ဒီဃနိကာယ်

၆—မဟာဂေါဝိန္ဒသုတ်

၂၉၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါဂန္ဓဗ္ဗနတ်မျိုးဖြစ်သော ပဉ္စသိခနတ်သားသည် ညဉ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တစ်တောင်လုံးကို မိမိကိုယ်ရောင်ဖြင့် ထိန်လင်းစေပြီးလျှင်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား အကျွန်ုပ်သည် တာဝတိံသာနတ်တို့ထံမှကြားနာမှတ်သားထားသော အကြောင်းရာကို မြတ်စွာဘုရားအား လျှောက်ပါအံ့”ဟု (လျှောက်၏)။ “ပဉ္စသိခ လျှောက်လော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

နတ်သဘင်

၂၉၄။ အသျှင်ဘုရား ယခင့်ယခင်ကာလက နှစ် ဥတု လတို့၏ ပြည့်ရာ တန်ဆောင်မုန်းလပြည့် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ဖြစ်သော ပဝါရဏာနေ့ ညဉ့်၌ သုဓမ္မာနတ်သဘင်ဝယ် တာဝတ

သာနတ်တို့သည် အားလုံးလိုလိုပင် အညီအညွတ် စည်းဝေးနေကြပါကုန်၏၊ များစွာသော နတ်ပရိသတ်တို့သည်လည်း ထက်ဝန်းကျင်၌ ထိုင်နေကြပါကုန်၏၊ နတ်မင်းကြီး လေးယောက်တို့သည်လည်း အရပ်လေးမျက်နှာတို့၌ ထိုင်နေကြပါကုန်၏၊ အရှေ့အရပ်မှ ဓတရဋ္ဌနတ်မင်းကြီးသည် အနောက်အရပ်သို့ မျက်နှာမူကာ နတ်အပေါင်းကို ရှေးရှုလျက် ထိုင်နေပါ၏၊ တောင်အရပ်မှ ဝိရူဠှကနတ်မင်းကြီးသည်မြောက်အရပ်သို့ မျက်နှာမူကာ နတ်အပေါင်းကို ရှေးရှုလျက် ထိုင်နေပါ၏၊ အနောက်အရပ်မှဝိရူပက္ခနတ်မင်းကြီးသည် အရှေ့အရပ်သို့ မျက်နှာမူကာ နတ်အပေါင်းကို ရှေးရှုလျက် ထိုင်နေပါ၏၊ မြောက်အရပ်မှ ဝေဿဝဏ် နတ်မင်းကြီးသည် တောင်အရပ်သို့ မျက်နှာမူကာ နတ်အပေါင်းကိုရှေးရှုလျက် ထိုင်နေပါ၏၊

အသျှင်ဘုရား ယင်းသို့ သုဓမ္မာနတ်သဘင်ဝယ် တာဝတ

သာနတ်တို့သည် အားလုံးလိုလိုပင် အညီအညွတ် စည်းဝေးနေကြလျက် များစွာသော နတ်ပရိသတ်တို့သည်လည်း ထက်ဝန်းကျင်၌ထိုင်နေကြလျက် နတ်မင်းကြီးလေးယောက်တို့သည်လည်း အရပ်လေးမျက်နှာတို့၌ ထိုင်နေကြသောအခါထိုနတ်မင်းကြီးတို့ နေရာ၏ နောက်၌ အကျွန်ုပ်တို့ ထိုင်နေရပါ၏။

အသျှင်ဘုရား မြတ်စွာဘုရား သာသနာတော်၌ မြတ်သော အကျင့်ကို ကျင့်သုံး၍ တာဝတိံသာနတ်ပြည်၌ ယခုမှဖြစ်လာကြသော နတ်တို့သည် အခြားနတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်း အခြံအရံအားဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်ပါကုန်၏၊ အသျှင်ဘုရား ထို့ကြောင့် တာဝတ

သာနတ်တို့သည် “အချင်းတို့ အသူရာအပေါင်းတို့ ဆုတ်ယုတ်၍ နတ်အပေါင်းတို့ ပြည့်နှက်စည်ကားလာပေကုန်စွတကား”ဟု ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပျလျက် ရှိပါကုန်၏။

၂၉၅။ အသျှင်ဘုရား ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ ကြည်နူးနေကြသည်ကို သိ၍ ဤဂါထာတို့ဖြင့် ဝမ်းမြောက်စကား ပြောကြားပါ၏—

“အချင်းတို့ မြတ်စွာဘုရား၏ သာသနာတော်၌ မြတ်သောအကျင့်ကို ကျင့်သုံး၍ ဤ တာဝတိံသာဘုံသို့ရောက်လာသော အဆင်း အခြံအရံနှင့် ပြည့်စုံသော နတ်အ သစ်တို့ကို တွေ့မြင်ရကုန်၍သိကြားမင်းနှင့် တကွ တာဝတိံသာနတ်တို့သည် မြတ်စွာဘုရားကို ဦးညွတ်ကုန်လျက် တရားတော်၏တရားကောင်းအဖြစ်ကိုလည်း (ချီးကျူးကုန်လျက်) ဝမ်းမြောက် ပေကုန်စွတကား။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ဤ (နတ်ပြည်) သို့ ထူးခြားစွာ ရောက်လာကုန် သောထို (နတ်အသစ်) တို့သည် အခြားနတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်းအခြံအရံအားဖြင့်လည်းကောင်း အသက်အားဖြင့်လည်းကောင်း သာလွန်၍ တင့်တယ် ပေကုန်၏။

ဤ (အကြောင်းအရာ) ကို မြင်ကုန်၍ သိကြားမင်းနှင့်တကွ တာဝတိံသာနတ်တို့ သည် မြတ်စွာဘုရားကိုဦးညွတ်ကုန်လျက် တရားတော်၏ တရားကောင်းအဖြစ်ကို လည်း (ချီးကျူးကုန်လျက်) ပျော်ရွှင်ကြကုန်၏”ဟု (ဝမ်းမြောက်စကား ပြောကြား ပါ၏)။

အသျှင်ဘုရား ထို (သိကြားမင်း၏ ဝမ်းမြောက်စကား)ကြောင့် တာဝတိံသာနတ်တို့သည် “အချင်းတို့ အသူရာအပေါင်းတို့ ဆုတ်ယုတ်၍ နတ်အပေါင်းတို့ ပြည့်နှက်စည်ကား လာပေကုန်စွတကား”ဟုအတိုင်းထက် အလွန်ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပျလျက် ရှိပါကုန်၏။

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး

၂၉၆။ အသျှင်ဘုရား ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ ကြည်နူးနေကြသည်ကိုသိ၍ “အချင်းတို့ သင်တို့သည် ထိုမြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နာကြားလိုကြသလော”ဟု (တာဝတိံသာနတ်တို့ကို မေးပါသည်)။

အရှင်သိကြားမင်း အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ ကိုနာကြားလိုပါကုန်၏ဟု (နတ်တို့က ပြန်ကြားပါသည်)။

အသျှင်ဘုရား ထိုအခါ နတ်တို့အသျှင် သိကြားမင်းသည် မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို ဟောပြောပါသည်။

အချင်းတို့ တာဝတိံသာနတ်တို့သည် ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း၊ ထိုမြတ်စွာဘုရားသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏အကျိုး စီးပွါးချမ်း သာအလို့ငှါ ကျင့်တော်မူပါပေ၏၊ ဤသို့ လူအများ၏ စီးပွါးချမ်းသာအလို့ငှါလောကကို စောင့် ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ကျင့်တော်မူသည့်ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့ မတွေ့မြင်ရကုန်၊ ယခုလည်းထိုမြတ်စွာဘုရားမှတစ်ပါး ငါတို့ မတွေ့မြင်ရ ကုန်။ (၁)

ထိုမြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူ့ထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစား နိုင်သောတရားတော်ပါပေတည်း၊ ဤသို့ (မိမိကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားကို ဟောတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး ငါတို့မတွေ့ မြင်ရကုန်။ (၂)

ထိုမြတ်စွာဘုရားသည် “ဤကား ကုသိုလ်တည်း”ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊ “ဤကားအကုသိုလ်တည်း”ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊ “ဤကား အပြစ်ရှိ၏၊ ဤကား အပြစ် မရှိ။ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏၊ ဤကား မြတ်၏။ ဤကား မည်းညစ်သောအဖို့, ဖြူစင်သော အဖို့ ရှိ၏”ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏။ ဤသို့ ကုသိုလ် အကုသိုလ်, အပြစ်ရှိ အပြစ်မရှိ, မှီဝဲအပ် မမှီဝဲအပ်, အယုတ်အမြတ်, မည်းညစ်သောအဖို့ ဖြူစင်သော အဖို့ရှိသောတရားတို့ကို ဟောပြတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး ငါတို့ မတွေ့မြင်ရကုန်။ (၃)

ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက် ရှိပါပေ၏၊ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည်ယမုနာမြစ်ရေနှင့် နှီးနှောဆက်စပ်လျက် တစ်ပေါင်းတည်း ဖြစ်သကဲ့သို့ ဤအတူပင် ထိုမြတ်စွာဘုရားသည်တပည့်တို့အား နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ နိဗ္ဗာန်နှင့်အကျင့်သည် နှီးနှောဆက်စပ်လျက် ရှိပါပေ၏၊ ဤသို့ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ဟောကြားတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့ မတွေ့မြင်ရကုန်၊ ယခုလည်းထိုမြတ်စွာဘုရားမှတစ်ပါး ငါတို့ မတွေ့မြင်ရကုန်။ (၄)

ထိုမြတ်စွာဘုရားအား လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင် ဝမ်းသာအားရဖြစ်နေကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံပါပေ၏၊ သို့သော်လည်း ထိုမြတ်စွာဘုရားသည်ကားမာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုဉ်းပေးတော်မူပါပေ၏။ ဤသို့ မာန်ယစ်ခြင်းကင်းလျက်အစာအာဟာရကို ဘုဉ်းပေးတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင် ရကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး ငါတို့ မတွေ့မြင်ရကုန်။ (၅)

ထိုမြတ်စွာဘုရားသည် ကျင့်သုံးဆဲ သေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွါ၍ တစ်ပါးတည်း မွေ့လျော်လျက် နေတော်မူပါပေ၏၊ ဤသို့တစ်ပါးတည်း မွေ့လျော်သည့် ဤအဂ ငါ်္နှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့ မတွေ့မြင် ရကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး ငါတို့ မတွေ့မြင်ရကုန်။ (၆)

ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိတော်မူပါပေ၏၊ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိပါပေ၏။ ဤသို့ ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိလျက် ဤနည်းဖြင့် (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကို ကျင့်သည့် ဤအဂ ငါ်္နှင့်ပြည့်စုံ သော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါးငါတို့မတွေ့ မြင်ရကုန်။ (၇)

ထိုမြတ်စွာဘုရားသည် မြတ်သောမှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ယုံမှားခြင်း ‘ဝိစိကိစ္ဆ ာ‘ ခရီးခဲကို ကူးမြောက်ပြီး ဖြစ်တော်မူပါပေ၏၊ သို့လောသို့လော တွေးတောခြင်းကင်းပြီး ဖြစ်တော်မူပါပေ၏၊ အလုံးစုံပြီးမြောက်သော နှလုံးအလိုရှိတော်မူပါပေ၏၊ ဤသို့ မြတ်သောမှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ‘ဝိစိကိစ္ဆ ာ‘ ခရီးခဲကို ကူးမြောက်ပြီးဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီးဖြစ်လျက် အလုံးစုံပြီးမြောက်သော နှလုံးအလိုရှိသည့်ဤ အဂ ငါ်္နှင့်ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့ မတွေ့မြင်ရကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ့တစ်ပါး ငါတို့ မတွေ့မြင်ရကုန်။ (၈)

၂၉၇။ အသျှင်ဘုရား နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့အား မြတ်စွာဘုရား၏မဖောက်မပြန်ဟုတ်မှန်သော ဤဂုဏ်ရှစ်ပါးတို့ကို ဟောပြောပါသည်၊ အသျှင်ဘုရား ထို (သို့ဟောပြောသော)ကြောင့် တာဝတိံသာနတ်တို့သည် မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကိုကြားနာရ၍ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပျလျက် ရှိပါကုန်၏။

အသျှင်ဘုရား ထို (နတ်အစည်းအဝေး) ၌ အချို့နတ်တို့သည် ဤသို့ဆိုပါကုန်၏—

“အချင်းတို့ (ယခု) မြတ်စွာဘုရားကဲ့သို့သော လေးဆူသော မြတ်စွာဘုရားတို့သည် လောက၌ ပွင့်၍တရားကို ဟောကြပါမူ ကောင်းလေစွ၊ ထို (သို့ပွင့်၍ တရားဟောခြင်း) သည် လူအများတို့၏စီးပွါးချမ်းသာ အလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာ အလို့ငှါဖြစ်ရာ၏”ဟု (ဆိုပါကုန်၏)။

အချို့နတ်တို့သည် ဤသို့ ဆိုပါကုန်၏—

“အချင်းတို့ လေးဆူသော မြတ်စွာဘုရားတို့ကို ထားပါကုန်ဦး၊ အချင်းတို့ သုံးဆူသော မြတ်စွာဘုရားတို့သည် (ယခု) မြတ်စွာဘုရားကဲ့သို့ လောက၌ ပွင့်၍ တရားကို ဟောကြပါမူ ကောင်းလေ စွ၊ ထို (သို့ပွင့်၍ တရားဟောခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးချမ်းသာ အလို့ငှါ ဖြစ်ရာ၏”ဟု (ဆိုပါကုန်၏)။ အချို့နတ်တို့သည် ဤသို့ ဆိုပါကုန်၏—

“အချင်းတို့ သုံးဆူသော မြတ်စွာဘုရားတို့ကို ထားပါကုန်ဦး၊ အချင်းတို့ နှစ်ဆူသော မြတ်စွာဘုရားတို့သည် (ယခု) မြတ်စွာဘုရားကဲ့သို့ လောက၌ပွင့်၍ တရားကို ဟောကြပါမူ ကောင်းလေစွ၊ ထို (သို့ပွင့်၍ တရားဟောခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏”ဟု (ဆိုပါကုန်၏)။

၂၉၈။ အသျှင်ဘုရား ဤသို့ ဆိုကုန်လတ်သော် နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့အား ဤစကားကို ဆိုပါ၏—

