ဣတိဝုတ်ပါဠိတော်

၁ဝ-ဒေါသပရိညာသုတ်

၁ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဒေါသကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ဒေါသကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''အကြင်ဒေါသဖြင့် ဖျက်ဆီးခံရသူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုဒေါသကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုဒေါသကို) ပယ်စွန့်ကုန်၏။ (ယင်းဒေါသကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ရှေးဦးစွာသော ပါဋိဘောဂဝဂ် ပြီး၏။