ဣတိဝုတ်ပါဠိတော်

၃-အာသဝက္ခယသုတ်

၁ဝ၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သိသူ မြင်သူအားသာ အာသဝေါတရားတို့ကုန်ခြင်းကို ငါဆို၏။ မသိသူ မမြင်သူအား့အာသဝေါတရားတို့ကုန်ခြင်းကို ငါမဆို၊ ရဟန်းတို့ အဘယ်ကို သိသူ မြင်သူအား အာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်သနည်း၊ ရဟန်းတို့ ''ဤကား ဆင်းရဲတည်း''ဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ''ဤကား ဆင်းရဲ၏ဖြစ်ကြောင်းတည်း''ဟု သိသူ မြင်သူအားအာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ''ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)တည်း''ဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ''ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း''ဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် သိသူ မြင်သူအား အာသဝေါတရားတို့၏ကုန်ခြင်းသည် ဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ဖြောင့်မှန်သော လမ်းသို့ အစဉ်လိုက်သော ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်အား ကိလေသာကုန်ရာ နိဗ္ဗာန်၌ ပဌမအရဟတ္တမဂ်ဉာဏ် ဖြစ်၏။ ထိုအရဟတ္တမဂ်ဉာဏ်မှ အခြားမဲ့၌ အရဟတ္တဖိုလ်ဖြစ်၏။

ထိုအရဟတ္တဖိုလ်မှနောက် အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်အား မြတ်သော နိဗ္ဗာန်နှင့်အရဟတ္တဖိုလ်၌ ဖြစ်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏။ သံယောဇဉ်တို့ကုန်ခြင်းကို ပြုတတ်သော အရဟတ္တမဂ်၌ ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏။ သံယောဇဉ်တို့ကုန်ပြီဟု သိသော ပစ္စဝေက္ခဏာဉာဏ် ဖြစ်၏။

ပျင်းရိမိုက်မဲ၍ အသိဉာဏ်မဲ့သူသည် အလုံးစုံအနှောင်အဖွဲ့မှ လွတ်သော ဤနိဗ္ဗာန်ကို မရထိုက်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။