“အချင်းတို့ တစ်ခုတည်းသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော နှစ်ဆူသောဘုရားရှင်တို့သည် မရှေးမနှောင်း (တစ်ပြိုင်နက်) ဖြစ်ရာသော အကြောင်းသည် မရှိပေ။ အချင်း တို့ထိုမြတ်စွာဘုရားသည် အနာရောဂါကင်းသည်ဖြစ်၍ အသက်ရှည်မြင့်စွာ တည်နေနိုင်ပါမူ ကောင်းလေစွ၊ ထိုသို့ တည်နေခြင်းသည် လူအများ၏ စီးပွါး ချမ်းသာအလို့ငှါ လောကကို စောင့် ရှောက်ရန် အလို့ငှါနတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏”ဟု (ဆိုပါ၏)။

အသျှင်ဘုရား ထိုအခါ သုဓမ္မာနတ်သဘင်ဝယ် တာဝတိံသာနတ်တို့စည်းဝေးခြင်း၏ အကြောင်းရင်းဖြစ်သော ကိစ္စကို စဉ်းစားဆွေးနွေးပြီးသဖြင့် နတ်မင်းကြီးလေးယောက်တို့သည် ထိုကိစ္စနှင့် ပတ်သက်၍မိန့်မှာချက် နောက်ထပ် ညွှန်ကြားချက်များကို ခံယူပြီးလျှင် ဖဲခွါမသွားကြသေးမူ၍ မိမိတို့နေရာ၌ တည်လျက်ရှိပါကုန်၏—

မိန့်မှာချက်ကို ရရှိသော ထိုနတ်မင်းကြီးလေးယောက်တို့သည် နောက်ထပ်ညွှန်ကြားချက်ကို လည်းခံယူကုန်ပြီး၍ စိတ်ကြည်နူးကာ မိမိတို့နေရာ၌ ငြိမ်သက်စွာ တည်လျက်ရှိကုန်၏။

၂၉၉။ အသျှင်ဘုရား ထိုအခိုက်တွင် နတ်တို့၏ နတ်အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ကြီးကျယ်သော အလင်းရောင်သည် မြောက်အရပ်မှ ထွက်ပေါ်လာပါ၏။ အသျှင်ဘုရား ထိုအခါ နတ်တို့အရှင်သိကြားမင်းသည် တာဝတိံသာနတ်တို့ကို မိန့်ဆိုပါ၏—

“အချင်းတို့ (ဗြဟ္မာထင်ရှားပေါ်လာရန်) ရှေ့ပြေးနိမိတ်တို့သည် ထင်ကုန်၏၊ ကြီးကျယ်သောအလင်းရောင်သည် ထွက်ပေါ်လာ၏၊ (သို့ဖြစ်၍) ဗြဟ္မာသည် ထင်ရှားပေါ်လာလတ္တံ့၊ ဤအလင်းရောင့်ထွက်ပေါ်လာခြင်းသည် ဗြဟ္မာထင်ရှား ဖြစ်ပေါ်လာရန် ရှေ့ပြေးနိမိတ် ဖြစ်သည်”ဟု (မိန့်ဆိုပါ၏)။

ရှေ့ပြေးနိမိတ်တို့ ထင်သောကြောင့် ဗြဟ္မာသည် ထင်ရှားပေါ်လာလတ္တံ့၊ ဤကြီး မားပြန့်ကျယ်သောအလင်းရောင် ဖြစ်ပေါ်ခြင်းသည် ဗြဟ္မာပေါ်လာရန် ရှေ့ပြေး နိမိတ်ပေတည်း။

သနင်္ကုမာရ ဗြဟ္မာမင်း အကြောင်း

၃ဝဝ။ အသျှင်ဘုရား ထိုအခါ တာဝတိံသာနတ်တို့သည် “ဤအလင်းရောင်ကို သိရအောင် စောင့်ကြည့်ကုန်အံ့၊ ဤအလင်းရောင်ကြောင့် ဖြစ်ပေါ်မည့် အကျိုးကို မျက်မှောက်တွေ့မြင်ပြီးမှသာလျှင် သွားကုန်အံ့”ဟု (ရည်ရွယ်၍) မိမိတို့၏ ထိုင်မြဲနေရာတို့၌ပင် ထိုင်နေပါကုန်၏။ နတ်မင်းကြီးလေးယောက်တို့သည်လည်း “ဤအလင်းရောင်ကို သိရအောင် စောင့်ကြည့်ကုန်အံ့၊ ဤအလင်းရောင်ကြောင့်ဖြစ်ပေါ်မည့်အကျိုး ကို မျက်မှောက် တွေ့မြင်ပြီးမှသာလျှင် သွားကုန်အံ့”ဟု (ရည်ရွယ်၍) မိမိ မိမိတို့၏ထိုင်မြဲနေရာတို့၌ပင် ထိုင်နေပါကုန်၏။

တာဝတိံသာနတ်တို့သည် ဗြဟ္မာပေါ်လာလတ္တံ့ဟု ဆိုသော သိကြားမင်း၏ ဤစကားကို ကြားကုန်၍ “ဤအလင်းရောင်ကို သိရအောင် စောင့်ကြည့်ကုန်အံ့၊ ဤအလင်းရောင်ကြောင့် ဖြစ်ပေါ်မည့်အကျိုးကိုမျက်မှောက်တွေ့မြင်ပြီးမှသာလျှင် သွားကုန်အံ့”ဟု (ရည်ရွယ်၍) ငြိမ်သက်တည်ကြည်စွာစိတ်ဝင်စားလျက် ရှိပါကုန်၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ကမ်းတမ်းသောအတ္တဘောကို ဖန်ဆင်းလျက် ပေါ်လာရပါ၏။ အသျှင်ဘုရား (အကြောင်းမူကား) ဗြဟ္မာ၏ ပကတိအဆင်းသည် တာဝတိံသာနတ်တို့၏ မျက်စိ၌ မထင်ပေါ်နိုင်ပါ။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာသောအခါ အခြားသော နတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်း အခြံအရံအားဖြင့်လည်းကောင်းသာလွန်၍ တင့်တယ်ပါ၏။

အသျှင်ဘုရား ဥပမာအားဖြင့် ရွှေစင်ရုပ်ကိုယ်သည် လူ၏ရုပ်ကိုယ်ထက်သာလွန်၍ တင့်တယ်သကဲ့သို့အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာသောအခါ အခြားသော နတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်း အခြံအရံအားဖြင့်လည်းကောင်းသာလွန်၍ တင့်တယ်ပါ၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာသောအခါ ထိုပရိသတ်၌ တစ်ဦးတစ်ယောက်သော နတ်မျှ သနင်္ကုမာရဗြဟ္မာကို ရှိလည်း မခိုးပါ၊ ခရီးဦးကြိုလည်း မပြုပါ၊ နေရာဖြင့်လည်း မဖိတ်ခေါ်ပါ၊ “ယခုအခါ သနင်္ကုမာရဗြဟ္မာသည် အလိုရှိရာ နတ်၏ပလ္လင်၌ ထိုင်လတ္တံ့”ဟု (ဆိတ်ဆိတ်သာလျှင် နှလုံးသွင်းလျက်) အလုံးစုံသော နတ်တို့သည် လက်အုပ်ချီကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပါကုန်၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် အကြင်နတ်၏ ပလ္လင်၌ ထိုင်ငြားအံ့၊ ထိုနတ်သည် မြတ်သောဝမ်းမြောက်မှု မြတ်သော ဝမ်းသာမှုကို ရပါ၏။ အသျှင်ဘုရား ဥပမာအားဖြင့် မင်းအဖြစ်ဖြင့် အဘိသိက်သွန်းပြီးခါစဖြစ်သော အဘိသိက်ခံ ရေမြေ့ရှင်မင်းသည် မြတ်သော ဝမ်းမြောက်မှု ဝမ်းသာမှုကိုရသကဲ့သို့အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည် အကြင်နတ်၏ ပလ္လင်၌ ထိုင်ငြားအံ့၊ ထိုနတ်သည်မြတ် သော ဝမ်းမြောက်မှုကိုရပါ၏၊ မြတ်သော ဝမ်းသာမှုကိုရပါ၏။

အသျှင်ဘုရား ထို့နောက် သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့ ကြည်နူးနေကြသည်ကို သိ၍ကိုယ်ထင်ရှား မပြသေးဘဲ ဤဂါထာတို့ဖြင့် ဝမ်းမြောက်စကား ပြောကြား၏—

“အချင်းတို့ မြတ်စွာဘုရား၏ သာသနာတော်၌ မြတ်သော အကျင့်ကို ကျင့်သုံး၍ ဤတာဝတိံသာ့နတ်ဘုံသို့ ရောက်လာသော အဆင်း အခြံအရံနှင့်ပြည့်စုံသော နတ်အသစ်တို့ကို တွေ့မြင်၍သိကြားမင်းနှင့်တကွ တာဝတိံသာနတ်တို့သည် မြတ်စွာဘုရားကို ဦးညွတ်ကုန်လျက် တရားတော်၏တရားကောင်း အဖြစ်ကိုလည်း (ချီးကျူးကုန်လျက်) ဝမ်းမြောက်ပေကုန်စွတကား။

မြတ်စွာဘုရား၏ တပည့်ဖြစ်သော ဤ (နတ်ပြည်) သို့ ထူးခြားစွာ ရောက်လာ ကုန်သောထို (နတ်အသစ်) တို့သည် အခြားနတ်တို့ထက် အဆင်းအားဖြင့်လည်း ကောင်းအခြံအရံအားဖြင့်လည်းကောင်း အသက်အားဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်ပေကုန်၏။

ဤ (အကြောင်းအရာ) ကို မြင်ကုန်၍ သိကြားမင်းနှင့်တကွ တာဝတိံသာနတ်တို့ သည် မြတ်စွာဘုရားကိုဦးညွတ်ကုန်လျက် တရားတော်၏ တရားကောင်း အဖြစ်ကို လည်း (ချီးကျူးကုန်လျက်) ပျော်ရွှင်ကြကုန်၏”ဟု (ဝမ်းမြောက်စကား ပြောကြား ပါ၏)။

၃ဝ၁။ အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို မိန့်ဆိုပါ၏။ အသျှင်ဘုရား ဤအကြောင်းကို မိန့်ဆိုသော သနင်္ကုမာရဗြဟ္မာ၏ အသံသည် သန့်ရှင်းခြင်း၊ ပြတ်သားခြင်း၊ သာယာခြင်း၊ နားဝင်ချိုခြင်း၊ အသံလုံးခြင်း၊ မကွဲအက်ခြင်း၊ အသံအောင်ခြင်း၊ မြည်ဟိန်းခြင်း ဟူသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံပါ၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ပရိသတ်ရှိသလောက် အသံဖြင့် ကြားသိစေပါသည်၊ ထို (ဗြဟ္မာ) ၏ အသံသည် ပြင်ပသို့လည်း မထွက်ပါ၊ အသျှင်ဘုရား ဤသို့အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံရှိသူကို ဗြဟ္မာ့အသံနှင့်တူသော အသံရှိသူ ဟူ၍ ဆိုအပ်ပါ၏။

အသျှင်ဘုရား ထိုအခါ တာဝတိံသာနတ်တို့သည် သနင်္ကုမာရဗြဟ္မာအား ဤစကားကို ဆိုပါကုန်၏—

“အသျှင်ဗြဟ္မာကြီး အကျွန်ုပ်တို့သည် ဤအကြောင်းကို သိရ၍ အလွန်ဝမ်းမြောက်ပါကုန်၏၊ နတ်တို့အရှင် သိကြားမင်းသည် ထိုမြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါး တို့ကိုဟောပြောပါ၏၊ ထိုဂုဏ်တို့ကို သိရ၍ အကျွန်ုပ်တို့သည် ဝမ်းမြောက်ပါကုန်၏”ဟု (ဆိုပါ ကုန်၏)။

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး

၃ဝ၂။ အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် နတ်တို့အရှင် သိကြားမင်းအား ဤစကားကိုဆို၏၊ “နတ်တို့အရှင် သိကြားမင်း တောင်းပန်ပါ၏၊ အကျွန်ုပ်တို့သည်လည်း ထိုမြတ်စွာဘုရား၏မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နာကြားလိုပါကုန်၏”ဟု (ဆိုပါ၏)။

အသျှင်ဘုရား နတ်တို့အရှင် သိကြားမင်းသည် “ကောင်းပါပြီ အသျှင် ဗြဟ္မာကြီး”ဟု သနင်္ကုမာရဗြဟ္မာအား ဝန်ခံ၍ မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို ဟောကြား၏။

အသျှင်ဗြဟ္မာကြီးသည် ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ ထိုမြတ်စွာဘုရားသည် လူ အများ၏စီးပွါး ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာ အလို့ငှါလွန်စွာကျင့်တော်မူပါပေ၏၊ ဤသို့လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ကျင့်တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကိုရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၁)

ထိုမြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့်အကျိုးကို ပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစား နိုင်သောတရားတော်ပါပေတည်း။ ဤသို့ (မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ကို့ဟောတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၂)

ထိုမြတ်စွာဘုရားသည် “ဤကား ကုသိုလ်တည်း”ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊ “ဤကားအကုသိုလ်တည်း”ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊ “ဤကား အပြစ်ရှိ၏၊ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏၊ ဤကား မြတ်၏။ ဤကား မည်းညစ်သောအဖို့, ဖြူစင်သောအဖို့ ရှိ၏”ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏။ ဤသို့ ကုသိုလ် အကုသိုလ်, အပြစ်ရှိ အပြစ်မရှိ, မှီဝဲအပ် မမှီဝဲအပ်, အယုတ် အမြတ်, မည်းညစ်သောအဖို့ ဖြူစင်သောအဖို့ရှိသောတရားတို့ကို ဟောပြတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၃)

ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက် ရှိပါပေ၏၊ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည်ယမုနာမြစ် ရေနှင့် နှီးနှောဆက်စပ်လျက် တပေါင်းတည်းဖြစ်သကဲ့သို့၊ ဤအတူပင် ထိုမြတ်စွာဘုရားသည်တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ နိဗ္ဗာန်နှင့်အကျင့်သည် နှီးနှောဆက်စပ်လျက် ရှိပါပေ၏၊ ဤသို့ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ဟောကြားတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၄)

ထိုမြတ်စွာဘုရားအား လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင် ဝမ်းသာအားရဖြစ်နေကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံပါပေ၏။ သို့သော်လည်း ထိုမြတ်စွာဘုရားသည်ကား မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုဉ်းပေးတော်မူပါပေ၏၊ ဤသို့ မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုဉ်းပေးတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၅)

