အကျွန်ုပ်တို့လည်း မသိပါကုန်၊ ရဟန်း အကျွန်ုပ်တို့ထက် သာလွန် မြင့်မြတ်ကုန် သောတာဝတိံသာ နတ်တို့သည် ရှိပါကုန်၏၊ ထို (တာဝတိံသာ) နတ်တို့သည် မြေဓာတ် ရေဓာတ် မီးဓာတ်လေဓာတ် ဟူသော ဤမဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာအရပ်ကို သိကုန်ရာ ပါ၏”ဟု ဆိုကုန်၏။

၄၉ဝ။ ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် တာဝတိံသာနတ်တို့ထံ ချဉ်းကပ်၍ တာဝတိံသာနတ်တို့ အားဤ (ပြဿနာ) ကို မေး၏ —

“ငါ့သျှင်တို့ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤ မဟာဘုတ်လေးပါးတို့သည်အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု မေး၏။

ကေဝဋ္ဋ ဤသို့မေးသော် တာဝတိံသာနတ်တို့သည် ထိုရဟန်းအား ဤ (စကား) ကိုဆိုကုန်၏ —

“ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ချုပ်ရာအရပ်ကို အကျွန်ုပ်တို့လည်း မသိပါကုန်၊ ရဟန်း အကျွန်ုပ်တို့ထက် သာလွန် မြင့်မြတ်သောနတ်တို့အရှင် သိကြား (မင်း) သည် ရှိပါ၏၊ ထို (သိကြားမင်း) သည် မြေဓာတ် ရေဓာတ် မီးဓာတ်လေဓာတ်ဟူသော ဤမဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာအရပ်ကို သိရာပါ၏”ဟု ဆိုကုန်၏။

၄၉၁။ ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် နတ်တို့၏အရှင် သိကြား (မင်း) ထံသို့ ချဉ်းကပ်၍ နတ်တို့၏အရှင် သိကြား (မင်း) အား ဤ (ပြဿနာ) ကို မေး၏ —

“ငါ့သျှင် မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်ဟူသော ဤမဟာဘုတ်လေးပါးတို့သည် အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု မေး၏။

ကေဝဋ္ဋ ဤသို့မေးသော် နတ်တို့၏အသျှင်သိကြား (မင်း) သည် ထိုရဟန်းအား ဤ (စကား) ကို ဆို၏ —

“ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤ မဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ချုပ်ရာအရပ်ကို အကျွန်ုပ်လည်း မသိပါ၊ ရဟန်း အကျွန်ုပ်တို့ထက် သာလွန်မြင့်မြတ်ကုန်သော ယာမာမည်သော နတ်တို့သည် ရှိပါကုန်၏။ပ။ သုယာမ မည်သော နတ်သားသည်။ပ။ တုသိတာ မည်သော နတ်တို့သည်။ပ။ သန္တုဿိတ မည်သော နတ်သားသည်။ပ။ နိမ္မာနရတိ မည်သောနတ်တို့သည်။ပ။ သုနိမ္မိတမည်သော နတ်သားသည်။ပ။ ပရနိမ္မိတဝသဝတ္တီ မည်သော နတ်တို့သည်။ပ။ ဝသဝတ္တီ မည်သော နတ်သားသည် ရှိပါ၏၊ ထို (ဝသဝတ္တီ နတ်သား) သည် မြေဓာတ် ရေဓာတ်မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာအရပ်ကို သိရာ ပါ၏”ဟုဆို၏။

၄၉၂။ ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် ဝသဝတ္တီမည်သော နတ်သားထံသို့ ချဉ်းကပ်၍ ဝသဝတ္တီနတ်သားအား ဤ (ပြဿနာ) ကို မေး၏ —

“ငါ့သျှင် မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ်လေးပါးတို့သည် အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု မေး၏။ ကေဝဋ္ဋ ဤသို့မေးသော် ဝသဝတ္တီနတ်သားသည် ထိုရဟန်းအား ဤ (စကား) ကို ဆို၏ —

“ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤ မဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ချုပ်ရာအရပ်ကို အကျွန်ုပ်သည်လည်း မသိပါ၊ ရဟန်း အကျွန်ုပ်တို့ထက် သာလွန်မြင့်မြတ်ကုန်သော ဗြဟ္မာတို့သည် ရှိပါကုန်၏၊ ထို (ဗြဟ္မာ) တို့သည် မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသောဤ မဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာအရပ်ကို သိကုန်ရာပါ၏”ဟု ဆို၏။

၄၉၃။ ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် ဗြဟ္မာ့ပြည်သို့ သွားရန် ခရီးလမ်း ထင်ရှား ဖြစ်ပေါ် လာသည်တိုင်အောင် စိတ်တည်ကြည်ခြင်းရှိသော (အဘိညာဉ်) သမာဓိကို ဝင်စား၏။

ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် ဗြဟ္မာ့ပြည်၌ ဖြစ်ကုန်သော ဗြဟ္မာတို့ထံသို့ ချဉ်းကပ်၍ ဗြဟ္မာ့ပြည်၌ဖြစ်ကုန်သော ဗြဟ္မာတို့အား ဤ (ပြဿနာ) ကို မေး၏ —

“ငါ့သျှင်တို့ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤ မဟာဘုတ်လေးပါးတို့သည်အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု မေး၏။

ကေဝဋ္ဋ ဤသို့မေးသော် ဗြဟ္မာ့ပြည်၌ ဖြစ်ကုန်သော ဗြဟ္မာတို့သည် ထိုရဟန်းအား ဤ (စကား) ကိုဆိုကုန်၏ —

“ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ်လေးပါးတို့ အကြွင်းမဲ့ချုပ်ရာ အရပ်ကို အကျွန်ုပ်တို့လည်း မသိပါကုန်၊ ရဟန်း အကျွန်ုပ်တို့ထက် သာလွန် မြင့်မြတ် သောဗြဟ္မာသည် ရှိပါ၏၊ ထို (ဗြဟ္မာ) သည် မဟာဗြဟ္မာ ဖြစ်ပါ၏၊ လွှမ်းမိုးနိုင်သူ ဖြစ်ပါ၏၊ မည်သူကမျှမလွှမ်းမိုးနိုင်သူ ဖြစ်ပါ၏၊ စင်စစ် (အလုံးစုံ) ကို မြင်သူ ဖြစ်ပါ၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်ပါ၏၊ အစိုးရသူ ဖြစ်ပါ၏၊ ပြုသူ ဖြစ်ပါ၏၊ ဖန်ဆင်းသူ ဖြစ်ပါ၏၊ အမြတ်ဆုံးသူ ဖြစ်ပါ၏၊ စီမံသူ ဖြစ်ပါ၏၊ (ဈာန်) ၌ လေ့လာပြီးသူ ဖြစ်ပါ၏၊ ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတို့၏ အဖ ဖြစ်ပါ၏၊ ထို (မဟာဗြဟ္မာ) သည်မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ် လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာအရပ်ကိုသိရာပါ၏”ဟု ဆိုကုန်၏။

“ငါ့သျှင်တို့ ယခုအခါ ထိုမဟာဗြဟ္မာသည် အဘယ်မှာ ရှိသနည်း”။

“ရဟန်း မဟာဗြဟ္မာ နေရာဘုံကိုလည်းကောင်း၊ မဟာဗြဟ္မာ လာရာလမ်းကိုလည်းကောင်း၊ မဟာဗြဟ္မာ သွားရာအရပ်ကိုလည်းကောင်း အကျွန်ုပ်တို့လည်း မသိပါကုန်၊ ရဟန်း သို့ရာတွင် မဟာဗြဟ္မာ ထင်ရှား ပေါ်လာရန် ရှေ့ပြေးနိမိတ်တို့သည် ထင်ပါကုန်၏၊ (ထူးခြားသော) အလင်းရောင်တို့သည် ထင်ရှားပေါ်လာပါကုန်၏၊ (သို့ဖြစ်၍ယခုပင်) မဟာဗြဟ္မာသည် ထင်ရှားပေါ်လာပါလတ္တံ့၊ ဤ (ထူးခြားသော) အလင်းရောင် ထင်ရှားပေါ်လာခြင်းသည် မဟာဗြဟ္မာ ထင်ရှားပေါ်လာရန် ရှေ့ပြေးနိမိတ် ဖြစ်ပါ၏”ဟုဆိုကုန်၏။

