ဣတိဝုတ်ပါဠိတော်

၁-မောဟပရိညာသုတ်

၁၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မောဟကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့မောဟကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်မောဟဖြင့် တွေဝေသူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမောဟကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမောဟကို) ပယ်စွန့်ကုန်၏။ (ယင်း မောဟကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။