ထိုမြတ်စွာဘုရားသည် ကျင့်သုံးဆဲ သေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွါ၍ တစ်ပါးတည်း မွေ့လျော်လျက် နေတော်မူပါပေ၏။ ဤသို့တစ်ပါးတည်း မွေ့လျော်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၆)

ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိတော်မူပါပေ၏၊ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိတော်မူပါပေ၏၊ ဤသို့ ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိလျက် ဤနည်းဖြင့် (လောကုတ္တရာ) တရားအား လျော်သော အကျင့်ကို ကျင့်သည့် ဤ အင်္ဂါနှင့်ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၇)

ထိုမြတ်စွာဘုရားသည် မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ခရီးခဲကို ကူးမြောက်ပြီး ဖြစ်တော်မူပါပေ၏၊ သို့လော သို့လော တွေးတောခြင်းကင်းပြီး ဖြစ်တော်မူပါပေ၏၊ အလုံးစုံပြီးမြောက်သော နှလုံးအလိုရှိတော်မူပါပေ၏၊ ဤသို့ မြတ်သောမှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ခရီးခဲကို ကူးမြောက်ပြီးဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီဖြစ်လျက် အလုံးစုံပြီးမြောက်သော နှလုံးအလိုရှိသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၈) ဟူ၍—

၃ဝ၃။ မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နတ်တို့အရှင် သိကြား့မင်းသည် သနင်္ကုမာရဗြဟ္မာအား ဟောပြောပါသည် အသျှင်ဘုရား။

အသျှင်ဘုရား ထို (သို့ သိကြားမင်းဟောပြောသော)ကြောင့် သနင်္ကုမာရဗြဟ္မာသည် မြတ်စွာဘုရား၏မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို ကြားနာရ၍ ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပြလျက်ရှိပါ၏။

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ဖန်ဆင်းလျက်ဦးစွန်းငါးခုရှိသော သတို့သားအသွင်ဖြင့် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာပါ၏။ ထိုဗြဟ္မာသည် ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပါ၏။

အသျှင်ဘုရား ခွန်အားရှိသော ယောကျာ်းသည် ကောင်းစွာ ခင်းထားသော ပလ္လင်၌ဖြစ်စေ ညီညွတ်သော မြေပြင်၌ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသကဲ့သို့၊ အသျှင်ဘုရား ဤအတူပင်သနင်္ကုမာရဗြဟ္မာသည် ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီးလျှင် တာဝတိံသာ နတ်တို့ကို (ဤသို့) ပြောဆိုပါ၏။

ဂေါဝိန္ဒပုဏ္ဏား ဝတ္ထု

၃ဝ၄။ အချင်းတို့ ထိုအရာကို အသျှင်တာဝတိံသာနတ်တို့သည် အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုမြတ်စွာဘုရားသည် ရှည်မြင့်စွာသော ကာလကပင် ကြီးကျယ်သော ပညာရှိ ဖြစ်ခဲ့ဖူး၏။

အချင်းတို့ ရှေး၌ဖြစ်ဖူးသည်ကား ဒိသမ္ပတိမည်သော မင်းသည် ရှိ၏၊ ဒိသမ္ပတိမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ဂေါဝိန္ဒအမည် ရှိ၏၊ ဒိသမ္ပတိမင်းအား ရေဏုမည်သော သားတော်သည် ရှိ၏၊ ဂေါဝိန္ဒပုဏ္ဏားအားလည်း ဇောတိပါလလုလင်မည်သော သားသည် ရှိ၏၊ ဤဆိုခဲ့သော ရေဏုမင်းသား, ဇောတိပါလလုလင်တို့နှင့်တကွ အခြားမင်းသား ခြောက်ဦးအားဖြင့် ဤရှစ်ဦးတို့သည် အပေါင်းအဖော် (သူငယ်ချင်း) များ ဖြစ်ကြကုန်၏။

အချင်းတို့ ထို့နောက် ကာလကြာမြင့်သောအခါ ဂေါဝိန္ဒပုဏ္ဏားသည် ကွယ်လွန်လေ၏။ ဂေါဝိန္ဒ ပုဏ္ဏားကွယ်လွန်သောအခါ ဒိသမ္ပတိမင်းသည် ငိုကြွေးမြည်တမ်း၏၊ “အချင်းတို့ ငါတို့သည် အလုံးစုံသောကိစ္စတို့ကို ဂေါဝိန္ဒပုဏ္ဏားအား လွှဲအပ်၍ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ ခံစားနေရကုန်စဉ် ငါတို့၏ ဂေါဝိန္ဒပုဏ္ဏားသည် ကွယ်လွန်ခဲ့၏တကား”ဟု (ငိုကြွေးမြည်တမ်း၏)။ အချင်းတို့ ဤသို့ဆို၍ ငိုကြွေးသော် ရေဏုမင်းသားသည် ဒိသမ္ပတိမင်းအား ဤစကားကို လျှောက်၏။

“အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ဂေါဝိန္ဒပုဏ္ဏားကွယ်လွန်သည့်အတွက် ပြင်းစွာ မငိုကြွေး မမြည်တမ်းပါလင့်၊ အရှင်မင်းမြတ် ဂေါဝိန္ဒပုဏ္ဏား၏သား ဇောတိပါလမည်သော လုလင်သည် ရှိပါ၏၊ (သူသည်) အဖထက်သာ၍ ပညာလည်း ရှိပါ၏၊ အဖထက်သာ၍ အမှုကိစ္စကိုလည်း မြင်စွမ်းနိုင်ပါ၏၊ သူ့အဖညွှန်ကြားခဲ့သော အမှုကိစ္စတို့သည်လည်း ဇောတိပါလလုလင် ညွှန်ကြားချက်တို့သာ ဖြစ်ကုန်၏”ဟု (လျှောက်၏)။

“မင်းသား ဤသို့ဟုတ်ပါ၏လော”ဟု (မေးတော်မူ၏)။

“အရှင်မင်းမြတ် ဤသို့ဟုတ်ပါ၏”ဟု (လျှောက်တင်၏)။

မဟာဂေါဝိန္ဒ ဝတ္ထု

၃ဝ၅။ အချင်း (နတ်) တို့ ထိုအခါ ဒိသမ္ပတိမင်းသည် (မင်းချင်း) ယောကျာ်း တစ်ယောက်အားအမိန့်ပေး၏—

“အချင်းယောကျာ်း သင်သည် လာလော့၊ ဇောတိပါလလုလင်ထံသို့ ချဉ်းကပ်၍ ဇောတိပါလလုလင်ကို ဤသို့ ဆိုချေလော့ — ‘အသျှင်ဇောတိပါလအား ကောင်းသော မင်္ဂလာ ဖြစ်ပါစေသတည်း၊ ့ဒိသမ္ပတိမင်းသည် အသျှင်ဇောတိပါလလုလင်ကို ခေါ်ပါ၏၊ ဒိသမ္ပတိမင်းသည် အသျှင်ဇောတိပါလလုလင်အား တွေ့မြင်လိုပါ၏’ဟု ဆိုချေလော့” ဟူ၍ (အမိန့်ပေး၏)။

အချင်းတို့ ထိုယောကျာ်းသည် “ကောင်းပါပြီ အရှင်မင်းမြတ်”ဟု ဒိသမ္ပတိမင်းအား ဝန်ခံ၍ ဇောတိပါလလုလင်ထံ ချဉ်းကပ်ပြီးလျှင် ဇောတိပါလလုလင်အား ဤစကားကို ဆို၏ —

“အသျှင်ဇောတိပါလအား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေသတည်း၊ ဒိသမ္ပတိမင်းသည် အသျှင်ဇောတိပါလလုလင်ကို ခေါ်ပါ၏၊ ဒိသမ္ပတိမင်းသည် အသျှင်ဇောတိပါလလုလင်အား တွေ့မြင်လိုပါ၏”ဟု (ဆို၏)။ အချင်းတို့ ဇောတိပါလလုလင်သည် “ကောင်းပြီ အချင်း (ယောကျာ်း)”ဟု ထိုယောကျာ်းအားဝန်ခံ၍ ဒိသမ္ပတိမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ဒိသမ္ပတိမင်းနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။

အချင်းတို့ ဒိသမ္ပတိမင်းသည် တစ်ခုသော နေရာ၌ ထိုင်နေသော ဇောတိပါလလုလင်အား ဤစကား ကိုဆို၏ —

“အသျှင်ဇောတိပါလသည် ငါတို့အား ညွှန်ကြားဆုံးမပါလော့၊ အသျှင်ဇောတိပါလသည် ငါတို့အားညွှန်ကြားဆုံးမရန် မငြင်းပယ်ပါလင့်၊ သင့်ကို သင့်အဖနေရာ၌ ထားပါအံ့၊ ဂေါဝိန္ဒပုရောဟိတ်ရာထူး၌ခန့်ပါအံ့”ဟု (ဆို၏)။

“ကောင်းပါပြီ အရှင်မင်းမြတ်”ဟု ထိုဇောတိပါလလုလင်သည် ဒိသမ္ပတိမင်းအား ဝန်ခံ၏၊ ထိုအခါဒိသမ္ပတိမင်းသည် ဇောတိပါလလုလင်ကို ဂေါဝိန္ဒပုရောဟိတ်ရာထူး၌ ခန့်၍ သူ့အဖနေရာ၌ ထား၏။

ဂေါဝိန္ဒပုရောဟိတ်ရာထူး၌ ခန့်၍ သူ့အဖနေရာ၌ ထားပြီးသည်ရှိသော် ဇောတိပါလလုလင်သည် ထိုမင်းအား ဖခင်ညွှန်ကြားဆုံးမခဲ့ဖူးသော အမှုကိစ္စတို့ကိုလည်း ညွှန်ကြားဆုံးမ၏၊ ဖခင်မညွှန်ကြား မဆုံးမဖူးသေးသော အမှုကိစ္စတို့ကိုလည်း ညွှန်ကြားဆုံးမ၏၊ ဖခင်စီရင်ပြီးစီးစေခဲ့ဖူးသော ထိုမင်း၏ လုပ်ငန်းဆောင်တာတို့ကိုလည်း စီရင်ပြီးစီးစေ၏၊ ဖခင် မစီရင်မပြီးစီးစေခဲ့ဖူးသေးသော လုပ်ငန်းဆောင်တာတို့ကိုလည်း စီရင်ပြီးစီးစေ၏။

လူတို့သည် “အချင်းတို့ (ဇောတိပါလသည်) ဂေါဝိန္ဒပုဏ္ဏားပေတကား၊ မဟာဂေါဝိန္ဒပုဏ္ဏားပေတကား”ဟု ထို ဇောတိပါလလုလင်ကို ချီးကျူးကုန်၏၊ အချင်းတို့ ဤသို့ လူအများ ချီးကျူးကြသောကြောင့်ဇောတိပါလလုလင်အား ‘ဂေါဝိန္ဒ, မဟာဂေါဝိန္ဒ’ ဟူ၍သာလျှင် အမည်တွင်လေ၏။

မင်းစည်းစိမ်ကို ခွဲဝေခြင်း

၃ဝ၆။ အချင်းတို့ ထို့နောက် မဟာဂေါဝိန္ဒသည် ထို (ဆိုခဲ့သော) မင်းသားခြောက်ယောက်တို့ထံသို့ချဉ်းကပ်၍ ထိုမင်းသားတို့အား ဤစကားကို ဆို၏—

“အရှင် (မင်းသား) တို့ ဒိသမ္ပတိမင်းသည် အိုမင်း ကြီး ရင့်နေပါပြီ၊ အရွယ်လွန်နေပါပြီ၊ အဆုံးပိုင်းအရွယ်သို့ ရောက်နေပါပြီ၊ အရှင် (မင်းသား) တို့ မည်သူမျှ အသက်ရှင်နေမည့်ကာလကို မသိနိုင်ပါ၊ ဒိသမ္ပတိမင်း ကွယ်လွန်သည်ရှိသော် မင်းမြှောက်နိုင်ခွင့်ရှိသူတို့သည် ရေဏု (မင်းသား) ကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်ရာသော အကြောင်းသည် ရှိ၏၊ အရှင် (မင်းသား) တို့ လာကြကုန်လော့၊ ရေဏုမင်းသားထံသို့ချဉ်းကပ်၍ ရေဏုမင်းသားကို ဤသို့ ဆိုကုန်လော့ — ‘အကျွန်ုပ်တို့သည် အရှင်ရေဏု၏ ချစ်ခင်မြတ်နိုးအပ်သော အပေါင်းအဖော်များ ဖြစ်ကြပါသည်၊ မမုန်းနိုင်သူများ ဖြစ်ကြပါသည်၊ အရှင် (မင်းသား) ချမ်းသာလျှင် အကျွန်ုပ်တို့လည်း ချမ်းသာပါကုန်၏၊ အရှင် (မင်းသား) ဆင်းရဲလျှင် အကျွန်ုပ်တို့လည်း ဆင်းရဲပါကုန်၏၊ ဒိသမ္ပတိမင်းသည် အိုမင်း ကြီး ရင့်နေပါပြီ၊ အရွယ်လွန်နေပါပြီ၊ အဆုံးပိုင်းအရွယ်သို့ ရောက်နေပါပြီ၊ အရှင် (မင်းသား) မည်သူမျှ အသက်ရှင်နေမည့် ကာလကို မသိနိုင်ပါ၊ ဒိသမ္ပတိ မင်းကွယ်လွန်သည်ရှိသော် မင်းမြှောက်နိုင်ခွင့်ရှိသူတို့သည် အရှင်ရေဏု (မင်းသား) ကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်ရာ့သော အကြောင်းသည် ရှိပါ၏။ အရှင်ရေဏု (မင်းသား) သည် မင်းအဖြစ်ကိုရလျှင် အကျွန်ုပ်တို့အားမင်းစည်းစိမ်ကို ခွဲဝေပေးစေလိုပါ၏’ဟု ဆိုကုန်လော့” ဟူ၍ (ဆို၏)။

