ဒီဃနိကာယ်
၈—သိင်္ဂါလသုတ်
သိင်္ဂါလ လုလင်
၂၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ သူကြွယ်သား သိင်္ဂါလသည် စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသောဆံပင် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက်အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို ရှိခိုး၏။
၂၄၃။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံကြွတော်မူ၏။ စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသောဆံပင် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက်အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို ရှိခိုးနေသော သူကြွယ်သား သိင်္ဂါလကို မြင်တော်မူသော် သူကြွယ်သား သိင်္ဂါလအား ဤသို့သော စကားကို မိန့်တော်မူ၏ —
“သူကြွယ်သား သင်သည် စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသော ဆံပင်ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက် အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို အဘယ့်ကြောင့် ရှိခိုးဘိသနည်း”ဟု (မိန့်တော် မူ၏)။
မြတ်စွာဘုရား ဖခင်သည် သေခါနီးလတ်သော် အကျွန်ုပ်ကို “ချစ်သား (သင်သည်) အရပ်မျက်နှာ တို့ကို ရှိခိုးလော့”ဟု မှာခဲ့ပါ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် ဖခင်စကားကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် စောစောထကာ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ်စိုသော ဆံပင်ရှိသည် ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ်။ပ။ အထက်အရပ် (ဟူသော) များ စွာသော အရပ်တို့ကို ရှိခိုးပါ၏ဟု (လျှောက်၏)။ အရပ်ခြောက်မျက်နှာ
၂၄၄။ သူကြွယ်သား အရိယာတို့၏ သာသနာ၌ အရပ်ခြောက်ပါးတို့ကို ဤသို့ ရှိမခိုးအပ်ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရား ထိုသို့ ရှိမခိုးအပ်သော် အဘယ်သို့လျှင် အရိယာတို့၏ သာသနာ၌ အရပ်ခြောက်ပါး တို့ကို ရှိခိုးအပ်ပါသနည်း။ မြတ်စွာဘုရား အကျွန်ုပ် တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အရိယာတို့၏ သာသနာ၌ ရှိခိုးအပ်သော အရပ်ခြောက်ပါးတို့ကို ဟောတော်မူပါလော့ဟု (လျှောက်၏)။
သူကြွယ်သား သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
“မြတ်စွာဘုရား ကောင်းပါပြီ”ဟု သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအား ဝန်ခံ၏။
မြတ်စွာဘုရားသည် ဤသို့သော စကားကို မိန့်တော်မူ၏ —
“သူကြွယ်သား အရိယာသာဝကသည် ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏၊ လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြု၊ စည်းစိမ်ပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲ၊ ထို (အရိယာသာဝက) သည် ဤသို့ တစ်ဆယ့်လေးပါးသော မကောင်းမှုမှ ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါး တို့ကို လုံခြုံစေလျက် လောကနှစ်ပါးကို အောင်ခြင်းငှါ ကျင့်၏၊ ထို (အရိယာသာဝက)သည် ဤပစ္စုပ္ပန် လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း နှစ်သက်အပ်၏၊ ထိုအရိယာသာဝကသည် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်၏။
ညစ်ညူးသော ကံ လေးပါး
၂၄၅။ ထိုအရိယာသာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်သနည်းဟူမူ —
“ သူကြွယ်သား အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏၊ မပေးသည်ကို ယူခြင်းသည် ညစ်ညူးသော ကံမည်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏၊ မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသော ကံမည်၏၊ ထိုအရိယာသာဝကသည် ဤညစ်ညူးသော ကံလေးပါး တို့ကို ပယ်အပ်ကုန်၏”ဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော် မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏ —
“သူကြွယ်သား အသက်သတ်ခြင်းကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းကိုလည်း ကောင်း၊ မဟုတ်မမှန်ပြောခြင်းကိုလည်းကောင်း၊ သူတစ်ပါး၏ မယား၌ သွားလာခြင်း ကိုလည်းကောင်း (ညစ်ညူးသောကံဟု) ဆိုအပ်၏၊ (ထိုညစ်ညူးသောကံ နှင့် ပြည့်စုံ သူတို့ကို) ပညာရှိတို့သည် မချီးမွမ်းကုန်”ဟု (မိန့်တော်မူ၏)။
အကြောင်း လေးပါး
၂၄၆။ အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုသနည်း၊ ဆန္ဒာဂတိ ‘ချစ်သဖြင့် မလိုက်အပ်သည် ‘သို့လိုက်၍ မကောင်းမှုကို ပြု၏၊ ဒေါသာဂတိ ‘ မုန်းသဖြင့် မလိုက်အပ်သည် ‘သို့လိုက်၍ မကောင်းမှုကို ပြု၏၊ မောဟာဂတိ ‘မသိသဖြင့် မလိုက်အပ်သည် ‘သို့လိုက်၍ မကောင်းမှုကို ပြု၏၊ ဘယာ ဂတိ ‘ကြောက်သဖြင့် မလိုက်အပ်သည် ‘သို့ လိုက်၍ မကောင်းမှုကို ပြု၏။
သူကြွယ်သား စင်စစ်သော်ကား အရိယာသာဝကသည် အကြင့်ကြောင့် ဆန္ဒာဂတိသို့ မလိုက်၊ ဒေါသာဂတိသို့ မလိုက်၊ မောဟာဂတိသို့ မလိုက်၊ ဘယာဂတိသို့ မလိုက်။ ထို့ကြောင့် ဤလေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုရာဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော် မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏ —
“သူကြွယ်သား အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့် လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ ကျင့်၏။ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ် ပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။
အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး ၍ မကျင့်၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ပြည့်စုံ၏”ဟု (မိန့်တော်မူ၏)။
စည်းစိမ်ပျက်ကြောင်း ခြောက်ပါး
၂၄၇။ အရိယာသာဝကသည် အဘယ်ခြောက်ပါးသော စည်းစိမ်ပျက်ကြောင်းတို့ကို မမှီဝဲသနည်း ဟူမူ —
သူကြွယ်သား မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ် ပျက်ကြောင်းတည်း။
အခါမဲ့ ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
မကောင်းသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
သေရည် သေရက် သောက်ခြင်း အပြစ် ခြောက်ပါး
၂၄၈။ သူကြွယ်သား မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် ဖြစ်ရာ၏၊ ခိုက်ရန်ဖြစ်ပွါးတတ်၏၊ အနာရောဂါ၏ အကြောင်း ဖြစ်၏၊ အရှိန်အစော်မဲ့တတ်၏၊ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏၊ ပညာ၏ အားနည်း သည်ကို ပြုခြင်းသည် ခြောက်ခုမြောက် အကြောင်းဖြစ်၏။ သူကြွယ်သား မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် သောက်လေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အခါမဲ့သွားလာခြင်း အပြစ် ခြောက်ပါး
၂၄၉။ သူကြွယ်သား အခါမဲ့ ခရီးသွားလာလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ထိုသူ၏ ကိုယ်သည်လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏၊ ထိုသူ၏ သားမယားတို့သည် လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏၊ ထိုသူ၏ ဥစ္စာနှစ်သည်လည်း အကာအကွယ် အစောင့်အ ရှောက်ကင်း၏၊ (သူတစ်ပါးပြုသော) မကောင်းမှုတို့၌ (ဤသူပြုမည်ဟု) ယုံမှားအပ်၏၊ ထိုသူ၌ မဟုတ် မမှန် စွပ်စွဲသော စကားလည်း ကျရောက်တတ်၏၊ များစွာသော ဆင်းရဲတရားတို့၏ ရှေ့သွားဖြစ်၏။ သူကြွယ်သား အခါမဲ့ ခရီးသွားလာလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ပွဲလမ်းသဘင် ကြည့်ရှုခြင်း အပြစ် ခြောက်ပါး