၄၉၄။ ကေဝဋ္ဋ ထို့နောက် မကြာမီပင် ထိုမဟာဗြဟ္မာသည် ထင်ရှားပေါ်လာ၏။

ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် မဟာဗြဟ္မာထံသို့ ချဉ်းကပ်၍ ထိုမဟာဗြဟ္မာအား ဤ (ပြဿနာ) ကိုမေး၏ —

“ငါ့သျှင် မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်ဟူသော ဤမဟာဘုတ်လေးပါးတို့သည်အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု မေး၏။

ကေဝဋ္ဋ ဤသို့မေးသော် ထိုဗြဟ္မာကြီးသည် ထိုရဟန်းအား ဤ (စကား) ကို ဆို၏ —

“ရဟန်း အကျွန်ုပ်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှမလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံ) ကို မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်) ၌လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတို့၏ အဖ ဖြစ်၏”ဟု ဆို၏။ ကေဝဋ္ဋ နှစ်ကြိမ်မြောက်လည်း ထိုရဟန်းသည် ထိုဗြဟ္မာကြီးအား ဤ (စကား) ကို ဆိုပြန်၏ —

ငါ့သျှင် “သင်သည် ဗြဟ္မာလော့၊ မဟာဗြဟ္မာလော့၊ လွှမ်းမိုးနိုင်သူလော့၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူလော့၊ စင်စစ် (အလုံးစုံ) ကို မြင်သူလော့၊ အလိုအတိုင်း ဖြစ်စေနိုင်သူလော့၊ အစိုးရသူလော့၊ ပြုသူလော့၊ ဖန်ဆင်းသူလော့၊ အမြတ်ဆုံးသူလော့၊ စီမံသူလော့၊ (ဈာန်) ၌ လေ့လာပြီးသူလော့၊ ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတို့၏ အဖလော”ဟု သင့်ကို ဤသို့ ငါမေးသည် မဟုတ်၊ “ငါ့သျှင် မြေဓာတ်ရေဓာတ် မီးဓာတ် လေဓာတ်ဟူသော ဤမဟာဘုတ်လေးပါးတို့သည် အဘယ်အရပ်၌ အကြွင်းမဲ့ချုပ်ကုန်သနည်း”ဟု သင့်ကို ဤသို့သာလျှင် ငါမေး၏ဟု ဆို၏။

ကေဝဋ္ဋ နှစ်ကြိမ်မြောက်လည်း ထိုဗြဟ္မာကြီးသည် ထိုရဟန်းအား ဤ (စကား) ကို ဆိုပြန်၏ —

“ရဟန်း အကျွန်ုပ်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှမလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံ) ကို မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူဖြစ်၏ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်) ၌လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတို့၏ အဖ ဖြစ်၏”ဟု ဆိုပြန်၏။

ကေဝဋ္ဋ သုံးကြိမ်မြောက်လည်း ထိုရဟန်းသည် ထိုဗြဟ္မာကြီးအား ဤ (စကား) ကို ဆိုပြန်၏ —

ငါ့သျှင် “သင်သည် ဗြဟ္မာ လော့၊ မဟာဗြဟ္မာ လော့၊ လွှမ်းမိုးနိုင်သူ လော့၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူလော့၊ စင်စစ် (အလုံးစုံ) ကို မြင်သူလော့၊ အလိုအတိုင်း ဖြစ်စေနိုင်သူလော့၊ အစိုးရသူ လော့၊ ပြုသူလော့၊ ဖန်ဆင်းသူ လော့၊ အမြတ်ဆုံး လော့၊ စီမံသူလော့၊ (ဈာန်) ၌ လေ့လာပြီး သူလော့၊ ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတို့၏ အဖလော”ဟု သင့်ကို ဤသို့ ငါမေးသည် မဟုတ်၊ “ငါ့သျှင် မြေဓာတ်ရေဓာတ် မီးဓာတ် လေဓာတ်ဟူသော ဤမဟာဘုတ်လေးပါးတို့သည် အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း”ဟု သင့်ကို ဤသို့သာလျှင် ငါမေး၏ဟု (ဆိုပြန်၏)။

