ဣတိဝုတ်ပါဠိတော်

၁၁-စရသုတ်

၁၁ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ့ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန်းသည် သွားနေစဉ် ကာမနှင့်စပ်သော ကြံစည်မှု 'ကာမဝိတက်'သော်လည်းကောင်း၊ သူတစ်ပါးပျက်စီးစေလိုခြင်းနှင့်စပ်သော ကြံစည်မှု 'ဗျာပါဒဝိတက်'သော်လည်းကောင်း၊ ညှဉ်းဆဲခြင်းနှင့်စပ်သော ကြံစည်မှု 'ဝိဟိံသာဝိတက်'သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းမရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်းမရှိမူ၍ သွားနေသော ရဟန်းကိုလည်း အမြဲမပြတ် ပျင်းရိသူဝီရိယယုတ်လျော့သူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် ရပ်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ မရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းမရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်းမရှိမူ၍ ရပ်နေသော ရဟန်းကိုလည်း အမြဲမပြတ် ပျင်းရိသူ ဝီရိယယုတ်လျော့သူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် ထိုင်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ မရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းမရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်းမရှိမူ၍ ထိုင်နေသော ရဟန်းကိုလည်း အမြဲမပြတ် ပျင်းရိသူ ဝီရိယယုတ်လျော့သူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် အိပ်မပျော်ဘဲ လျောင်းနေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်ခံခဲ့မူ မစွန့်လွှတ်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းမရှိမကောင်းမှုမှ ထိတ်လန့်မှုလည်းမရှိမူ၍ အိပ်မပျော်ဘဲ လျောင်းနေသော ရဟန်းကိုလည်း အမြဲမပြတ်ပျင်းရိသူ ဝီရိယယုတ်လျော့သူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် သွားနေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်းရှိသည်ဖြစ်၍ သွားနေသော ရဟန်းကို အမြဲမပြတ် ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် ရပ်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်းရှိသည်ဖြစ်၍ ရပ်နေသော ရဟန်းကိုလည်း အမြဲမပြတ် ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် ထိုင်နေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ့်၍ လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်းရှိသည်ဖြစ်၍ ထိုင်နေသော ရဟန်းကိုလည်း အမြဲမပြတ် ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် အိပ်မပျော်ဘဲ လျောင်းနေစဉ် ကာမဝိတက်သော်လည်းကောင်း၊ ဗျာပါဒဝိတက်သော်လည်းကောင်း၊ ဝိဟိံသာဝိတက်သော်လည်းကောင်း အကယ်၍ ဖြစ်ခဲ့မူ ရဟန်းသည် ထိုဝိတက်သုံးပါးကို အကယ်၍ လက်မခံခဲ့မူ စွန့်လွှတ်ခဲ့မူ ပယ်ဖျောက်ခဲ့မူ ကင်းအောင်ပြုခဲ့မူ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လလည်းရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်းရှိသည်ဖြစ်၍ အိပ်မပျော်ဘဲ လျောင်းနေသော ရဟန်းကိုလည်း အမြဲမပြတ်ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းသည် သွားနေသော်လည်းကောင်း၊ ရပ်နေသော်လည်းကောင်း၊ ထိုင်နေသော်လည်းကောင်း၊ လျောင်းနေသော်လည်းကောင်း ဝတ္ထုကာမ ကိလေသာ ကာမကိုမှီသော ယုတ်ညံ့သော အကြံအစည်ကို ကြံစည်၏။

လမ်းကောက်လမ်းမှားသို့ သွားတတ်သော တွေဝေမှုကို ဖြစ်စေတတ်သော အာရုံတို့၌ တွေဝေတတ်သော ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရိယမဂ်ဉာဏ်သို့ ရောက်ခြင်းငှါ မထိုက်။

အကြင်ရဟန်းသည် သွားနေသော်လည်းကောင်း၊ ရပ်နေသော်လည်းကောင်း၊ ထိုင်နေသော်လည်းကောင်း၊ လျောင်းနေသော်လည်းကောင်း ဝိတက်သုံးမျိုးကို ငြိမ်း အေးစေ၍ မိစ္ဆာဝိတက်တို့ ငြိမ်းအေးရာနိဗ္ဗာန်၌ (လွန်ကဲသော ဆန္ဒဖြင့်) မွေ့လျော်၏။ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရိယမဂ်သို့ ရောက်ခြင်းငှါ ထိုက်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဧကာဒသမသုတ်။