၂၅ဝ။ သူကြွယ်သား ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အဘယ်မှာ ကပွဲရှိသနည်း၊ အဘယ်မှာ သီဆိုပွဲရှိသနည်း၊ အဘယ်မှာ တီးမှုတ်ပွဲရှိသနည်း၊ အဘယ်မှာ စာဟောပွဲရှိသနည်း၊ အဘယ်မှာ လက်ခုပ်တီးပွဲရှိသနည်း၊ အဘယ်မှာ စည်တီးပွဲရှိသနည်းဟု မေးရ သွားရ၏။ သူကြွယ်သား ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့ တည်း။
လောင်းကစားခြင်း အပြစ် ခြောက်ပါး
၂၅၁။ သူကြွယ်သား မေ့လျော့ကြောင်းသော လောင်းကစားလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
နိုင်သော် ရန်ပွား၏၊ ရှုံးသော် ဥစ္စာအတွက် ပူပန်ရ၏၊ ကိုယ်တွေ့မျက်မြင် ဥစ္စာဆုတ်ယုတ်၏၊ တရားရုံး၌ ထိုသူ၏ စကားသည် မတည်၊ အဆွေခင်ပွန်းတို့သည် မထီမဲ့မြင် ပြုအပ်၏၊ “ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင်”ဟု သမီးပေး သမီးယူပြုလိုကုန်သော သူတို့သည် အလိုမရှိအပ်။ သူကြွယ်သား မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ခင်ပွန်းယုတ် အပြစ် ခြောက်ပါး
၂၅၂။ သူကြွယ်သား မကောင်းသောသူတို့ကို အဆွေခင်ပွန်းပြုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အကြင်သူတို့သည် လောင်းကစားကြူးကုန်၏၊ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏၊ အကြင် သူတို့သည် သေသောက်ကြူးကုန်၏၊ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏၊ အကြင်သူတို့ သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏၊ အကြင်သူတို့သည် အနိုင်အထက် ပြုတတ်ကုန်၏၊ ထိုသူတို့ သည်သာလျှင် ထိုသူ၏ အဆွေခင်ပွန်း အပေါင်းအဖော်ဖြစ်ကုန်၏။ ထို့ကြောင့် ပစ္စုပ္ပန်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း ပျက်စီးခြင်းသို့ ရောက်၏၊ သူကြွယ်သား မကောင်းသော သူတို့ကို အဆွေ ခင်ပွန်း ပြုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ပျင်းရိခြင်း အပြစ် ခြောက်ပါး
၂၅၃။ သူကြွယ်သား ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အေးလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု၊ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု၊ စောလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ဆာလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ဝလွန်း သည်ဟု အမှုကိစ္စကို မပြု၊ ဤသို့ မခိုင်လုံသော ကိစ္စများကို ယိုးမယ်ဖွဲ့၍ နေသော ထိုသူအား မဖြစ်သေးသော စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်တို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏။ သူကြွယ်သား ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော် မူပြီး၍ ဤဂါထာစကားကို မိန့်တော်မူ၏ —
“သေရည်ဆိုင်၌သာ အဖော်ဖြစ်သောသူသည် သောက်ဖော် သောက်ဖက် မိတ်ဆွေ မည်၏၊ ‘အဆွေ အဆွေ’ဟု ခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲဖြစ်လျက် မျက် ကွယ်၌ ရန်သူသဖွယ် ဖြစ်သော သူသည် ဟန်ဆောင်မိတ်ဆွေမည်၏၊ အကြင်သူသည် အကြောင်းကိစ္စဖြစ်ပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏၊ ထိုသူသည် မိတ်ဆွေစစ် မည်၏။
နေမြင့်အောင် အိပ်ခြင်းလည်းကောင်း၊ သူတစ်ပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူများခြင်းလည်းကောင်း၊ အကျိုးမဲ့ပြု ခြင်းလည်းကောင်း၊ မကောင်းသော အဆွေ ခင်ပွန်းရှိခြင်းလည်းကောင်း၊ အလွန်စေးနှဲခြင်းလည်းကောင်း ဤအကြောင်းခြောက်ပါး တို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။
မကောင်းသော မိတ်ဆွေခင်ပွန်းရှိသူသည်လည်းကောင်း၊ မကောင်းသော အပေါင်း အဖော်ရှိသူသည်လည်းကောင်း၊ မကောင်းသော အလေ့အကျင့် မကောင်းသော ကျက်စားရာရှိသူသည်လည်းကောင်း၊ ဤလောကမှလည်းကောင်း၊ တမလွန်လောကမှ လည်းကောင်း နှစ်ပါးစုံသော လောကမှ (ပျက်စီးခြင်းသို့) လျှောကျတတ်၏။