“ကောင်းပါပြီ အသျှင်”ဟု ထိုမင်းသားခြောက်ယောက်တို့သည် မဟာဂေါဝိန္ဒပုဏ္ဏားအား ဝန်ခံ၍ရေဏုမင်းသားထံသို့ ချဉ်းကပ်ပြီးလျှင် ရေဏုမင်းသားအား ဤစကားကို ဆိုကုန်၏ “အကျွန်ုပ်တို့သည်အရှင်ရေဏု၏ ချစ်ခင်မြတ်နိုးအပ်သော အပေါင်းအဖော်များ ဖြစ်ကြပါသည်၊ မမုန်းနိုင်သူများ ဖြစ်ကြပါသည်၊ အရှင် (မင်းသား) ချမ်းသာလျှင် အကျွန်ုပ်တို့လည်း ချမ်းသာပါကုန်၏၊ အရှင် (မင်းသား) ဆင်းရဲလျှင် အကျွန်ုပ်တို့လည်း ဆင်းရဲပါကုန်၏၊ အရှင် (မင်းသား) ဒိသမ္ပတိမင်းသည် အိုမင်းကြီးရင့်နေပါပြီ၊ အရွယ်လွန်နေပါပြီ၊ အဆုံးပိုင်းအရွယ်သို့ ရောက်နေပါပြီ၊ အရှင် (မင်းသား) မည်သူမျှ အသက်ရှင်မည့်ကာလကို မသိနိုင်ပါ၊ ဒိသမ္ပတိမင်း ကွယ်လွန်သည်ရှိသော် မင်းမြှောက်နိုင်ခွင့်ရှိသူတို့သည် အရှင်ရေဏုမင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်ရာသော အကြောင်းသည် ရှိပါ၏။ အရှင်ရေဏု (မင်းသား) သည် မင်းအဖြစ်ကိုရလျှင် အကျွန်ုပ်တို့အား မင်းစည်းစိမ်ကို ခွဲဝေပေးစေလိုပါ၏”ဟု (ဆိုကြကုန်၏)။

အရှင် (မင်းသား) တို့ အကျွန်ုပ်၏ နိုင်ငံတော်၌ အရှင်တို့ကို ထား၍ အခြားအဘယ်မည်သော သူသည်ကြီးပွါးချမ်းသာပါအံ့နည်း၊၁ အရှင် (မင်းသား) တို့ အကျွန်ုပ်သည် မင်းအဖြစ်ကိုရပါလျှင် သင်တို့အား မင်းစည်းစိမ်ကို ခွဲဝေပေးပါအံ့ဟု (ဆို၏)။

၃ဝ၇။ အချင်းတို့ ထို့နောက် ကာလကြာမြင့်လတ်သော် ဒိသမ္ပတိမင်းသည် ကွယ်လွန်လေ၏။ ဒိသမ္ပတိမင်း ကွယ်လွန်သည်ရှိသော် မင်းမြှောက်နိုင်ခွင့်ရှိသူတို့သည် ရေဏုမင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်၏။ ရေဏု (မင်းသား) သည် မင်းအဖြစ်ဖြင့် အဘိသိက်ခံပြီးလတ်သော် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားနေလျက်ရှိ၏။

အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် ထိုမင်းသားခြောက်ယောက်တို့ထံသို့ ချဉ်းကပ်၍ ထိုမင်းသားခြောက်ယောက်တို့အား ဤစကားကို ဆို၏။

အချင်းတို့ ဒိသမ္ပတိမင်းကွယ်လွန်သည်ဖြစ်၍ ရေဏုမင်းသည် မင်းအဖြစ်ဖြင့် အဘိသိက်ခံပြီးလျှင်ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားလျက် ရှိ၏၊ အရှင် (မင်းသား) တို့ ကာမဂုဏ်တို့သည် ယစ်မူးမေ့လျော့စေတတ်ကုန်၏၊ အဘယ်သူသည် (မည်သို့ ဖြစ်မည်ကို) သိနိုင်အံ့နည်း၊ အရှင် (မင်းသား) တို့လာကြကုန်လော့၊ ရေဏုမင်းသားထံသို့ ချဉ်းကပ်၍ ရေဏုမင်းကို ဤသို့ ဆိုချေကုန်လော့ —

“အရှင် (ရေဏုမင်း) ဒိသမ္ပတိမင်း ကွယ်လွန်၍ အရှင်ရေဏုကို မင်းအဖြစ်၌ အဘိသိက်သွန်းပြီးပါပြီ၊ အရှင် (ရေဏုမင်းသည်) ထို (ဝန်ခံဖူးသော) စကားကို အမှတ်ရပါ၏လော ့“ဟု (ဆိုချေကုန်လော့ဟူ၍ ဆို၏)။

၃ဝ၈။ “ကောင်းပါပြီ အသျှင်”ဟု ထိုခြောက်ယောက်သော မင်းသားတို့သည် မဟာဂေါဝိန္ဒပုဏ္ဏား အားဝန်ခံကုန်၍ ရေဏုမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ရေဏုမင်းအား ဤစကားဆိုကြကုန်၏ —

“အရှင် (ရေဏုမင်း) ဒိသမ္ပတိမင်းသည် ကွယ်လွန်၍ အရှင်ရေဏုကို မင်းအဖြစ်၌ အဘိသိက်သွန်းပြီးပါပြီ၊ အရှင် (ရေဏုမင်း) သည် ထို (ဝန်ခံဖူးသော) စကားကို အမှတ်ရပါ၏လော”ဟု (ဆိုကြကုန်၏)။

အရှင်မင်းသားတို့ ထို (ဝန်ခံဖူးသော) စကားကို အကျွန်ုပ် အမှတ်ရပါ၏။ အရှင် (မင်းသား) တို့မြောက်အရပ်၌ ကျယ်ပြန့်၍ တောင်အရပ်၌ လှည်းဦးကင်းသဏ္ဌာန်ရှိသော ဤနိုင်ငံတော်နယ်မြေကို ခုနစ်ပိုင်းအညီအမျှ ကောင်းစွာ ခွဲဝေပေးခြင်းငှါ အဘယ်သူသည် စွမ်းနိုင်ပါအံ့နည်းဟု (ဆို၏)။

အရှင် (ရေဏုမင်း) မဟာဂေါဝိန္ဒပုဏ္ဏားကို ထား၍ အခြားမည်သူမျှ စွမ်းနိုင်မည်မဟုတ်ပါဟု (ဆိုကြကုန်၏)။

အချင်းတို့ ထိုအခါ ရေဏုမင်းသည် (မင်းချင်း) ယောကျာ်းတစ်ယောက်ကို မိန့်တော်မူ၏။

“အချင်းယောကျာ်း လာလော့၊ သင်သည် မဟာဂေါဝိန္ဒပုဏ္ဏားထံသို့ ချဉ်းကပ်၍ မဟာဂေါဝိန္ဒပုဏ္ဏားအား ‘အသျှင်ပုဏ္ဏား အရှင့်ကို ရေဏုမင်းသည် ခေါ်ပါ၏’ဟု ဆိုချေလော့” (ဟူ၍ အမိန့်ပေး၏)။

အချင်းတို့ ထိုယောကျာ်းသည် “ကောင်းပါပြီ အရှင်မင်းမြတ်”ဟု ရေဏုမင်းအား ဝန်ခံ၍ မဟာဂေါဝိန္ဒပုဏ္ဏားထံသို့ ချဉ်းကပ်ပြီးလျှင် မဟာဂေါဝိန္ဒပုဏ္ဏားအား “ဆရာပုဏ္ဏား အသျှင့်ကို ရေဏုမင်းသည်ခေါ်ပါ၏”ဟု ဆို၏။

“ကောင်းပါပြီ အချင်းယောကျာ်း”ဟု ထိုမဟာဂေါဝိန္ဒပုဏ္ဏားသည် ထိုယောကျာ်းအား ပြန်ကြား၍ရေဏုမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ရေဏုမင်းနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ထိုင်နေသော မဟာဂေါဝိန္ဒပုဏ္ဏားအား ရေဏုမင်းသည် ဤစကားကို ဆို၏ — “အသျှင် ဂေါဝိန္ဒ ကြွပါလော့၊ မြောက်အရပ်၌ ကျယ်ပြန့်၍ တောင်အရပ်၌ လှည်းဦးကင်းသဏ္ဌာန်ရှိသော နိုင်ငံတော်နယ်မြေကို ခုနစ်ပိုင်းအညီအမျှ ကောင်းစွာ ခွဲဝေပေးပါလော့”ဟု (ဆို၏)။

“ကောင်ပါပြီ အရှင်မင်းမြတ်”ဟု ထိုမဟာဂေါဝိန္ဒပုဏ္ဏားသည် ရေဏုမင်းအား ဝန်ခံ၍ မြောက် အရပ်၌ကျယ်ပြန့်၍ တောင်အရပ်၌ လှည်းဦးကင်းသဏ္ဌာန်ရှိသော ထိုနိုင်ငံတော်နယ်မြေကို ခုနစ်ပိုင်း အညီအမျှကောင်းစွာ ခွဲဝေပေးလေ၏၊ အားလုံးသော နိုင်ငံနယ်မြေတို့ကို လှည်းဦးကင်းသဏ္ဌာန်ချည်း ဖြစ်စေလေ၏။ ထို (ခုနစ်နိုင်ငံ) တို့တွင် ရေဏုမင်း၏နိုင်ငံသည် အလယ်၌ တည်ရှိ၏။

၃ဝ၉။ ကာလိင်္ဂတိုင်း၌ ဒန္တပုရပြည်ကိုလည်းကောင်း၊ အဿကတိုင်း၌ ပေါတန ပြည်ကိုလည်းကောင်း၊ အဝနိ ္တတိုင်း၌ မဟေသယပြည်ကိုလည်းကောင်း၊ သောဝိရ တိုင်း၌ ရောရုကပြည်ကိုလည်းကောင်း၊ ဝိဒေဟတိုင်း၌ မိထိလာပြည်ကိုလည်း ကောင်း၊ အင်္ဂတိုင်း၌ စမ္ပာပြည်ကိုလည်းကောင်း၊ ကာသိတိုင်း၌ဗာရာဏသီပြည် ကိုလည်းကောင်း၊ ဤခုနစ်တိုင်းခုနစ်ပြည်တို့ကို မဟာဂေါဝိန္ဒပုဏ္ဏား တည်ထောင်ထားခဲ့လေသတည်း။

၃၁ဝ။ အချင်းတို့ ထိုအခါ ထိုခြောက်ယောက်သော မင်းတို့သည် “ငါတို့ လိုချင်မြှော်လင့် လိုလားတောင့်တနေသော စည်းစိမ်ကို ရပေပြီ”ဟု မိမိတို့ရရှိထားသော စည်းစိမ်ဖြင့် ဝမ်းမြောက်လျက်ရှိကုန်၏၊ ကြံရွယ်ချက်ပြည့်စုံလျက် ရှိကုန်၏။ ရေဏုမင်းနှင့် တကွ သတ္တဘူမင်း၊ ဗြဟ္မဒတ်မင်း၊ ဝေဿဘူမင်း၊ ဘရတမင်း၊ ဓတရဋ္ဌမင်းနှစ်ယောက်အားဖြင့် ဤခုနစ်ဦးသော မင်းတို့သည် ထိုစဉ်အခါ၌ (ဇမ္ဗူဒိပ်ကျွန်း အပြင်၌) တိုင်းပြည်ဝန်ကို ဆောင်သော မင်းတို့ဖြစ်ကုန်၏။

ပဌမအခန်း ပြီး၏။

၁။ သုခမေဓေထဟူသော ပါဠိအရ ပြန်ဆိုထားသည်။

ကျော်စောသတင်း ပျံ့နှံ့၍ထွက်ခြင်း

၃၁၁။ အချင်းတို့ ထိုအခါ ထိုခြောက်ဦးသော မင်းတို့သည် မဟာဂေါဝိန္ဒပုဏ္ဏားထံသို့ ချဉ်းကပ်၍မဟာဂေါဝိန္ဒပုဏ္ဏားအား ဤစကားကို ဆိုကုန်၏ — “အသျှင်ဂေါဝိန္ဒသည် ရေဏုမင်း၏ ချစ်ခင်မြတ်နိုးအပ်သော အပေါင်းအဖော်ဖြစ်၍ မမုန်းနိုင်သူဖြစ်သကဲ့သို့ ဤအတူပင် အသျှင်ဂေါဝိန္ဒသည် အကျွန်ုပ်တို့၏ချစ်ခင်မြတ်နိုးအပ်သော အပေါင်းအဖော်ဖြစ်၍ မမုန်းနိုင်သူလည်းဖြစ်ပါသည်၊ အသျှင်ဂေါဝိန္ဒသည် အကျွန်ုပ်တို့အား ညွှန်ကြားဆုံးမပါလော့၊ အသျှင်ဂေါဝိန္ဒသည် အကျွန်ုပ်တို့အား ညွှန်ကြားဆုံးမရန် မငြင်းပယ်ပါလင့်”ဟု (ဆိုကြကုန်၏)။

“ကောင်းပါပြီ အရှင်မင်းတို့”ဟု ထိုမဟာဂေါဝိန္ဒပုဏ္ဏားသည် ထိုခြောက်ဦးသော မင်းတို့အား ဝန်ခံလေ၏။

အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် မုဒ္ဓါဘိသိက်ခံပြီးသော မင်းမျိုးအစစ်ဖြစ်သော ခုနစ်ဦးသော မင်းတို့ကို မင်းကျင့်တရား၌ ညွှန်ကြားဆုံးမ၍ ပုဏ္ဏားသူဌေး ခုနစ်ယောက်တို့အားလည်းကောင်း၊ သန့်စင်ပြီး ပုဏ္ဏားလုလင်၁ ခုနစ်ရာတို့အားလည်းကောင်း ဗေဒင်တို့ကို သင်ကြားပေးလေ၏။

၃၁၂။ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏား၏ ကောင်းသော ကျော်စောသတင်းသည် နောက်ကာလ၌ ဤသို့ပျံ့နှံ့၍ ထွက်၏။

“မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာကို မျက်မှောက်တွေ့မြင်ရ၏၊ မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာနှင့်မျက်မှောက် ဆွေးနွေးပြောဆိုရ၏၊ တိုင်ပင်ရ၏”ဟု (ပျံ့နှံ့၍ ထွက်၏)။

အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားအား ဤသို့သော အကြံသည် ဖြစ်လေ၏။

“ငါ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်နေ၏၊ ‘မဟာဂေါဝိန္ဒပုဏ္ဏား သည်ဗြဟ္မာကို မျက်မှောက်တွေ့မြင်ရ၏၊ မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာနှင့် မျက်မှောက် ဆွေးနွေးပြောဆိုတိုင်ပင်ရ၏ဟု (ပျံ့နှံ့၍ ထွက်နေ၏)။ စင်စစ်သော်ကား ငါသည် ဗြဟ္မာကို မတွေ့မြင်ရချေ၊ ဗြဟ္မာနှင့်မဆွေးနွေး မပြောဆို မတိုင်ပင်ရချေ၊ သို့သော် (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုကြသော ဤစကားကို ငါကြားဖူး၏။ ‘မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကို ပွါးများဝင်စားနေသောသူသည် ဗြဟ္မာကို တွေ့မြင်ရ၏၊ ဗြဟ္မာနှင့် ဆွေးနွေးပြောဆို တိုင်ပင်ရ၏’ဟု (ကြားဖူး၏)၊ ငါသည် မိုးလေးလပတ်လုံးတစ်ယောက်တည်း ကိန်းလျက် ကရုဏာဈာန်ကို ပွါးများဝင်စားနေရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

