ဣတိဝုတ်ပါဠိတော်

၅-သီလသမ္ပန္နသုတ်

၁ဝ၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သီလနှင့်ပြည့်စုံကြသူ သမာဓိနှင့်ပြည့်စုံကြသူ ပညာနှင့်ပြည့်စုံကြသူ အရဟတ္တဖိုလ် ဝိမုတ္တိနှင့်ပြည့်စုံကြသူ အရဟတ္တဖိုလ် 'ဝိမုတ္တိ'ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့်ပြည့်စုံကြသူသူတစ်ပါးတို့ကို ဆုံးမတတ်သူ တရားကို သိစေတတ်သူ တရားကို ကောင်းစွာ ပြတတ်သူ ဆောက်တည်စေတတ်သူ ထက်သန်စေတတ်သူ ရွှင်လန်းစေတတ်သူ သူတော်ကောင်းတရားကို ကောင်းစွာ ဟောကြားခြင်းငှါ စွမ်းနိုင်ကြသူ ရဟန်းတို့အား ဖူးမြင်ရုံမျှကိုလည်း ကျေးဇူးများ၏ဟု ငါဆို၏။ ရဟန်းတို့ငါဘုရားသည် ထိုရဟန်းတို့၏ အကြောင်းကို ကြားရရုံမျှကိုလည်း ကျေးဇူးများ၏ဟု ငါဆို၏။ ထိုရဟန်းတို့အား ချဉ်းကပ်ရုံမျှကိုလည်း ကျေးဇူးများ၏ဟု ငါဆို၏။ ထိုရဟန်းတို့ကိုမှီဝဲဆည်းကပ်ရုံမျှကိုလည်းကျေးဇူးများ၏ဟု ငါဆို၏။ ထိုရဟန်းတို့၏ ဂုဏ်ကို အောက်မေ့ရုံမျှကိုလည်း ကျေးဇူးများ၏ဟု ငါဆို၏။ ထိုရဟန်းတို့သို့ အတုလိုက်၍ ရဟန်းပြုရရုံမျှကိုလည်း ကျေးဇူးများ၏ဟု ငါဆို၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့် နည်း၊ ရဟန်းတို့ ထိုသို့ သဘောရှိသော ရဟန်းတို့ကိုမှီဝဲဆည်းကပ်သူ ချဉ်းကပ်သူတို့အား မပြည့်စုံသေးသော သီလအစုသည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ မပြည့်စုံ သေးသော သမာဓိအစုသည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ မပြည့်စုံသေးသော ပညာအစုသည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ မပြည့်စုံသေးသော အရဟတ္တဖိုလ် 'ဝိမုတ္တိ' အစုသည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ မပြည့်စုံသေးသော အရဟတ္တဖိုလ်ပစ္စဝေက္ခဏာဉာဏ် အမြင်အစုသည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤသို့ သဘောရှိသော ရဟန်းတို့ကို ''ဆုံးမတတ်သူ ဆရာတို့''ဟူ၍လည်း ဆိုရကုန်၏။ ''လှည်းမှူးသဖွယ် ခေါင်းဆောင်ပုဂ္ဂိုလ်တို့''ဟူ၍လည်း ဆိုရကုန်၏။ ''ကိလေသာမြူ အညစ် အကြေးကို ပယ်စွန့်ပေးသူတို့''ဟူ၍လည်း ဆိုရကုန်၏။ ''အမိုက်မှောင်ကို ပယ်ဖျောက်တတ်သူတို့''ဟူ၍လည်းဆိုရကုန်၏။ ''အလင်းကို ပြုတတ်သူတို့''ဟူ၍လည်း ဆိုရကုန်၏။ ''အရောင်ကို ပြုတတ်သူတို့''ဟူ၍လည်း ဆိုရကုန်၏။ ''ထွန်းပြောင်ခြင်းကို ပြုတတ်သူတို့''ဟူ၍လည်း ဆိုရကုန်၏။ ''မီးရှူးတိုင်ကို ဆောင်သူတို့''ဟူ၍လည်း ဆိုရကုန်၏။ ''တောက်ပခြင်းကို ပြုတတ်သူတို့''ဟူ၍လည်း ဆိုရကုန်၏။ ''အရိယာတို့''ဟူ၍လည်း ဆိုရကုန်၏။ ''ပညာမျက်စိအမြင်ရှိသူတို့''ဟူ၍လည်း ဆိုရကုန်၏။ ဤအနက့်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပွါးများပြီးသော ကိုယ်စိတ်ရှိကုန်သောတရားသဖြင့် အသက်မွေးကုန်သော အရိယာပညာရှိတို့ကို ဖူးမြင်ရခြင်းသည် ဝမ်းမြောက်ခြင်းကို ပြုတတ်သော အကြောင်းဖြစ်၏။

ဉာဏ်အရောင်ကို ပြုတတ်ကုန်သောဉာဏ်အလင်းကို ပြုတတ်ကုန်သော ပညာ မျက်စိအမြင်ရှိကုန်သော ကိလေသာမြူအညစ်အကြေးကို ပယ်စွန့်တတ်ကုန်သော ထိုအရိယာပညာရှိတို့သည် သူတော်ကောင်းတရားကို ထွန်းလင်းစေကုန်၏။ သူတော် ကောင်းတို့၏ တရားအရောင်ဖြင့် လောကကို တောက်ပစေကုန်၏။

ယင်းအရိယာတို့၏ အဆုံးအမကို ကြားနာရ၍ ပညာရှိတို့သည် ဝိပဿနာဉာဏ်ဖြင့်ကောင်းစွာသိပြီးလျှင် ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသောဉာဏ်ဖြင့် သိခြင်းကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။