လောင်းကစားလေ့ရှိခြင်းလည်းကောင်း၊ မိန်းမလိုက်စားခြင်းလည်းကောင်း၊ သေရည် သေရက်သောက်လေ့ရှိခြင်းလည်းကောင်း၊ ကခြင်းသီခြင်းကို ကြည့်ရှုနား ထောင်လေ့ ရှိခြင်းလည်းကောင်း၊ နေ့၌ အိပ်လေ့ရှိခြင်းလည်းကောင်း၊ အခါမဲ့၌ ခရီးသွားလာလေ့ ရှိခြင်းလည်းကောင်း၊ မကောင်းသူတို့ကို အဆွေခင်ပွန်း ဖွဲ့လေ့ရှိခြင်းလည်းကောင်း၊ အလွန်စေးနှှဲခြင်းလည်းကောင်း ဤခြောက်ပါးသော အကြောင်းတို့သည် လူကို ဖျက် ဆီးတတ်ကုန်၏။
အကြင်သူတို့သည် ကြွေအန်တို့ ဖြင့် လောင်းကစားကုန်၏၊ သေရည်သေရက် သောက်ကုန်၏၊ သူတစ်ပါးတို့၏ အသက်နှင့်တူကုန်သော, သူယုတ်မာတို့သာ မှီဝဲအပ် ကုန်သော, ပညာရှိတို့ မမှီဝဲအပ်ကုန်သော သူတစ်ပါးမယားတို့ကို သွားလာကုန်၏၊ ထိုသူတို့၏ စည်းစိမ်အခြံအရံသည် လဆုတ်ပက္ခ၌ လမင်းကဲ့သို့ ဆုတ်ယုတ်၏။
မရှိဆင်းရဲသော မွတ်သိပ်သော အကြင်အရက်သမားသည် သောက်လိုသည်ဖြစ်၍ အရက်ဆိုင်သို့ သွား၏၊ ထိုအရက်သမားသည် ရေ၌ ကျောက်ခဲ နစ်မြုပ်သကဲ့သို့ ကြွေး၌ နစ်မြုပ်လတ္တံ့၊ မိမိ၏ ဆွေမျိုးမရှိ အထီးကျန်သူအဖြစ်ကို လျင်စွာ ပြုလတ္တံ့။
နေ့၌ အိပ်လေ့ရှိသော ညဉ့်၌ ထလေ့မရှိသော အမြဲမူးယစ်သော ကာမဂုဏ်လိုက် စားသော သူသည် အိမ်ကို အုပ်စိုး၍ နေခြင်းငှါ မတတ်နိုင်။
အေးလွန်းသည် ပူလွန်းသည် မိုးချုပ်လွန်းသည်ဟု (ပြောဆို၍) အမှုကိစ္စတို့ကို မပြုလုပ်ဘဲ စွန့်လွှတ်ကုန်သော သူတို့ကို အကျိုးစီးပွားတို့သည် ကျော်လွန်၍ သွား ကုန်၏။
ဤလောက၌ အကြင်သူသည် အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ မြက် ထက်လွန်၍ မအောက်မေ့၊ ထိုသူသည် လူ့ကိစ္စတို့ကို ပြုသည်ဖြစ်၍ စီးပွားချမ်းသာ ကို မစွန့်”ဟု (မိန့်တော်မူ၏)။
မိတ်ဆွေတု
၂၅၄။ သူကြွယ်သား မိတ်ဆွေစစ် မဟုတ်သော ဤမိတ်ဆွေတု လေးယောက်တို့ကို သိအပ်ကုန်၏၊ စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏၊ နှုတ်မျှ ဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏၊ အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏၊ ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
၂၅၅။ သူကြွယ်သား စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ်မဟုတ်သော မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
စင်စစ် ယူသာ ယူတတ်၏၊ နည်းသော ဥစ္စာဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏၊ (မိမိ၌) ဘေးဖြစ်လတ်သော် ထိုသူ၏ ကိစ္စကို ပြုတတ်၏၊ အကျိုးကို ရလိုသောကြောင့် ဆည်းကပ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
၂၅၆။ သူကြွယ်သား နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
လွန်ပြီးသောအရာဖြင့် ချီးမြှောက်၏၊ မဖြစ်သေးသောအရာဖြင့် ချီးမြှောက်၏၊ အချည်းနှီးလော ကွတ်မျှဖြင့် ချီးမြှောက်၏၊ ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို ပြ၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
၂၅၇။ သူကြွယ်သား အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေ တုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏၊ ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏၊ ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏၊ ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကို ဆို၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
၂၅၈။ သူကြွယ်သား ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
မူးယစ်မေ့လျော့ကြောင်း သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊ အခါမဲ့ ခရီး သွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏၊ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊့မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပေါင်းအဖော် ဖြစ်၏။
