ဣတိဝုတ်ပါဠိတော်

၄-သမဏဗြာဟ္မဏသုတ်

၁ဝ၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ''ဤကား ဆင်းရဲတည်း''ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ ''ဤကား ဆင်းရဲ၏ဖြစ်ကြောင်းတည်း''ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ ''ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)တည်း''ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ ''ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်တည်း''ဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု ငါဘုရား မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ရောက်၍ မနေကြရကုန်။

ရဟန်းတို့ ''ဤကား ဆင်းရဲတည်း''ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ ''ဤကား ဆင်းရဲ၏ဖြစ်ကြောင်းတည်း''ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ ''ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)တည်း''ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ ''ဤကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်တည်း''ဟု ဟုတ်တိုင်းမှန်စွာ သိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား သမုတ်အပ်ကုန်၏။ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု ငါဘုရား သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိလျက် မျက်မှောက်ပြုကာ ရောက်၍ နေကြရကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူတို့သည် ဆင်းရဲကို မသိကြကုန်၊ ထို့ပြင် ဆင်းရဲ၏ဖြစ်ကြောင်းကို မသိကြကုန်၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းလမ်းစဉ်ကိုလည်းကောင်း မသိကြကုန်။

ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှလွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာမှ ယုတ်ကုန်၏။ ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မထိုက်ကုန်၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ ဧကန် ရောက်ကြရကုန်၏။

အကြင်သူတို့သည်ကား ဆင်းရဲကို သိကြကုန်၏။ ထို့ပြင် ဆင်းရဲ၏ဖြစ်ကြောင်းကို သိကြကုန်၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း လမ်းစဉ်ကိုလည်းကောင်း သိကြကုန်၏။ ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာနှင့် ပြည့်စုံကုန်၏။ ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ ထိုက်ကုန်၏။ ပဋိသန္ဓေနေခြင်းအိုခြင်းသို့ မကပ်ရောက်ကြရကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။