ဣတိဝုတ်ပါဠိတော်

၁-လောဘသုတ်

၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း? ရဟန်းတို့ တပ်မက်မှု 'လောဘ'ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်လောဘဖြင့် တပ်မက်သူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုလောဘကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုလောဘကို) ပယ်စွန့်ကုန်၏။ (ယင်းလောဘကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။