သူကြွယ်သား ဤအကြောင်းလေးပါးတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေ တုကို သိအပ်၏၊ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
၂၅၉။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကို မိန့်တော်မူ၏ —
“ အကြင် မိတ်ဆွေသည် စင်စစ် ယူသာ ယူတတ်၏၊ အကြင် မိတ်ဆွေသည် နှုတ် မျှဖြင့်သာလျှင် ပေးတတ်၏၊ အကြင် မိတ်ဆွေသည် အကြိုက်ကိုသာ လိုက်၍ ပြောဆို တတ်၏၊ အကြင် မိတ်ဆွေသည် ပျက်စီးကြောင်း၌ အပေါင်းအဖေါ် ဖြစ်၏။
မိတ်ဆွေစစ် မဟုတ်သော ဤလေးယောက်တို့ကို ပညာရှိသည် ဤသို့ ဆိုခဲ့တိုင်း သိ၍ ဘေးရန်ရှိသော ခရီးကို ဝေးစွာ ရှောင်ကြဉ်သကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရာ၏”ဟု (မိန့်တော်မူ၏)။
စိတ်ကောင်း နှလုံးကောင်းရှိသော မိတ်ဆွေ
၂၆ဝ။ သူကြွယ်သား ကောင်းသော စိတ်နှလုံးရှိသော ဤမိတ်ဆွေ လေးယောက်တို့ကို သိအပ် ကုန်၏၊ ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊ ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊ အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊ အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
၂၆၁။ သူကြွယ်သား ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လတ်သော် ထိုပြောသည်ထက် နှစ်ဆသော စည်းစိမ်ကို ပေးတတ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံး ရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊
၂၆၂။ သူကြွယ်သား ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သော အမှုကို ပြောကြား၏။
ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လျှို့ဝှက်၏။
ဘေးရန် ဖြစ်လတ်သော် မစွန့်ပစ်။
ထိုမိတ်ဆွေ၏ အကျိုးငှါ အသက်ကိုသော်လည်း စွန့်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
၂၆၃။ သူကြွယ်သား အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
မကောင်းမှုမှ တားမြစ်တတ်၏။
ကောင်းမှု၌ သက်ဝင်စေ၏။
မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
နတ်ပြည်ခရီးကို ပြောကြားတတ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
၂၆၄။ သူကြွယ်သား အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
ထိုမိတ်ဆွေအား ကဲ့ရဲ့စကားပြောသူကို ကန့်ကွက်တားမြစ်တတ်၏။
ထိုမိတ်ဆွေအား ချီးမွမ်းစကားပြောသူကို ထောက်ခံချီးမွမ်းတတ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံး ရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
၂၆၅။ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကို မိန့် တော်မူ၏ —
“ (သူကြွယ်သား) အကြင် မိတ်ဆွေသည် ကျေးဇူးပြုတတ်၏၊ အကြင် မိတ်ဆွေ သည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏၊ အကြင် မိတ်ဆွေသည် အကျိုးစီးပွါးကို ပြောကြားတတ်၏၊ အကြင် မိတ်ဆွေသည် အစဉ်သနားတတ်၏။
ပညာရှိသောသူသည် ဤမိတ်ဆွေစစ်လေးယောက်တို့ကို ဤဆိုခဲ့တိုင်းသိ၍ အမိသည် ရင်၌ ဖြစ်သော သားသို့ ချဉ်းကပ်သကဲ့သို့ ရိုသေစွာ ချဉ်းကပ်ရာ၏။
သီလနှင့် ပြည့်စုံသော ပညာရှိသည် ထွန်းလင်းတောက်ပသော မီးကဲ့သို့ တင့်တယ် ထွန်းပ၏၊ ပျားသည် (ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက်) ပျားလပို့ကို အားထုတ်ဆောက်လုပ်သကဲ့သို့ (မိမိကိုလည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မညှဉ်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့်) ဥစ္စာပစ္စည်းကို စုဆောင်း ရှာမှီးသော သူ၏ ဥစ္စာစည်းစိမ်တို့သည် ခြတောင်ပို့ ကြီးပွါးသကဲ့သို့ ကြီးပွါးခြင်းသို့ ရောက်ကုန်၏။
အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်သော အမျိုးသားသည် ဤသို့ ဥစ္စာ စည်းစိမ်တို့ကို ကောင်းစွာ စုဆောင်း၍ စည်းစိမ်တို့ကို လေးဖို့ ခွဲဝေရာ၏။ (ဤသို့ ခွဲဝေသော်) ထိုသူသည် မိတ်ဧဆွခင်ပွန်းတို့ကို မကွဲအောင် စည်းရုံးနိုင်၏။
တစ်ဖို့ဖြင့် စည်းစိမ်ကို ခံစားရာ၏၊ နှစ်ဖို့တို့ဖြင့် ကုန်သွယ်မှု စသည် ပြုလုပ်ရာ၏၊ လေးခုမြောက်အဖို့ကိုကား ဘေးရန်ဖြစ်လတ်သော် အသုံးစရိတ် ဖြစ်လတ ္တံ့ဟု သိုမှီး ထားရာ၏”ဟု (မိန့်တော်မူ၏)။
အရပ် ခြောက်ပါးကို လုံခြုံစေခြင်း
၂၆၆။ သူကြွယ်သား အရိယာသာဝကသည် အရပ်ခြောက်ပါးတို့ကို အသို့လျှင် လုံခြုံစေသနည်း ဟူမူ— သူကြွယ် သား အရပ်ခြောက်ပါးတို့ကို သိအပ်ကုန်၏။
အမိ အဖတို့ကို အရှေ့အရပ်ဟု သိအပ်ကုန်၏။
ဆရာသမားတို့ကို တောင်အရပ်ဟု သိအပ်ကုန်၏။
သားမယားတို့ကို အနောက်အရပ်ဟု သိအပ်ကုန်၏။
ချစ်သော အဆွေခင်ပွန်းတို့ကို မြောက်အရပ်ဟု သိအပ်ကုန်၏။
အစေအပါး အလုပ်သမားတို့ကို အောက်အရပ်ဟု သိအပ်ကုန်၏။
သမဏဗြာဟ္မဏတို့ကို အထက်အရပ်ဟု သိအပ်ကုန်၏။
၂၆၇။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် အရှေ့အရပ်မည်သော မိဘ တို့ကို ပြုစုအပ်ကုန်၏။
(ငါ့ကို ငါ့မိဘတို့) မွေးမြူအပ်၏၊ (ငါသည်) ထိုမိဘတို့ကို ပြန်၍ မွေးမြူအံ့။
ထိုမိဘတို့၏ အမှုကိစ္စကို ပြုအံ့။
မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊ အစဉ်အဆက်မှ လာသော ကုသိုလ်ဝတ်ကို ပြု ခြင်းဖြင့် အမျိုးအနွယ်ကို တည်စေအံ့။
အမွေခံထိုက်အောင် (မိဘတို့၏ အဆုံးအမကို) ကျင့်ကြံ လိုက်နာအံ့။
ထိုမှတစ်ပါး ကွဲကွာသေလွန်သော မိဘတို့၏ အလို့ငှါ အလှူပေးအံ့ဟု (ပြုစုကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။
မကောင်းမှုမှ တားမြစ်ကုန်၏။
ကောင်းမှု၌ သက်ဝင်စေကုန်၏။
အတတ်ကို သင်စေကုန်၏။
လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏။
လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏။
သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော အရှေ့ အရပ်မည်သော မိဘတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏၊ ထို သားသမီးသည် ဤသို့ လုပ်ကျွေးသည်ရှိသော် ထိုအရှေ့အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
၂၆၈။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် တောင်အရပ်မည်သော ဆရာတို့ကို ပြုစုအပ်ကုန်၏။
နေရာမှ ထ၍ ခရီးဦးကြိုခြင်းဖြင့်လည်းကောင်း၊
ခစားဆည်းကပ်ခြင်းဖြင့်လည်းကောင်း၊
(စကားကို) နာယူခြင်းဖြင့်လည်းကောင်း၊
အရိုအသေလုပ်ကျွေးခြင်းဖြင့်လည်းကောင်း်
အတတ်ပညာကို ရိုသေစွာ သင်ကြားလေ့ကျက်သင်ခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် ဝတ်ပြုအပ်ကုန်သော တောင်အရပ် မည်သော ဆရာတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို အစဉ်စောင့်ရှောက်ကုန်၏။
ကောင်းစွာ ဆုံးမသင့်သော အရာကို ဆုံးမကုန်၏။
ကောင်းစွာ သင်သင့်သော အရာကို သင်စေကုန်၏။
အလုံးစုံသော အတတ်ကို ပြောကြား သင်ကြားကုန်၏။
ကောင်းသော အဆွေခင်ပွန်းတို့ထံ၌ အပ်နှင်းကုန်၏။
ခပ်သိမ်းသော အရပ်တို့၌ အစောင့်အရှောက်ကို ပြုကုန်၏။
သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် ပြုစုလုပ်ကျွေးအပ်ကုန်သော တောင် အရပ်မည်သော ဆရာတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို စောင့်ရှောက်ကုန်၏။ ထို တပည့်သည် ဤသို့ ပြုစုလုပ်ကျွေးသည်ရှိသော် ထိုတောင်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
၂၆၉။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် လင်သည် အနောက်အရပ်မည်သော မယားကို ပြုစုအပ်၏။
အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့်လည်းကောင်း။
နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့်လည်းကောင်း။
မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့်လည်းကောင်း။
စဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့်လည်းကောင်း။
အဝတ်တန်ဆာကို ပေးခြင်းဖြင့်လည်းကောင်း (ပြုစုအပ်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် လင်သည် ပြုစုအပ်သော အနောက်အရပ်မည်သော မယားသည် ငါးပါးသော အကြောင်းတို့ဖြင့် လင်ဖြစ်သူကို စောင့်ရှောက်၏။
အမှုကြီးငယ်ကိုလည်း ကောင်းစွာ စီရင်၏။
နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်၏။
မိမိလင်မှတစ်ပါး အခြားယောကျာ်း၌ လွန်ကျူးသော အကျင့်မှ ကင်း၏။
ရှာဖွေစုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏။
အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်း၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် လင်သည် ပြုစုအပ်သော အနောက်အရပ်မည်သော မယားသည် ဤငါးပါးသော အကြောင်းတို့ဖြင့် လင်ကို စောင့်ရှောက်၏၊ ဤသို့ပြုစုသည်ရှိသော် ဤအနောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
၂၇ဝ။ သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့ကို ပြုစုအပ်ကုန်၏။
ပေးကမ်းစွန့်ကြဲခြင်းဖြင့်လည်းကောင်း။
ချစ်ဖွယ်သော စကားကို ဆိုခြင်းဖြင့်လည်းကောင်း။
အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြင့်လည်းကောင်း။
မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းဖြင့်လည်းကောင်း။
မချွတ်မယွင်း ပြောဆိုပေးကမ်းခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့် ရှောက်ကုန်၏။
မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်ကုန်၏။
မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ကုန်၏။
ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာဖြစ်ကုန်၏။
ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ် ကုန်။
ထိုမိတ်ဆွေ၏ သားမြေးအဆက်ဆက်တို့ကိုလည်း တုံ့ပြန် ချီးမြှောက်ကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။ ဤသို့ ပြုစုသည်ရှိသော် ဤမြောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
၂၇၁။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် အောက်အရပ်မည်သော အစေအပါး အလုပ်သမားတို့ကို ပြုစုအပ်ကုန်၏။
ခွန်အားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်းဖြင့်လည်းကောင်း။
ထမင်းရိက္ခာ ပေးခြင်းဖြင့်လည်းကောင်း။
မကျန်းမာသောအခါ ပြုစုခြင်းဖြင့်လည်းကောင်း။
ထူးဆန်းသော အရသာများကို ခွဲဝေပေးခြင်းဖြင့်လည်းကောင်း။
အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အဝတ်တန်ဆာ စသည်ပေးခြင်းဖြင့်လည်းကောင်း (ပြုစုအပ် ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက်အရပ် မည်သော အစေအပါး အလုပ်သမားတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက် ကုန်၏။
(အရှင်၏) ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိကုန်၏။
(အရှင်အိပ်သည်မှ) နောက်၌ အိပ်လေ့ရှိကုန်၏။
ပေးသည်ကိုသာ ယူလေ့ရှိကုန်၏။
အမှုကိစ္စကို ကောင်းစွာ ပြုလုပ်ကုန်၏။
(အရှင်၏) ဂုဏ်သတင်းကို ဆောင်ကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက် အရပ်မည်သော အစေအပါး အလုပ်သမားတို့သည် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။ ဤသို့ ကောင်းစွာ ပြုစုသည်ရှိသော် ထိုအောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
၂၇၂။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် အထက်အရပ် မည်သော သမဏဗြာဟ္မဏတို့ကို ပြုစုအပ်ကုန်၏။
မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့်လည်းကောင်း။