၃၁၃။ အချင်းတို့ ထို့နောက် မဟာဂေါဝိန္ဒပုဏ္ဏားသည် ရေဏုမင်းထံသို့ ချဉ်းကပ်၍ ရေဏုမင်းအားဤစကားကို ဆို၏ —

“အရှင် အကျွန်ုပ်၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ဤသို့ ထွက်နေပါ၏၊ ‘မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာကို မျက်မှောက်တွေ့မြင်ရ၏၊ မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာနှင့် မျက်မှောက်ပြောဆို ဆွေးနွေး တိုင်ပင်ရ၏’ဟု (ပျံ့နှံ့၍ ထွက်နေပါ၏)။ အရှင် စင်စစ်သော်ကား အကျွန်ုပ်သည်ဗြဟ္မာကို မတွေ့မြင်ရပါ၊ ဗြဟ္မာနှင့် မဆွေးနွေးမပြောဆို မတိုင်ပင်ရပါ၊ သို့သော် (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုသော ဤစကားကို အကျွန်ုပ် ကြားဖူးပါ၏။ ‘မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကို ပွါးများဝင်စားနေသောသူသည် ဗြဟ္မာကို တွေ့မြင်ရ၏၊ ဗြဟ္မာနှင့် ဆွေးနွေး ပြောဆို တိုင်ပင်ရ၏’ဟု (ကြား ဖူးပါသည်)။ အရှင် အကျွန်ုပ်သည် မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက်ကရုဏာ ဈာန်ကို ပွါးများဝင်စားနေရန် အလိုရှိပါ၏၊ ထမင်းပို့သူ တစ်ယောက်မှတစ်ပါး မည်သူမျှကျွန်ုပ်ထံသို့ မချဉ်းကပ်စေလိုပါ”ဟု (ဆို၏)။

ယခုအခါ၌ ကရုဏာဈာန်ကို ပွါးများဝင်စားနေရန် အချိန်ကို အသျှင်ဂေါဝိန္ဒ သိပါ၏ (ပွါးများဝင်စားနေရန်မှာ အသျှင်၏ အလိုအတိုင်းပင် ဖြစ်ပါသည်)ဟု (ရေဏုမင်းက ဆို၏)။

၃၁၄။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် ထိုခြောက်ယောက်သော မင်းတို့ထံသို့ ချဉ်း ကပ်၍ထိုခြောက်ယောက်သော မင်းတို့အား ဤစကားကို ဆိုပြန်၏ —

“အရှင်တို့ အကျွန်ုပ်၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ဤသို့ ထွက်နေပါ၏၊ ‘မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာကို မျက်မှောက်တွေ့မြင်ရ၏၊ မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာနှင့် မျက်မှောက် ပြောဆိုဆွေးနွေးတိုင်ပင်ရ၏’ဟု (ပျံ့နှံ့၍ ထွက်နေပါ၏)။ စင်စစ်သော်ကား အကျွန်ုပ်သည်ဗြဟ္မာကို မတွေ့မြင်ရပါ၊ ဗြဟ္မာနှင့် မဆွေးနွေးမပြောဆို မတိုင်ပင်ရပါ၊ သို့သော် (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုသော ဤစကားကိုကြားဖူးပါ၏။ ‘မိုးလေးလတို့ပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကို ပွါးများဝင့်စားနေသောသူသည် ဗြဟ္မာကို တွေ့မြင်ရ၏၊ ဗြဟ္မာနှင့် ဆွေးနွေး ပြောဆို တိုင်ပင်ရ၏’ဟု (ကြားဖူးပါ၏)၊ အရှင်တို့ အကျွန်ုပ်သည် မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက်ကရုဏာဈာန်ကို ပွါးများဝင်စားနေရန် အလိုရှိပါ၏၊ ထမင်းပို့သူ တစ်ယောက်မှတစ်ပါး မည်သူမျှကျွန်ုပ်ထံသို့ မချဉ်းကပ် စေလိုပါ”ဟု (ဆိုပြန်၏)။

ယခုအခါ၌ ကရုဏာဈာန်ကို ပွါးများဝင်စားနေရန် အချိန်ကို အသျှင်ဂေါဝိန္ဒ သိပါ၏ (ပွါများဝင်စားနေရန်မှာ အသျှင်၏ အလိုအတိုင်းပင် ဖြစ်ပါ၏)ဟု မင်းခြောက်ယောက်တို့က ဆိုကြကုန်၏။

၃၁၅။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် ပုဏ္ဏားသူဌေးခုနစ်ယောက်နှင့် သန့်စင်ပြီးသောပုဏ္ဏားလုလင် ခုနစ်ရာတို့ထံသို့ ချဉ်းကပ်၍ ထိုသူတို့အား ဤစကားကို ဆိုပြန်၏ —

“အချင်းတို့ ငါ၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ဤသို့ ထွက်နေပါ၏၊ ‘မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာကို မျက်မှောက် တွေ့မြင်ရ၏၊ မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာနှင့် မျက်မှောက်ဆွေးနွေး ပြောဆိုတိုင်ပင်ရ၏’ဟု (ပျံ့နှံ့၍ ထွက်နေပါ၏)။ အချင်းတို့ စင်စစ်သော်ကား ငါသည် ဗြဟ္မာကိုမတွေ့မြင်ရချေ၊ ဗြဟ္မာနှင့် မဆွေးနွေး မပြောဆို မတိုင်ပင်ရချေ၊ သို့သော် (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ပြောဆိုသော ဤစကားကိုကြားဖူးပါ၏။ ‘မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကို ပွါးများဝင်စားနေသော သူသည် ဗြဟ္မာကို တွေ့မြင်ရ၏၊ ဗြဟ္မာနှင့် ဆွေးနွေး ပြောဆို တိုင်ပင်ရ၏’ဟု (ကြားဖူး၏)၊ အချင်းတို့ ထို့ကြောင့် သင်တို့သည် နာယူသင် ကြားပြီးဖြစ်သော ဗေဒင်တို့ကိုသာလျှင်အကျယ်အား ဖြင့် (အကြွင်းမဲ့) ရွတ်အံ (သရဇ္ဈ ာယ်) နေကြကုန်လော့၊ အချင်းချင်းလည်း ဗေဒင်တို့ကိုပို့ချသင်ကြားနေ ကြကုန်လော့၊ အချင်းတို့ ငါသည် မိုးလေးလပတ်လုံး တစ်ယောက်တည်းကိန်းအောင်းလျက် ကရုဏာ ဈာန်ကို ပွါးများဝင်စားနေရန် အလိုရှိ၏၊ ထမင်းပို့သူမှတစ်ပါး မည်သူမျှငါ့ထံသို့ မချဉ်းကပ်စေလိုပါ”ဟု (ဆိုပြန်၏)။

ယခုအခါ၌ ကရုဏာဈာန် ပွါးများဝင်စားနေရန် အချိန်ကို အသျှင်ဂေါဝိန္ဒ သိပါ၏ (ပွါးများဝင်စားနေရန်မှာ အသျှင်၏ အလိုအတိုင်းပင် ဖြစ်ပါ၏)ဟု (ဆိုကြကုန်၏)။

၃၁၆။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် အမျိုးတူဖြစ်ကုန်သော မယားလေးဆယ်တို့ထံ သို့ချဉ်းကပ်၍ ထိုမယားတို့အား ဤစကားကို ဆိုပြန်၏ —

“ရှင်မတို့ ငါ၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ဤသို့ ထွက်နေ၏၊ ‘မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာကို မျက်မှောက် တွေ့မြင်ရ၏၊ မဟာဂေါဝိန္ဒပုဏ္ဏားသည် ဗြဟ္မာနှင့် မျက်မှောက်ဆွေးနွေး ပြောဆို တိုင်ပင်ရ၏’ဟု (ပျံ့နှံ့၍ ထွက်နေပါ၏)။ ရှင်မတို့ စင်စစ်သော်ကား ငါသည် ဗြဟ္မာကိုမတွေ့မြင်ရချေ၊ ဗြဟ္မာနှင့် မဆွေးနွေး မပြောဆို မတိုင်ပင်ရချေ၊ သို့သော် (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုကြသောဤစကား ကို ငါကြားဖူး၏၊ ‘မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကိုပွါးများ ဝင်စားနေသောသူသည် ဗြဟ္မာကို တွေ့မြင်ရ၏၊ ဗြဟ္မာနှင့် ဆွေးနွေး ပြောဆိုတိုင်ပင်ရ၏’ဟု (ကြားဖူး၏)၊ ရှင်မတို့ ငါသည် မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကို ပွါးများဝင် စားနေရန် အလိုရှိ၏၊ ထမင်းပို့သူမှတစ်ပါး မည်သူမျှ မချဉ်းကပ်စေလိုပါ”ဟု (ဆိုပြန်၏)။

ယခုအခါ၌ ကရုဏာဈာန် ပွါးများဝင်စားနေရန် အချိန်ကို အသျှင်ဂေါဝိန္ဒ သိပါ၏ (ပွါးများဝင်စားနေရန်မှာ အသျှင်၏ အလိုအတိုင်းပင် ဖြစ်ပါ၏)ဟု (ဆိုကြကုန်၏)။

၃၁၇။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည်မြို့၏ အရှေ့အရပ်၌ မင်းကွန်းအသစ်ကိုဆောက်စေ၍ မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကို ပွါးများဝင်စားနေလေ၏၊ ထမင်း ပို့သူတစ်ယောက်မှတစ်ပါး မည်သူမျှ (မဟာဂေါဝိန္ဒပုဏ္ဏားထံသို့) မချဉ်းကပ်ချေ။

အချင်းတို့ ထိုအခါ လေးလလွန်လတ်သော် မဟာဂေါဝိန္ဒပုဏ္ဏားအား စိတ်အားလျော့ခြင်းသည် ဖြစ်၏၊ (ဗြဟ္မာကို) တမ်းတခြင်းသည် ဖြစ်၏ — “ငါသည် (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သောဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ပြောကြသော ဤစကားကို ကြားရဖူး၏။ ‘မိုးလေးလပတ်လုံး တစ်ယောက်တည်း ကိန်းအောင်းလျက် ကရုဏာဈာန်ကို ပွါးများဝင်စားနေသော သူသည်ဗြဟ္မာကို တွေ့မြင်ရ၏၊ ဗြဟ္မာနှင့် ဆွေးနွေး ပြောဆို တိုင်ပင်ရ၏’ဟု (ကြားရဖူး၏)၊ ငါသည် မိုးလေးလ ပတ်လုံး ကရုဏာဈာန်ကို ပွါးများ ဝင်စားနေပါလျက် ဗြဟ္မာကို မတွေ့မြင်ရချေ၊ ဗြဟ္မာနှင့်မဆွေးနွေး မပြောဆို မတိုင်ပင်ရချေ”ဟု (စိတ်အားလျော့ကာ တမ်းတခြင်းသည် ဖြစ်၏)။

၁။ နှာတကပုဒ်ကို ကျင့်ဝတ်ပြီးဆုံးသဖြင့် ရေချိုးပြီးနောက် အခြားပုဏ္ဏားတို့နှင့်အတူ စားသောက်ခြင်းမပြုဘဲ သီးခြားနေ ထိုင်သောသူဟု အဋ္ဌကထာ၌ဖွင့်ဆို၏၊ သက္ကတအဘိဓာန်တို့၌ကား (၁) ဝိဇ္ဇာနှာတက = အတတ်ပညာအရာ၌ ပြီးဆုံးသန့် စင်ပြီးသော ပုဏ္ဏား (၂) ဝတနှာတက = ကျင့်ဝတ်အရာ၌ ပြီးဆုံး သန့်စင်ပြီးသော ပုဏ္ဏား (၃) ဥဘယနှာတက = ထိုနှစ်မျိုးလုံး ပြီးဆုံး သန့်စင်ပြီး သောပုဏ္ဏားဟူ၍ သုံးမျိုးဖော်ပြလျက် ရှိ၏။

ဗြဟ္မာမင်းနှင့် ဆွေးနွေးခြင်း

၃၁၈။ အချင်းတို့ ထိုအခါ သနင်္ကုမာရဗြဟ္မာသည် မဟာဂေါဝိန္ဒပုဏ္ဏား၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့်သိ၍ ဥပမာအားဖြင့် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဗြဟ္မာပြည်မှကွယ်ခဲ့၍ မဟာဂေါဝိန္ဒပုဏ္ဏား၏ မျက်မှောက်၌ ကိုယ်ထင်ရှားပေါ်လာ၏။ အချင်းတို့ မမြင်ဖူးသော ရုပ်အဆင်းကို မြင်ရသူအား ဖြစ်တတ်သကဲ့သို့ ထိုအခါ မဟာဂေါဝိန္ဒအား ကြောက်ခြင်း ကိုယ်တုန်လှုပ်ခြင်းကြက်သီးမွေးညင်းထခြင်းသည်ဖြစ်၏။ အချင်းတို့ ထို့နောက် မဟာဂေါဝိန္ဒပုဏ္ဏားသည် ကြောက်ရွံ့ထိတ်လန့်ကာ ကြက်သီးမွေးညင်းထလျက် သနင်္ကုမာရဗြဟ္မာအား ဂါထာဖြင့် ပြောဆို၏—

“အသျှင် သင်သည် အလွန်အဆင်းလှပါပေ၏၊ အလွန်တောက်ပပါပေ၏၊ အလွန် ကျက်သရေရှိပါပေ၏၊ သင်သည် အဘယ်သူဖြစ်ပါသနည်း၊ ငါတို့ မသိ၍ သင့်ကို မေးပါကုန်၏၊ ငါတို့သည် သင့်ကို အဘယ်သို့သိရပါအံ့နည်း”ဟု (ပြောဆို၏)။

“ဗြဟ္မာ့လောက၌ ဗြဟ္မာအားလုံးတို့သည် စင်စစ်အားဖြင့် ငါ့ကို ‘သနင်္ကုမာရ’ ဟူ၍ သိကုန်၏၊ ဂေါဝိန္ဒသင်သည် ဤသို့ပင် သိပါလေလော့”ဟု (ဗြဟ္မာမင်းက ဆို၏)။