၄၉၅။ ကေဝဋ္ဋ ထိုအခါ ထိုဗြဟ္မာကြီးသည် ထိုရဟန်း၏ လက်မောင်းကို ကိုင်၍ တစ်ခုသော နေရာ သို့ခေါ်ဆောင်ပြီးလျှင် ထိုရဟန်းအား ဤ (စကား) ကို ဆိုပြန်၏ —

“ရဟန်း ဗြဟ္မာ့ပြည်၌ ဖြစ်ကုန်သော ဤဗြဟ္မာတို့သည် ‘ မဟာဗြဟ္မာ မသိသောအရာ အနည်း ငယ်မျှမရှိ၊ မဟာဗြဟ္မာ မမြင်သောအရာ အနည်းငယ်မျှ မရှိ၊ မဟာဗြဟ္မာအား မထင်မလင်းသော အရာအနည်းငယ်မျှ မရှိ၊ မဟာဗြဟ္မာ မျက်မှောက်မပြုသော အရာ အနည်းငယ်မျှ မရှိ’ဟု အကျွန်ုပ်ကို ဤသို့ထင်မှတ်နေပါကုန်၏၊ ထို့ကြောင့် အကျွန်ုပ်သည် ထို (ဗြဟ္မာ) တို့၏ မျက်မှောက် ၌ မဖြေကြားဘဲရှိခဲ့ပါ၏၊ ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်ဟူသော ဤမဟာဘုတ် လေးပါးတို့ အကြွင်းမဲ့ ချုပ်ရာ အရပ်ကို အကျွန်ုပ်လည်း မသိပါ၊ ရဟန်း ထို့ကြောင့် ဤလောက၌ မြတ်စွာဘုရားကိုကျော်လွန်၍ အပြင်အပ၌ ပြဿနာကို ဖြေရန် ရှာမှီးခြင်းသည် သင်၏သာလျှင်မလျော်သော အမှု ဖြစ်ချေ၏၊ သင်၏သာလျှင် ချွတ်ယွင်းမှု ဖြစ်ချေ၏၊ ရဟန်း သွားပါလေလော့၊ သင်သည် ထိုမြတ်စွာဘုရားကိုသာ ချဉ်းကပ်၍ ဤပြဿနာကို မေးမြန်းပါလေလော့၊ မြတ်စွာဘုရားကသင့်အား ဖြေကြားသည့် အတိုင်းပင် ထို (ပြဿနာ)၏ အနက်ကို မှတ်သားပါလေလော့”ဟု ဆို၏။

၄၉၆။ ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် သန်စွမ်းသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကိုဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင်ဗြဟ္မာ့ပြည်မှ ကွယ်ခဲ့၍ ငါ၏ ရှေ့မှောက်၌ ထင်ရှားပေါ်လာ၏။

ကေဝဋ္ဋ ထိုအခါ ထိုရဟန်းသည် ငါ့ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ငါ့အား ဤ (ပြဿနာ) ကို မေးလျှောက်၏ —

“အသျှင်ဘုရား မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤ မဟာဘုတ်လေးပါးတို့သည် အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်ပါသနည်း”ဟု မေးလျှောက်၏။