မေတ္တာနှင့်ယှဉ်သော ဝစီကံမှုဖြင့်လည်းကောင်း။
မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့်လည်းကောင်း။
(အမြဲမပြတ် လှူဒါန်းလိုသော အလောဘ) တံခါးကို ဖွင့်၍ ထားခြင်းဖြင့်လည်းကောင်း၊
ဆွမ်းစသော အာမိသတို့ကို ပေးလှူ ခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။
မကောင်းမှုမှ တားမြစ်ကုန်၏။
ကောင်းမှု၌ သက်ဝင်စေကုန်၏။
ကောင်းသော စိတ်ဖြင့် စောင့်ရှောက်ကုန်၏။
မကြားဖူးသေးသော တရားစကားကို ဟောကြားကုန်၏။
ကြားဖူးပြီးသော တရားစကားကို ဖြူစင်စေကုန်၏။
နတ်ပြည်ခရီးကို ပြောကြားကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ဤခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်း သားကို စောင့်ရှောက်ကုန်၏။ ဤသို့ ပြုစုသည်ရှိသော် ဤအထက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
၂၇၃။ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကိုလည်း မိန့်တော်မူ၏ —
“အမိအဖတို့သည် အရှေ့အရပ် မည်ကုန်၏၊ ဆရာတို့သည် တောင်အရပ် မည် ကုန်၏၊ သားမယားတို့သည် အနောက်အရပ် မည်ကုန်၏၊ အဆွေခင်ပွန်းတို့သည် မြောက်အရပ် မည်ကုန်၏။
အစေအပါး အလုပ်သမားတို့သည် အောက်အရပ် မည်ကုန်၏၊ သမဏ ဗြာဟ္မဏတို့ သည် အထက်အရပ် မည်ကုန်၏၊ အိမ်ကို အုပ်စိုး၍ နေထိုင်သော အမျိုးကောင်းသား သည် ဤအရပ်ခြောက်ပါးတို့ကို ရှိခိုးရာ၏။
အကြင်သူသည် အရပ်မျက်နှာတို့ကို ရှိခိုးခြင်း၌ အလိမ္မာ ရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ သိမ်မွေ့ နက်နဲသော ပညာဉာဏ် ရှိ၏၊ နှိမ့်ချခြင်း ရှိ၏၊ ခက်ထန်ခြင်း မရှိ၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။
(အကြင်သူသည်) ထကြွမှု ရှိ၏၊ ပျင်းရိခြင်း မရှိ၊ ဘေးရန်တို့ ဖြစ်ပေါ်လတ်သော် မတုန်လှုပ်၊ မပြတ်အားထုတ်အပ်သော အသက်မွေးမှု ရှိ၏၊ အရာအားလျော်စွာ ပညာ ရှိ၏၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။
(အကြင်သူသည်) ချ ီးမြှောက်တတ်၏၊ အဆွေခင်ပွန်းကောင်းကို ရှာတတ်၏၊ ကျေးဇူးကို သိတတ်၏၊ ဝန်တိုမှုမရှိ၊ အကျိုးဆောင်တတ်၏၊ အကြောင်းပြ၍ ဆုံးမ တတ်၏၊ ခေါင်းဆောင်တတ်၏၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။
ကျင့်ဝတ်တရားတို့၌ အကြင် ပေးကမ်းစွန့်ကြဲခြင်းသည်လည်းကောင်း၊ အကြင် ချစ်ဖွယ်သော စကားကို ဆိုခြင်းသည်လည်းကောင်း၊ အကြင်အကျိုးစီးပွားကို ကျင့် ဆောင်ခြင်းသည်လည်းကောင်း၊ ကိစ္စအားလျော်စွာ အကြင်မိမိနှင့် ထပ်တူညီမျှ ဆက်ဆံ ခြင်းသည်လည်းကောင်း ရှိ၏၊ ထိုထို ပုဂ္ဂိုလ်၌ ထိုက်သည့်အားလျော်စွာ ထို (ပေးကမ်း ခြင်းစသော) သင်္ဂဟတရားတို့သည် ဤလောက၌ သွားနေသော ရထား၏ နားစောင့် ကဲ့သို့ ဖြစ်ကုန်၏။
လောက၌ ထိုသင်္ဂဟတရားတို့သည် (အကယ်၍) မရှိကုန်အံ့၊ အမိသည် သား ပြုအပ်သော မြတ်နိုးခြင်းကိုလည်းကောင်း ပူဇော်ခြင်းကိုလည်းကောင်း မရရာ၊ အဖ သည် သားပြုအပ်သော မြတ်နိုးခြင်းကိုလည်းကောင်း ပူဇော်ခြင်းကိုလည်းကောင်း မရ ရာ။
ထိုသင်္ဂဟတရားတို့ကို (ပြုအပ်၏ဟု) ပညာရှိတို့ မှတ်ယူကုန်သောကြောင့် ကြီး မြတ်သည့် အဖြစ်သို့ ရောက်ကုန်၏၊ ချီးမွမ်းလည်း ချီးမွမ်းထိုက်ကုန်၏”ဟု (မိန့် တော်မူ၏)။
၂၇၄။ ဤသို့ မိန့်တော်မူသော် သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —
“အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့ သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင် ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရား သည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ဘုရား တရား သံဃာကို) ကိုးကွယ်ဆည်းကပ်သော ‘ဥပါသကာ’ဟု မှတ်တော်မူပါ”ဟူ၍ (လျှောက်ထားလေသတည်း)။
ရှစ်ခုမြောက် သိင်္ဂါလသုတ် ပြီး၏။