“အသျှင်ဗြဟ္မာအား နေရာ ရေ ခြေနယ်ဆီနှင့် ချိုမြိန်သော ဟင်းရွက်ဟူသော ဧည့် ဝတ်တို့ကိုတည်ထားပါကုန်၏၊ အသျှင်သည် အကျွန်ုပ်တို့၏ တည်ထားအပ်သော ဧည့်ဝတ်တို့ကိုလက်ခံတော်မူပါလော့”ဟု (ဂေါဝိန္ဒကဆိုပြန်၏)။

“ဂေါဝိန္ဒ သင်ဆိုသည့်အတိုင်း သင်၏ ဧည့်ဝတ်ကို ငါတို့ လက်ခံပါကုန်၏၊ သင်သည် မျက်မှောက်အကျိုးစီးပွါးအလို့ငှါလည်းကောင်း၊ တမလွန်ချမ်းသာအလို့ငှါ လည်းကောင်း အလိုရှိရာကို မေးမြန်းလော့၊ ငါခွင့်ပြုပါ၏”ဟု (ဗြဟ္မာက ဆို၏)။

၃၁၉။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားအား ဤသို့သော အကြံသည် ဖြစ်၏—

“သနင်္ကုမာရဗြဟ္မာသည် ငါ့ကို ခွင့်ပြုပြီ၊ ငါသည် သနင်္ကုမာရဗြဟ္မာအား မျက်မှောက်အကျိုးကိုမေးရအံ့လော၊ တမလွန်အကျိုးကို မေးရအံ့လော”ဟု (အကြံဖြစ်၏)။

အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားအား ဤသို့သော အကြံသည် ဖြစ်ပြန်၏ —့

“ငါသည် မျက်မှောက်အကျိုးတို့၌ ကျွမ်းကျင်၏၊ သူတစ်ပါးတို့သည်ပင် ငါ့အား မျက်မှောက်အကျိုး ကိုမေးမြန်းရကုန်၏၊ ငါသည် သနင်္ကုမာရဗြဟ္မာအား တမလွန်အကျိုးကိုသာ မေးရမူ ကောင်းလေစွ”ဟု (အကြံဖြစ်ပြန်၏)။

“အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် သနင်္ကုမာရဗြဟ္မာကို ဂါထာဖြင့် မေးမြန်း၏—

“အသျှင်ဗြဟ္မာ သူတစ်ပါးတို့သိလိုသော အရာတို့၌ အကျွန်ုပ်သည် ယုံမှားရှိ သည်ဖြစ်၍ ယုံမှားမရှိသောသနင်္ကုမာရဗြဟ္မာကို မေးပါ၏၊ အဘယ်တရား၌ တည် ၍ အဘယ်တရား၌ ကျင့်သော ပုဂ္ဂိုလ်သည်သေခြင်းကင်းသော ဗြဟ္မာလောကသို့ ရောက်နိုင်ပါသနည်း”ဟု (မေး၏)။ ဂေါဝိန္ဒပုဏ္ဏား လူ့လောကအရာတို့၌ ငါ့ဥစ္စာဟု တွယ်တာခြင်းကို ပယ်ပြီးလျှင်မေထုန်အကျင့်မှ ရှောင်ကြဉ်ကာ တစ်ယောက်တည်းနေလျက် ကရုဏာဈာန်၌ ဝင်စား ၍ စိမ်းညှီသောအနံ့မှ ကင်းသည် ဖြစ်ရာ၏၊ ဤတရား၌ တည်၍ ဤတရား၌ ကျင့်သော ပုဂ္ဂိုလ်သည်သေခြင်းကင်းသော ဗြဟ္မာ့လောကသို့ ရောက်နိုင်ပေ၏ဟု (ဆို၏)။

၃၂ဝ။ “ငါ့ဥစ္စာဟု တွယ်တာခြင်းကို ပယ်ပြီးလျှင်”ဟု ဆိုသော အသျှင်၏ စကားကို အကျွန်ုပ်နားလည်သည်မှာ— ဤလောက၌ အချို့သောသူသည် နည်းသောဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသောဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ များသောဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည် ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရာ၏၊ ဤသို့လျှင် အကျွန်ုပ်သည် “ငါ့ဥစ္စာဟု တွယ်တာခြင်းကို ပယ်ပြီးလျှင်”ဟုဆိုသော အသျှင်၏စကား ကို နားလည်ပါ၏။

“တစ်ယောက်တည်းနေလျက်”ဟု ဆိုသော အသျှင်၏ စကားကို အကျွန်ုပ် နားလည်သည်မှာ— ဤလောက၌ အချို့သောသူသည် ဆိတ် ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကိုတောင်ကို ချောက်ကို တောင်ခေါင်းကို သင်္ချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏၊ ဤသို့ လျှင် အကျွန်ုပ်သည် “တစ်ယောက်တည်းနေလျက်”ဟု ဆိုသော အသျှင်၏ စကားကိုနားလည်ပါ၏။

“ကရုဏာဈာန်၌ ဝင်စား၍”ဟု ဆိုသော အသျှင်၏ စကားကို အကျွန်ုပ် နားလည်သည်မှာ— ဤလောက၌ အချို့သောသူသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သောအရပ်ကို။ သုံးခုမြောက်သောအရပ်ကို။ လေးခုမြောက်သောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤသို့ အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ရှိသောသတ္တဝါအားလုံးကို မိမိနှင့် အတူပြု ၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ် သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်ပျံ့နှံ့စေ၍ နေ၏၊ ဤသို့လျှင် အကျွန်ုပ်သည် “ကရုဏာ ဈာန်၌ ဝင်စား၍”ဟု ဆိုသော အသျှင်၏စကားကို နားလည်ပါ၏။

“စိမ်းညှီသော အနံ့”ဟု ဆိုသော အသျှင်၏ စကားကိုမူကား အကျွန်ုပ် နားမလည်ပါ။

အသျှင်ဗြဟ္မာ လူ့လောကအရာတို့၌ အဘယ်အရာတို့သည် စိမ်းညှီသော အနံ့တို့ ဖြစ်ပါသနည်း၊ ဤလူ့လောက၌ ထို (စိမ်းညှီသောအနံ့) တို့ကို အကျွန်ုပ် မသိပါ၊ အသျှင်ဗြဟ္မာ ဟောကြားပါလော့၊ အဘယ်တရားက ပိတ်ဖုံးထားသောကြောင့် သတ္တဝါအပေါင်းသည် အညှီနံ့လှိုင်နေပါသနည်း၊ အဘယ့်ကြောင့် အပါယ်သို့ လားရပါသနည်း၊ အဘယ့်ကြောင့် ဗြဟ္မာ့ပြည်လမ်း ပိတ်နေပါသနည်းဟု (မေး၏)။

(ဂေါဝိန္ဒပုဏ္ဏား) အမျက်ထွက်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်စားခြင်း၊ (အဆွေခင်ပွန်းကို) ပြစ်မှားခြင်း၊ စေးနှဲခြင်း၊ အလွန်မာန်မူခြင်း၊ ငြူစူခြင်း၊ လိုချင်ခြင်း၊ ဝန်တိုခြင်း၊ သူတစ်ပါးကိုညှဉ်းဆဲခြင်း၊ ့တပ်မက်ခြင်း၊ စိတ်ဆိုးခြင်း၊ မာန်ယစ်ခြင်း၊ တွေဝေခြင်း ဟူသော ဤတရား (တစ်ဆယ့်လေးပါး) တို့နှင့်ယှဉ်တွဲနေသော သတ္တဝါသည် စိမ်းညှီသောအနံ့ရှိ၏၊ အပါယ်သို့ လားရ၏၊ ဗြဟ္မာ့ပြည် လမ်းပိတ် လျက်ရှိ၏ဟု (ဆို၏)။

စိမ်းညှီသော အနံ့တို့ကို အသျှင်ဗြဟ္မာပြောဟော၍ အကျွန်ုပ် သိရသည့်အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော သူသည် ထိုစိမ်းညှီသော အနံ့တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ၊ အသျှင်ဗြဟ္မာ အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ဟု (ဆို၏)။

ယခုအခါ ရဟန်းပြုရန် အချိန်ကို အရှင်ဂေါဝိန္ဒ သိပါ၏ (ရဟန်းပြုရန်မှာ အသျှင်ဂေါဝိန္ဒ၏ အလိုအတိုင်းပင် ဖြစ်ပါသည်)ဟု (ဗြဟ္မာက ပြော၏)။

ရေဏုမင်းကို လျှောက်ထားခြင်း

၃၂၁။ အချင်းတို့ ထို့နောက် မဟာဂေါဝိန္ဒပုဏ္ဏားသည် ရေဏုမင်းထံသို့ ချဉ်းကပ်၍ ရေဏုမင်းအားဤစကားကို ဆို၏—

“အရှင်မင်းမြတ် အရှင်မင်းမြတ်၏ တိုင်းပြည်ရေးရာကို စီမံအုပ်ချုပ်မည့် တစ်ပါး သော ပုရောဟိတ်ကိုယခု ရှာတော်မူပါလော့၊ အရှင်မင်းမြတ် အကျွန်ုပ်သည် လူ့ ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခြင်းငှါအလိုရှိပါ၏၊ စိမ်းညှီသော အနံ့တို့ကို ဗြဟ္မာပြောဟော၍ အကျွန်ုပ် ကြားနာရသည့်အတိုင်းဆိုလျှင်အိမ်ရာတည်ထောင် ဤလူ့ဘောင်၌ နေသောသူသည် ထို (စိမ်းညှီသောအနံ့) တို့ကို ပယ်ဖျောက်ရန်မလွယ်ပါ၊ အရှင်မင်းမြတ် အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ပါတော့အံ့”ဟု (ဆို၏)။

(အရှင်မင်းမြတ်) အကျွန်ုပ်သည် ရေမြေ့ရှင်ရေဏုမင်းကို ကြားလျှောက်ပါ၏၊ အရှင်မင်းပင်တိုင်းပြည်ရေးရာကို စီမံခန့်ခွဲတော်မူပါလော့၊ အကျွန်ုပ်သည်ကား ပုရောဟိတ်ရာထူး၌ မပျော်မွေ့တော့ပါ။ ဂေါဝိန္ဒ (ပုဏ္ဏား) ငါသည် ရေမြေ့အရှင် စစ်သည်ဗိုလ်ပါတို့၏အရှင် ဘုရင်မင်းပေ တည်း၊ သင့်အားအကယ်၍ ကာမဂုဏ်စည်းစိမ်တို့မှ ယုတ်လျော့ခြင်းရှိလျှင် ငါဖြည့်တင်းပေးအံ့၊ သင့်အား ညှဉ်းဆဲသူရှိလျှင်ငါတားမြစ်အံ့၊ သင်ကား အဖ, ငါကား သားဖြစ်ပေ၏၊ ငါတို့ကို မစွန့်ပါလင့်။

(အရှင်မင်းမြတ်) အကျွန်ုပ်အား ကာမဂုဏ်စည်းစိမ်တို့မှ ယုတ်လျော့ခြင်းမရှိပါ၊ အကျွန်ုပ်အားညှဉ်းဆဲသူ သည်လည်း မရှိပါ၊ ဗြဟ္မာ၏ တရားစကားကို ကြားနာ ရသောကြောင့် အကျွန်ုပ်သည်အိမ်၌ မပျော်မွေ့တော့ပါ။

ဂေါဝိန္ဒ (ပုဏ္ဏား) ဗြဟ္မာသည် အဘယ်သို့သော အဆင်းရှိပါသနည်း၊ သင့်အား အဘယ်သို့သောအကြောင်းအရာကို ဟောပြောပါသနည်း၊ သင်သည် ဗြဟ္မာ၏ အဘယ်တရားစကားကို ကြားရ၍အိမ်ရာတို့ကိုလည်းကောင်း ငါတို့ကိုလည်းကောင်း တိုင်းသူပြည်သား အားလုံးတို့ကိုလည်းကောင်းစွန့်ဘိသနည်း။ (အရှင်မင်းမြတ်) အကျွန်ုပ်သည် (မိုးလေးလပတ်လုံး) တစ်ယောက်တည်း ကျင့်သုံး ကာယဇ်ပူဇော်လိုသည်ဖြစ်၍ သမန်းမြက်အရွက်တို့ကို ဖြန့်ခင်းလျက် ရှေးမဆွကပင် မီးကို ညှိထွန်းဖြစ်ခဲ့ပါ၏။

ထိုအခါ ဗြဟ္မာ့လောကမှ သနင်္ကုမာရဗြဟ္မာသည် အကျွန်ုပ်၏ မျက်မှောက်၌ ထင်ရှားပေါ်လာ၍အကျွန်ုပ်၏ အမေးကို ဖြေကြားပါ၏၊ ထိုအဖြေကို ကြားနာရ၍ အကျွန်ုပ်သည် အိမ်၌ မပျော်မွေ့တော့ပါ။

ဂေါဝိန္ဒ (ပုဏ္ဏား) အသျှင်ပြောဆိုသော စကားကို အကျွန်ုပ်ယုံကြည်ပါ၏၊ သင်တို့ သည် ဗြဟ္မာ၏တရားစကားကို ကြားနာရ၍ (ရဟန်းပြုရန်မှ) တစ်ပါး အခြား အဘယ်သို့ ပြုနိုင်ကုန်အံ့နည်း။

ဂေါဝိန္ဒ (ပုဏ္ဏား) အသျှင်သည် ငါတို့၏ ဆရာပေတည်း၊ ငါတို့သည် သင့်ကို အတု လိုက်၍ကျင့်ပါကုန်အံ့၊ ချောမွတ်သော အညစ်အကြေးကင်းစင်သော အလွန် တောက်ပသော ဝေဠုရိယပတ္တမြားကဲ့သို့ ဤအတူပင် အသျှင်ဂေါဝိန္ဒ၏ အဆုံးအမ၌ စင်ကြယ်စွာ ကျင့်ပါကုန်အံ့ဟု (ဆို၏)။

အသျှင်ဂေါဝိန္ဒသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ အကယ်၍ ဝင်ရောက်လျှင် အကျွန်ုပ်တို့သည် လည်းလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါကုန်အံ့၊ ထိုသို့ဝင်ရောက်သော် သင်၏ အဖြစ်နှင့် ကျွန်ုပ်တို့၏အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆို၏)။

မင်းခြောက်ပါးတို့ကို လျှောက်ထားခြင်း

၃၂၂။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် ထိုခြောက်ဦးသော မင်းတို့ထံသို့ ချဉ်းကပ်၍ခြောက်ဦးသောမင်းတို့အား ဤစကားကို ဆို၏—

