ဣတိဝုတ်ပါဠိတော်

၂-သုလဘသုတ်

၁ဝ၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကိစ္စလည်းနည်းကုန် ရလည်းရလွယ်ကုန် အပြစ်လည်းကင်းကုန်သော ထိုအရာဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်း-ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည်ကိစ္စလည်းနည်း၏။ ရလည်းရလွယ်၏။ ထိုပံ့သကူသင်္ကန်းသည် အပြစ်လည်းမရှိ၊ ရဟန်းတို့ ဘောဇဉ်တို့တွင် သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ ရအပ်သော ဆွမ်းသည် ကိစ္စလည်းနည်း၏။ ရလည်းရလွယ်၏။ ထိုဆွမ်းသည် အပြစ်လည်း မရှိ၊ ရဟန်းတို့ ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် ကိစ္စလည်းနည်း၏။ ရလည်းရလွယ်၏။ ထိုကျောင်းသည် အပြစ်လည်း မရှိ၊ ရဟန်းတို့ ဆေးတို့တွင် နွားကျင်ငယ်ဖြင့် ထုံအပ်သော ဆေးသည် ကိစ္စလည်းနည်း၏။ ရလည်းရလွယ်၏။ ထိုဆေးသည် အပြစ်လည်းမရှိ၊ ရဟန်းတို့ ကိစ္စလည်းနည်း ရလည်းရလွယ် အပြစ်လည်းမရှိကုန်သော ထိုအရာဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း၊ ရဟန်းတို့ ရဟန်းသည် ကိစ္စနည်းသဖြင့်လည်းကောင်း၊ ရလွယ်သဖြင့်လည်းကောင်း၊ အပြစ်မရှိသဖြင့်လည်းကောင်း အကြင်ရောင့်ရဲ၏။ ထိုရဟန်း၏ ဤရောင့်ရဲခြင်းကို သီလသံဝရစသည်တို့တွင် တစ်ပါးအပါအဝင်ဖြစ်၍ အရိယမဂ်၏ အကြောင်းအင်္ဂါဟု ငါဆို၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အပြစ်မရှိသဖြင့်လည်းကောင်း၊ ကိစ္စနည်းသဖြင့်လည်းကောင်း၊ ရလွယ်သဖြင့်လည်းကောင်းရောင့်ရဲသော ရဟန်းအား ကျောင်း သင်္ကန်း အဖျော်ဘောဇဉ်ကို အကြောင်းပြု၍ စိတ်ပင်ပန်းမှု မဖြစ်၊ အရပ်မျက်နှာကို မညှဉ်းဆဲ။

အရိယမဂ်အားလျော်ကုန်သော အကြင်တရားတို့ကို မြတ်စွာဘုရား ဟောကြား တော်မူအပ်ကုန်၏။ ထိုတရားတို့ကို မမေ့မလျော့ကျင့်သော ရောင့်ရဲလွယ်သော ထို ရဟန်းသည် သိမ်းကျုံးယူနိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။