——————

ကမ်းကြည့်ငှက် ဥပမာ

၄၉၇။ ကေဝဋ္ဋ ဤသို့ မေးလျှောက်သော် ငါသည် ထိုရဟန်းအား ဤ (စကားကို) ဆို၏ —

“ရဟန်း ရှေး၌ ဖြစ်ဖူးသည်ကား သမုဒ္ဒရာ (ပင်လယ်ကူး) ကုန်သည်တို့သည် ကမ်းကြည့် ငှက်ကိုယူဆောင်၍ သင်္ဘောဖြင့် သမုဒ္ဒရာ (ပင်လယ်) သို့ သက်ဝင်ကုန်၏၊ သင်္ဘောသည် ကမ်းကိုမမြင်လတ်သော် ထိုသူတို့သည် ကမ်းကြည့်ငှက်ကို လွှတ်ကုန်၏၊ ထို (ငှက်) သည် အရှေ့အရပ်သို့ပျံသွား၏၊ တောင်အရပ်သို့ ပျံသွား၏၊ အနောက်အရပ်သို့ ပျံသွား၏၊ မြောက်အရပ်သို့ ပျံသွား၏၊ အထက်အရပ်သို့ ပျံသွား၏၊ အထောင့်အရပ်သို့ ပျံသွား၏၊ ထိုငှက်သည် ထက်ဝန်းကျင်မှ ကမ်းကို အကယ်၍ မြင်ရမူ ပျံမြဲတိုင်း ရှေ့သို့သာ ပျံသွားလေ၏၊ ထို (ငှက်) သည် ထက်ဝန်းကျင်မှ ကမ်း ကိုအကယ်၍ မမြင်မူကား ထိုသင်္ဘောသို့သာ ပြန်လှည့်လာ၏၊ ရဟန်း ဤအတူပင် သင်သည်ဗြဟ္မာ့ပြည်တိုင်အောင် ဤပြဿနာ၏ အဖြေကို ရှာ၍ မရသောကြောင့် ငါ့အထံသို့သာ ပြန်လှည့်လာခဲ့၏၊ ရဟန်း မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဤမဟာဘုတ် လေးပါးတို့သည်အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်ကုန်ပါသနည်း အသျှင်ဘုရား”ဟု ဤပြဿနာကို ဤသို့ကား မမေးသင်။

၄၉၈။ ရဟန်း “အဘယ်အရပ်၌ ရေ မြေ မီး လေသည် မတည်ပါသနည်း၊ အဘယ်အရပ်၌ အရှည်အတို အငယ် အကြီး အကောင်း အဆိုးသည် မရှိပါသနည်း၊ အဘယ်အရပ်၌ နာမ်ရုပ်သည် အကြွင်းမဲ့ချုပ်ပါသနည်း”ဟု ဤပြဿနာကို ဤသို့သာ မေးသင့်ပေ၏။

၄၉၉။ ထို (အမေး) ၌ အဖြေသည် (ဤသို့) ဖြစ်၏ —

“(မျက်စိဖြင့်) မမြင်ကောင်းသော၊ (ဥပါဒ် ဌီ ဘင်) အပိုင်းအခြား မရှိသော၊ ထက်ဝန်းကျင်ဆိပ်ကမ်းရှိသော၊ ဉာဏ်အထူးဖြင့် သိအပ်သော နိဗ္ဗာန်သည် ရှိ၏။ဤ (နိဗ္ဗာန်) ၌ ရေ မြေ မီး လေသည် မတည်ပေ၊ ဤ (နိဗ္ဗာန်) ၌ အရှည် အတို အငယ် အကြီးအကောင်း အဆိုးသည် မရှိပေ။ ဤ (နိဗ္ဗာန်) ၌ နာမ်နှင့် ရုပ်သည် အကြွင်းမဲ့ ချုပ်ပေ၏၁၊ ဤ (နိဗ္ဗာန်) ၌ဝိညာဉ်၏ ချုပ်ခြင်းကြောင့် ဤ (နာမ်နှင့်ရုပ်) သည် ချုပ်ပေ၏”ဟု ဖြစ်၏။

၅ဝဝ။ မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏။ ကေဝဋ္ဋ (မည်သော) သူကြွယ်သားသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

တစ်ဆယ့်တစ်ခုမြောက်သော ကေဝဋ္ဋသုတ် ပြီး၏။

——————

၁။ မဖြစ်သည်ကိုပင် ချုပ်သည်ဟု ဆိုသည်။