“အရှင်တို့ အရှင်တို့အား တိုင်းပြည်ရေးရာတို့ကို စီမံအုပ်ချုပ်မည့် တစ်ပါးသော ပုရောဟိတ်ကို ယခုရှာတော်မူပါကုန်လော့၊ အရှင်တို့ အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခြင်းငှါအလိုရှိပါ၏၊ စိမ်းညှီသောအနံ့တို့ကို ဗြဟ္မာပြောဟော၍ အကျွန်ုပ် ကြားနာရသည့်အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသော သူသည် ထို (စိမ်းညှီသောအနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ၊ အရှင်တို့ အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ “ဟု (ဆို၏)။

အချင်းတို့ ထိုအခါ ထိုခြောက်ဦးသော မင်းတို့သည် တစ်နေရာသို့ ဖဲသွားပြီးလျှင် “ဤပုဏ္ဏားတို့မည်သည် ဥစ္စာ၌ တပ်မက်ကုန်၏၊ ငါတို့သည် မဟာဂေါဝိန္ဒပုဏ္ဏားကို ဥစ္စာဖြင့် ဖြားယောင်းရမူ ကောင်းလေစွ”ဟု အညီအညွတ် တိုင်ပင်ကုန်၏။ ထိုသို့တိုင်ပင်ပြီးနောက် ထိုမင်းတို့သည် မဟာဂေါဝိန္ဒပုဏ္ဏားထံချဉ်းကပ်၍ “အသျှင်ပုဏ္ဏား ဤခုနစ်နိုင်ငံတို့၌ များစွာသော ဥစ္စာနှစ်သည် ရှိပါ၏၊ ထိုဥစ္စာနှစ်မှ အသျှင်ပုဏ္ဏား အလိုရှိသလောက် ဆောင်ယူပါလော့”ဟု ဆိုကြကုန်၏။

လုံလောက်ပါပြီ အရှင်မင်းတို့၊ အရှင်မင်းတို့၏ ချီးမြှင့်မှုကြောင့်ပင်လျှင် အကျွန်ုပ်အားလည်း များစွာသော ဥစ္စာနှစ်သည် ရှိနေပါ၏၊ ထိုဥစ္စာနှစ်အားလုံးကို စွန့်ပယ်၍ အကျွန်ုပ်သည် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ပါအံ့၊ စိမ်းညှီသောအနံ့တို့ကို ဗြဟ္မာပြောဟော၍ အကျွန်ုပ် ကြားနာရသည့်အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော သူသည် ထို (စိမ်းညှိသောအနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ၊ အရှင်တို့ အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ဟု ဆို၏။

အချင်းတို့ ထို့နောက် ထိုခြောက်ဦးသော မင်းတို့သည် တစ်နေရာသို့ ဖဲသွားပြီးလျှင် “ဤုပုဏ္ဏားတို့မည်သည် မိန်းမတို့၌ တပ်မက်ကုန်၏၊ ငါတို့သည် မဟာဂေါဝိန္ဒပုဏ္ဏားကို မိန်းမတို့ဖြင့် ဖြားယောင်းရမူကောင်းလေစွ”ဟု အညီအညွတ် တိုင်ပင်ပြန်ကုန်၏။ (ထိုသို့တိုင်ပင်ပြီးနောက်) ထို (မင်း) တို့သည် မဟာဂေါဝိန္ဒပုဏ္ဏားထံ ချဉ်းကပ်၍ “အသျှင်ပုဏ္ဏား ဤခုနစ်နိုင်ငံတို့၌ များစွာသော မိန်းမတို့သည် ရှိပါကုန်၏၊ ထို (မိန်းမများထဲ) မှ အသျှင်ပုဏ္ဏား အလိုရှိသလောက် ဆောင်ယူပါလော့”ဟု (ဆိုကြကုန်၏)။

တော်လောက်ပါပြီ အရှင်မင်းတို့၊ အကျွန်ုပ်အားလည်း အမျိုးတူ မယားလေးဆယ်တို့သည် ရှိပါကုန် ၏၊ ထိုမယားအားလုံးတို့ကိုလည်း ပယ်စွန့်၍ အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့၊ စိမ်းညှီသောအနံ့တို့ကို ဗြဟ္မာပြောဟော၍ အကျွန်ုပ်ကြားနာရသည့်အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော သူသည် ထို (စိမ်းညှီသောအနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ၊ အရှင်တို့အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ဟု (ဆို၏)။

၃၂၃။ အသျှင်ဂေါဝိန္ဒသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ အကယ်၍ ဝင်ရောက်လျှင် အကျွန်ုပ်တို့သည်လည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါကုန်အံ့၊ ထိုသို့ ဝင်ရောက်သော် သင်၏ အဖြစ်နှင့် အကျွန်ုပ်တို့၏ အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆိုကြကုန်၏)။ (အရှင်မင်းတို့) ပုထုဇဉ်တို့ ငြိတွယ်ရာ ကာမဂုဏ်တို့ကို သင်တို့ အကယ်၍ စွန့် လိုကုန်ငြားအံ့၊ သည်းခံခြင်းအားအစွမ်းနှင့် ပြည့်စုံစေလျက်မြဲမြံစွာ အားထုတ် ကြ ကုန်လော့။ ့ဗြဟ္မာ့ဘုံသို့ ရောက်ခြင်းငှါ ဤ (ကရုဏာဈာန်) လမ်းသည် ဖြောင့်တန်းသော လမ်းပေတည်း၊ ဤ (ကရုဏာဈာန်) လမ်းသည် အမြတ်ဆုံးလမ်းပေတည်း၊ ဤ (ကရုဏာဈာန်) သည် သူတော်ကောင်းတို့စောင့်ရှောက်ထားသော တရားကောင်းပေ တည်းဟု (မဟာဂေါဝိန္ဒက ဆို၏)။

သို့ဖြစ်လျှင် အသျှင်ဂေါဝိန္ဒသည် ခုနစ်နှစ် ဆိုင်းငံ့ပါဦးလော့၊ ခုနစ်နှစ် လွန်သောအခါ အကျွန်ုပ်တို့သည်လည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါကုန်အံ့၊ ထိုသို့ဝင်ရောက်သော် သင်၏ အဖြစ်နှင့် အကျွန်ုပ်တို့၏အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆိုကြကုန်၏)။

အရှင်မင်းတို့ ခုနစ်နှစ်သည် ကြာလွန်းပါ၏၊ အရှင်မင်းတို့ကို ခုနစ်နှစ်ပတ်လုံး အကျွန်ုပ် မဆိုင်း ငံ့နိုင်ပါ၊ အရှင်မင်းတို့ မည်သူမျှ အသက်ရှင်နေမည့်ကာလကို မသိနိုင်ပါ၊ တမလွန်ဘဝသို့ မချွတ်သွားရပါ မည်၊ (ထိုအချက်များကို) ဆင်ခြင်၍ သိအပ်ပါ၏၊ ကုသိုလ်ကို ပြုအပ်ပါ၏၊ မြတ်သော အကျင့်ကို ကျင့်အပ်ပါ၏၊ (အကြောင်းမူကား) ပဋိသန္ဓေနေသော သူအား မသေခြင်းသည် မရှိပါ၊ စိမ်းညှီသော အနံ့တို့ကို ဗြဟ္မာပြောဟော၍ အကျွန်ုပ်ကြားနာရသည့် အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေသောသူသည် ထို (စိမ်းညှီသော အနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ၊ အရှင်တို့ အကျွန်ုပ်သည် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ဟု (ဆို၏)။

သို့ဖြစ်လျှင် အသျှင်ဂေါဝိန္ဒသည် ခြောက်နှစ်ဆိုင်းငံ့ပါဦးလော့။ပ။ ငါးနှစ်ဆိုင်းငံ့ပါဦးလော့။ လေးနှစ်ဆိုင်းငံ့ပါဦးလော့။ သုံးနှစ် ဆိုင်းငံပါဦးလော့။ နှစ်နှစ်ဆိုင်းငံ့ပါဦးလော့။ တစ်နှစ်ဆိုင်းငံ့ပါဦးလော့၊ တစ်နှစ်လွန်သော အခါ အကျွန်ုပ်တို့သည်လည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါကုန်အံ့၊ ထိုသို့ဝင်ရောက်သော် သင်၏ အဖြစ်နှင့် အကျွန်ုပ်တို့၏ အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆိုကြကုန်၏)။

အရှင်မင်းတို့ တစ်နှစ်သည် ကြာလွန်းပါသေး၏၊ အရှင်မင်းတို့ကို တစ်နှစ်ပတ်လုံး အကျွန်ုပ် မဆိုင်းငံ့နိုင်ပါ၊ အရှင်မင်းတို့ မည်သူမျှ အသက်ရှင်နေမည့်ကာလကို မသိနိုင်ပါ၊ တမလွန်ဘဝသို့ မချွတ်သွားရပါမည်၊ (ထိုအချက်များကို) ဆင်ခြင်၍ သိအပ်ပါ၏၊ ကုသိုလ်ကို ပြုအပ်ပါ၏၊ မြတ်သော အကျင့်ကို ကျင့်အပ်ပါ၏၊ အကြောင်းမူကား ပဋိသန္ဓေနေသော သူအား မသေခြင်းသည် မရှိပါ၊ စိမ်းညှီသောအနံ့တို့ကိုဗြဟ္မာပြောဟော၍ အကျွန်ုပ်ကြားနာရသည့် အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေသောသူသည် ထို (စိမ်းညှီသော အနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ။ အရှင်တို့ အကျွန်ုပ်သည် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ဟု (ဆို၏)။

သို့ဖြစ်လျှင် အသျှင်ဂေါဝိန္ဒသည် ခုနစ်လ ဆိုင်းငံ့ပါဦးလော့၊ ခုနစ်လလွန်သောအခါ အကျွန်ုပ်တို့သည်လည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါကုန်အံ့၊ ထိုသို့ဝင်ရောက်သော် သင်၏ အဖြစ်နှင့်အကျွန်ုပ်တို့၏ အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆိုကြကုန်၏)။

အရှင်မင်းတို့ ခုနစ်လသည် ကြာလွန်းပါသေး၏၊ အရှင်မင်းတို့ကို ခုနစ်လပတ်လုံး အကျွန်ုပ်မဆိုင်းငံ့နိုင်ပါ၊ အရှင်မင်းတို့ မည်သူမျှ အသက်ရှင်နေမည့်ကာလကို မသိနိုင်ပါ၊ တမလွန်ဘဝသို့ မချွတ်သွားရ ပါမည်၊ (ထိုအချက်များကို) ဆင်ခြင်၍ သိအပ်ပါ၏၊ ကုသိုလ်ကို ပြုအပ်ပါ၏၊ မြတ်သော အကျင့်ကို ကျင့်အပ်ပါ၏၊ (အကြောင်းမူကား) ပဋိသန္ဓေနေသောသူအား မသေခြင်းမည်သည် မရှိပါ။ စိမ်းညှီသောအနံ့တို့ကို ဗြဟ္မာပြောဟော၍ အကျွန်ုပ်ကြားနာရသည့် အတိုင်းဆိုလျှင် အိမ်ရာတည်ထောင်လူ့ဘောင်၌ နေသော သူသည် ထို (စိမ်းညှီသောအနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ။ အရှင်မင်းတို့အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ဟု (ဆို၏)။

သို့ဖြစ်လျှင် အသျှင်ဂေါဝိန္ဒသည် ခြောက်လ ဆိုင်းငံ့ပါဦးလော့။ပ။ ငါးလ ဆိုင်းငံ့ပါဦးလော့။ လေးလဆိုင်းငံ့ပါဦးလော့။ သုံးလ ဆိုင်းငံ့ပါဦးလော့။ နှစ်လ ဆိုင်းငံ့ပါဦးလော့။ တစ်လ ဆိုင်းငံ့ပါဦးလော့။ လခွဲဆိုင်းငံ့ပါဦးလော့၊ လခွဲလွန်သောအခါ အကျွန်ုပ်တို့သည်လည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ပါ ကုန်အံ့၊ ထိုသို့ဝင်ရောက်သော် သင်၏အဖြစ်နှင့် အကျွန်ုပ်တို့၏အဖြစ်သည် တူညီပါလတ္တံ့ဟု့ (ဆိုကြ ကုန်၏)။

အရှင်မင်းတို့ လခွဲသည် ကြာလွန်းပါသေး၏၊ အရှင်မင်းတို့ကို လခွဲပတ်လုံး အကျွန်ုပ် မဆိုင်း ငံ့နိုင်ပါ၊ အရှင်မင်းတို့ မည်သူမျှ အသက်ရှင်နေမည့် ကာလကို မသိနိုင်ပါ၊ တမလွန်ဘဝသို့ မချွတ်သွားရပါမည်၊ (ထိုအချက်များကို) ဆင်ခြင်၍ သိအပ်ပါ၏၊ ကုသိုလ်ကို ပြုအပ်ပါ၏၊ မြတ်သောအကျင့်ကို ကျင့်အပ်ပါ၏၊ အကြောင်းမူကား ပဋိသန္ဓေနေသောသူအား မသေခြင်းမည်သည် မရှိပါ၊ စိမ်းညှီသော အနံ့တို့ကိုဗြဟ္မာပြောဟော၍ အကျွန်ုပ် ကြားနာရသည့်အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသောသူသည် ထို (စိမ်းညှီသော အနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ။ အရှင်မင်းတို့ အကျွန်ုပ်သည်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါတော့အံ့ဟု (ဆို၏)။

သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် မိမိတို့၏သား, ညီအစ်ကိုတို့ကို မင်းအဖြစ်ဖြင့် (လွှဲအပ်လျက်) ဆုံးမပြီးသည်တိုင်အောင် အသျှင်ဂေါဝိန္ဒသည် ခုနစ်ရက်မျှ ဆိုင်းငံ့ပါဦးလော့၊ ခုနစ်ရက်လွန်သောအခါ အကျွန်ုပ်တို့သည်လည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါကုန်အံ့၊ ထိုသို့ဝင်ရောက်သော် သင်၏ အဖြစ်နှင့် အကျွန်ုပ်တို့၏ အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆိုကြကုန်၏)။

အရှင်မင်းတို့ ခုနစ်ရက်သည်ကား မကြာမြင့်လှပေ၊ အရှင်တို့ကို ခုနစ်ရက် အကျွန်ုပ် ဆိုင်းငံ့ပါအံ့ဟု (ဆို၏)။

ပုဏ္ဏား သူဌေး စသည်တို့အား ပြောကြားခြင်း

၃၂၄။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် ပုဏ္ဏားသူဌေး ခုနစ်ယောက်နှင့် သန့်စင်ပြီးသောပုဏ္ဏားလုလင် ခုနစ်ရာတို့ထံသို့ ချဉ်းကပ်၍ ထိုသူတို့အား ဤစကားကို ဆို၏—

“အချင်းတို့ သင်တို့အား ဗေဒင်တို့ကို သင်ကြားပေးမည့် တစ်ပါးသော ဆရာကို ရှာကြကုန်လော့၊ အချင်းတို့ ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခြင်း ငှါ အလိုရှိ၏၊ စိမ်းညှီသောအနံ့တို့ကိုဗြဟ္မာ ပြောဟော၍ ငါကြားနာရသည့်အတိုင်း ဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော သူသည်ထို (စိမ်းညှီသော အနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ် ပါ။ အချင်းတို့ ငါသည် လူ့ဘောင်မှရဟန်းဘောင် သို့ ဝင်ရောက်တော့အံ့”ဟု (ဆို၏)။

အသျှင်ဂေါဝိန္ဒသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်ရောက်ပါလင့်၊ အသျှင် (ဂေါဝိန္ဒ) ရဟန်းအဖြစ်သည် တန်ခိုးလည်း နည်းပါ၏၊ လာဘ်သပ်ပကာလည်း နည်းပါ၏၊ (ပုရောဟိတ်) ပုဏ္ဏားအဖြစ်သည်ကား တန်ခိုးလည်း ကြီးပါ၏၊ လာဘ် သပ်ပကာလည်း များပါ၏ဟု (ဆိုကြကုန်၏)။

အချင်းတို့ “ရဟန်းအဖြစ်သည် တန်ခိုးလည်း နည်း၏၊ လာဘ်သပ်ပကာလည်း နည်း၏၊ (ပုရောဟိတ်) အဖြစ်သည်ကား တန်ခိုးလည်း ကြီး၏၊ လာဘ်သပ်ပကာ လည်းများ၏”ဟု သင်တို့ မဆိုကြကုန်လင့်။ အချင်းတို့ အဘယ်သူသည် ငါ့ထက် သာ၍ တန်ခိုးကြီးအံ့နည်း၊ လာဘ်သပ်ပကာများအံ့နည်း၊ အချင်းတို့ငါသည် ယခု အခါ မင်းတို့၏ (အလယ်၌) (စကြဝတေး) မင်းကဲ့သို့၊ ဗြဟ္မာတို့၏ (အလယ်၌) မဟာဗြဟ္မာကဲ့သို့၊ သူကြွယ်တို့၏ (အလယ်၌) နတ်ကဲ့သို့ ဖြစ်၏။ ငါသည် ထို အလုံးစုံကို စွန့်ပယ်၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်တော့အံ့၊ စိမ်းညှီ သောအနံ့တို့ကို ဗြဟ္မာပြောဟော၍ငါကြားနာရသည့်အတိုင်းဆိုလျှင် အိမ်ရာတည် ထောင် လူ့ဘောင်၌ နေသောသူသည်ထို (စိမ်းညှီသောအနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်ပါ။ အချင်းတို့ ငါသည် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်တော့အံ့ဟု (ဆို၏)။

အသျှင်ဂေါဝိန္ဒသည် အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျှင် အကျွန်ုပ်တို့သည်လည်းလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါကုန်အံ့၊ ထိုသို့ ဝင်ရောက်သော် သင်၏ အဖြစ်နှင့်အကျွန်ုပ်တို့၏ အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆိုကြကုန်၏)။

မယားတို့ကို ပြောကြားခြင်း

၃၂၅။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် အမျိုးဇာတ်တူ မယားလေးဆယ်တို့ထံ ချဉ်း ကပ်၍ထိုမယားတို့အား ဤစကားကိုဆို၏—

“ရှင်မတို့ အလိုအတိုင်း မိမိတို့ အမျိုးအိမ်သို့မူလည်း သွားကုန်လော့၊ တစ်ပါးသောလင်ကိုမူလည်းရှာကုန်လော့။ ရှင်မတို့ ငါသည်ကား လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခြင်းငှါ အလိုရှိ၏၊ စိမ်းညှီသောအနံ့တို့ကို ဗြဟ္မာပြောဟော၍ ငါကြားနေရသည့်အတိုင်းဆိုလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော သူသည် ထို (စိမ်းညှီသော အနံ့) တို့ကို ပယ်ဖျောက်ရန် မလွယ်။ ရှင်မတို့ ငါသည် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်တော့အံ့”ဟု (ဆို၏)။

(အရှင်ဂေါဝိန္ဒ) ဆွေမျိုးကို အလိုရှိသူ အကျွန်ုပ်တို့အား သင်သည်သာလျှင် ဆွေမျိုးပါတည်း၊ လင်ကိုအလိုရှိသူ အကျွန်ုပ်တို့အား သင်သည်သာလျှင် လင်ပါတည်း၊ အရှင်ဂေါဝိန္ဒသည် အကယ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်အံ့၊ အကျွန်ုပ်တို့သည်လည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကုန်အံ့၊ ထိုသို့ ဝင်ရောက်သော် အရှင်၏ အဖြစ်နှင့် အကျွန်ုပ်တို့၏ အဖြစ်သည် တူညီပါလတ္တံ့ဟု (ဆိုကြကုန်၏)။

မဟာဂေါဝိန္ဒပုဏ္ဏား ရဟန်းပြုခြင်း

၃၂၆။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် ထိုခုနစ်ရက်လွန်သောအခါ ဆံမုတ်ဆိတ်ကို ပယ်၍ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လေ၏။ မဟာဂေါဝိန္ဒပုဏ္ဏား ရဟန်းပြုသည်ရှိသော် အဘိသိက်ခံပြီးသော မင်းမျိုးအစစ်ဖြစ်သော မင်းခုနစ်ဦးတို့သည်လည်းကောင်း၊ ပုဏ္ဏား သူဌေးခုနစ်ယောက်တို့သည်လည်းကောင်း၊ သန့်စင်ပြီးသော ပုဏ္ဏားလုလင်ခုနစ်ရာတို့သည်လည်းကောင်း၊ အမျိုးဇာတ်တူ မယားလေးဆယ်တို့သည်လည်းကောင်း၊ ထောင်ပေါင်းများစွာသော မင်း ပုဏ္ဏား သူကြွယ်များစွာသော မောင်းမတို့နှင့် တကွသော မိန်းမတို့သည်လည်းကောင်းဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်သော မဟာဂေါဝိန္ဒပုဏ္ဏားကို အတုလိုက်၍ ရဟန်းပြုကြကုန်၏။

အချင်းတို့ မဟာဂေါဝိန္ဒပုဏ္ဏားသည် ထိုပရိသတ်တို့ဖြင့်ခြံရံလျက် ရွာ နိဂုံး မင်းနေပြည်တို့သို့ဒေသစာရီလှည့်လည်၏။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားသည် အကြင်ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ချဉ်းကပ်၏။ ထိုရွာနိဂုံးဝယ် မင်းတို့၏ အလယ်၌ (စကြဝတေး) မင်းကဲ့သို့၊ ဗြဟ္မာတို့၏အလယ်၌ (မဟာ) ဗြဟ္မာ ကဲ့သို့၊ သူကြွယ်တို့၏ အလယ်၌ နတ်ကဲ့သို့ ဖြစ်၏။ ထိုအခါ လူတို့သည်ချေဆတ်ကုန်သော်လည်းကောင်း၊ ချော်လဲကုန်သော်လည်းကောင်း “မဟာဂေါဝိန္ဒပုဏ္ဏားအား ရှိခိုးပါ၏၊ မင်းခုနစ်ဦးတို့၏ ပုရောဟိတ် (ပုဏ္ဏား) အား ရှိခိုးပါ၏”ဟု ဆိုကုန်၏။

၃၂၇။ မဟာဂေါဝိန္ဒပုဏ္ဏားသည် မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့ စေ၍နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက်အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော။ ငိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။

ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။

လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ငိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ တပည့်တို့အား ဗြဟ္မာ့လောက၌ (ဗြဟ္မာ၏) အပေါင်းအဖော် ဖြစ်ရန် လမ်းကိုဟောကြားလေ၏။

၃၂၈။ အချင်းတို့ ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏား၏ အဆုံးအမကို အကြွင်းမဲ့သိသော တပည့်တို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော ဗြဟ္မာ့လောကသို့ ကပ်ရောက်ကုန်၏။ (မဟာဂေါဝိန္ဒပုဏ္ဏား၏) အဆုံးအမကို အကြွင်းမဲ့ မသိသော တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရနိမ္မိတဝသဝတ္တီနတ်ပြည်သို့ အချို့ ရောက်ကုန်၏။ နိမ္မာနရတိ နတ်ပြည်သို့ အချို့ ရောက်ကုန်၏။ တုသိတာနတ်ပြည်သို့ အချို့ ရောက်ကုန်၏။ ယာမာနတ်ပြည်သို့ အချို့ရောက်ကုန်၏။ တာဝတိံသာနတ်ပြည်သို့ အချို့ရောက်ကုန်၏။ စာတုမဟာရာဇ်နတ်ပြည်သို့ အချို့ရောက်ကုန်၏။ အနိမ့်ဆုံးနတ်မျိုး၌ ဖြစ်သော သူတို့သည်ပင် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကုန်၏။ ဤသို့လျှင်အလုံးစုံသော ထိုအမျိုးသားတို့၏ ရဟန်းပြုခြင်းသည် အချည်းနှီး မဖြစ်၊ မမြုံ၊ အကျိုးရှိ၏၊ အစီးအပွါးရှိ၏ဟု (သနင်္ကုမာရဗြဟ္မာသည် ပြောဟောပါ၏)။

၃၂၉။ “မြတ်စွာဘုရားသည် ထိုအကြောင်းအရာကို အမှတ်ရပါ၏လော”ဟု လျှောက်ထားသော်—

ပဉ္စသိခ ငါ အမှတ်ရ၏။ ငါသည် ထိုအခါ မဟာဂေါဝိန္ဒပုဏ္ဏားဖြစ်ခဲ့၏၊ ငါသည် တပည့်တို့အားဗြဟ္မာ့ဘုံ၌ (ဗြဟ္မာ၏) အပေါင်းအဖော် ဖြစ်ရန်လမ်းကို ဟောကြားခဲ့၏။ ပဉ္စသိခ (မဟာဂေါဝိန္ဒပုဏ္ဏား ဖြစ်စဉ်အခါ) ငါဟော ကြားခဲ့သော ထိုမြတ်သော အကျင့်သည် စင်စစ်။ ငီးငွေ့ရန် အလို့ငှါ မဖြစ်၊ တပ်မက်ခြင်းကင်းရန် အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ရာဂစသည်) ငြိမ်းရန်အလို့ငှါ မဖြစ်၊ ထူးသောဥာဏ်ဖြင့် သိရန် အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန် (ကို မျက်မှောက်ပြုရန်) အလို့ငှါ မဖြစ်၊ ဗြဟ္မာ့ဘုံသို့ ရောက်ရုံမျှသာ ဖြစ်၏။ ပဉ္စသိခ (ယခုငါဟောသော) ဤမြတ်သော အကျင့်သည်ကား စင်စစ်။ ငီးငွေ့ရန် အလို့ငှါ ဖြစ်၏၊ တပ်မက်ခြင်းကင်းရန် အလို့ငှါ ဖြစ်၏၊ (ဝဋ်ဆင်းရဲ) ချုပ်ရန် အလို့ငှါ ဖြစ်၏၊ (ကိလေသာ) ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန် (ကို မျက်မှောက်ပြုရန်) အလို့ငှါ ဖြစ်၏၊ ထိုမြတ်သောအကျင့်ဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤ အရိယာမဂ်ပင်တည်း။

ဤ (အရိယာမဂ်) တို့ကား အဘယ်နည်းဟူမူ—

မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ၊ မှန်စွာ ကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ၊ မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’ ၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’ ၊ မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ၊ မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’ ၊ မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ ၊ မှန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ၊ ဤသည်တို့တည်း။

ပဉ္စသိခ ဤမြတ်သောအကျင့်သည် စင်စစ်ငြီးငွေ့ရန် အလို့ငှါ တပ်မက်ခြင်းကင်းရန် အလို့ငှါ (ဝဋ်ဆင်းရဲ) ချုပ်ရန်အလို့ငှါ (ကိလေသာ) ငြိမ်းရန်အလို့ငှါ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ (သစ္စာလေးပါးကို) သိရန်အလို့ငှါ နိဗ္ဗာန် (ကို မျက်မှောက်ပြုရန်) အလို့ငှါ ဖြစ်၏။

၃၃ဝ။ ပဉ္စသိခ ငါ၏ အဆုံးအမကို အကြွင်းမဲ့သိသော တပည့်တို့သည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ရောက်လျက် (ရဟန္တာ ဖြစ်၍) နေရကုန်၏။

ငါ၏ အဆုံးအမကို အကြွင်းမဲ့ မသိသော တပည့်တို့သည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသော ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ) ၌့ဥပပါတ် ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုသော ထိုဘုံမှ ပြန်လည်ခြင်း သဘောမရှိသောအနာဂါမ် ဖြစ်ရကုန်၏။ ငါ၏ အဆုံးအမကို အကြွင်းမဲ့ မသိသော ထိုတပည့်အချို့တို့သည် သုံးပါးသောသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’, ပြစ်မှားခြင်း ‘ဒေါသ’, တွေဝေခြင်း ‘မောဟ’ တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ်ဖြစ်ရကုန်၏။ ငါ၏ အဆုံးအမကို အကြွင်းမဲ့မသိသော တပည့် အချို့တို့သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့်အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသောသောတာပန် ဖြစ်ရကုန်၏။ ပဉ္စသိခ ဤသို့သာလျှင် ဤအမျိုးသားအားလုံးတို့၏ ရဟန်းပြုခြင်သည်အချည်းနှီး မဖြစ်၊ မမြုံ၊ အကျိုးရှိ၏၊ အစီးအပွါးရှိ၏ဟု (ဟောတော်မူ၏)။

မြတ်စွာဘုရားသည် ဤ (တရားတော်ကို) ဟောတော်မူ၏။ ဂန္ဓဗ္ဗနတ်မျိုးဖြစ်သော ပဉ္စသိခသည်မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို အလွန်နှစ်လိုသည် ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေသတည်း။

ခြောက်ခုမြောက် မဟာဂေါဝိန္ဒသုတ် ပြီး၏။