ဣတိဝုတ်ပါဠိတော်

၁၂-သမ္ပန္နသီလသုတ်

၁၁၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သင်တို့သည် သီလနှင့် ပြည့်စုံကြကုန်လော့၊ပါတိမောက်နှင့် ပြည့်စုံလျက် နေကြကုန်လော့၊ပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၍ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့့်စုံကြကုန်သည်ဖြစ်၍ နေကြကုန်လော့၊ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်လော့။

ရဟန်းတို့ သီလနှင့်ပြည့်စုံပါတိမောက်နှင့် ပြည့်စုံလျက် နေကြကုန်သောပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၍ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့့်စုံကြကုန်သည်ဖြစ်၍ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်သော သင်တို့အားထို့ထက်အလွန် ပြုကျင့်ဖွယ်ကား အသို့ ဖြစ်ရာသနည်း။

ရဟန်းတို့ ရဟန်းသည် သွားနေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ' ကင်းပျောက်ခဲ့ပါမူသူတစ်ပါးတို့ပျက်စီးစေလိုမှု 'ဗျာပါဒ' ကင်းပျောက်ခဲ့ပါမူ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကင်းပျောက်ခဲ့ပါမူပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' ကင်းပျောက်ခဲ့ပါမူ ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးဖြစ်ခဲ့ပါမူ မေ့လျော့မှုမရှိသော သတိထင်ခဲ့ပါမူ့ကိုယ်သည် ပူပန်မှုမရှိ ငြိမ်းအေးခဲ့ပါမူ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာတည်ကြည်ခဲ့ပါမူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာကို ပူပန်စေတတ်သော လုံ့လလည်းရှိမကောင်းမှုမှ ထိတ်လန့်မှုလည်း ရှိသည်ဖြစ်၍ သွားနေသော ရဟန်းကိုလည်း အမြဲမပြတ်ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် ရပ်နေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'ကင်း ပျောက်ခဲ့ပါမူသူတစ်ပါးတို့ပျက်စီးစေလိုမှု 'ဗျာပါဒ' ကင်းပျောက်ခဲ့ပါမူ။ပ။ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု 'ဥဒ္ဓစ္စ ကုက္ကုစ္စ' ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးဖြစ်ခဲ့ပါမူ မေ့လျော့မှု မရှိသော သတိထင်ခဲ့ပါမူကိုယ်သည် ပူပန်မှုမရှိ ငြိမ်းအေးခဲ့ပါမူ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ခဲ့ပါမူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော်ကိလေသာကို ပူပန်စေတတ်သော လုံ့လလည်းရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်း ရှိသည်ဖြစ်၍ ရပ်နေသော ရဟန်းကိုလည်း အမြဲမပြတ် ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် ထိုင်နေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ' ကင်းပျောက်ပါမူသူတစ်ပါးတို့ပျက်စီးစေလိုမှု 'ဗျာပါဒ' ကင်းပျောက်ခဲ့ပါမူ။ပ။ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကင်းပျောက်ခဲ့ပါမူ ပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' ကင်းပျောက်ခဲ့ပါမူ ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးဖြစ်ခဲ့ပါမူ မေ့လျော့မှုမရှိသော သတိထင်ခဲ့ပါမူကိုယ်သည် ပူပန်မှုမရှိ ငြိမ်းအေးခဲ့ပါမူ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာတည်ကြည်ခဲ့ပါမူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာကို ပူပန်စေတတ်သော လုံ့လလည်းရှိမကောင်းမှုမှ ထိတ်လန့်မှုလည်း ရှိသည်ဖြစ်၍ ထိုင်နေသော ရဟန်းကိုလည်း အမြဲမပြတ်ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။

ရဟန်းတို့ ရဟန်းသည် အိပ်မပျော်ဘဲ လျောင်းနေစဉ် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'ကင်းပျောက်ခဲ့ပါမူ သူတစ်ပါးတို့ပျက်စီးစေလိုမှု 'ဗျာပါဒ' ကင်းပျောက်ခဲ့ပါမူ။ပ။ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ပျံ့လွင့်မှုနှင့် နောင်တတစ်ဖန် ပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' ကင်းပျောက်ခဲ့ပါမူ ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ဖျောက်နိုင်ခဲ့ပါမူ မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးဖြစ်ခဲ့ပါမူ မေ့လျော့မှုမရှိသော သတိထင်ခဲ့ပါမူကိုယ်သည် ပူပန်မှုမရှိ ငြိမ်းအေးခဲ့ပါမူ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာတည်ကြည်ခဲ့ပါမူ ရဟန်းတို့ ဤသို့ ဖြစ်ခဲ့သော် ကိလေသာကို ပူပန်စေတတ်သော လုံ့လလည်းရှိ မကောင်းမှုမှ ထိတ်လန့်မှုလည်း ရှိသည်ဖြစ်၍ အိပ်မပျော်ဘဲ လျောင်းနေသော ရဟန်းကိုလည်း အမြဲမပြတ်ထက်သန်သော လုံ့လရှိသူ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုရ၏။ ဤအနက်သဘောကိုမြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ရဟန်းသည် သမ္မပ္ပဓာန်လုံ့လဖြင့်အားထုတ်သည်ဖြစ်၍ သွားရာ၏။အားထုတ်သည်ဖြစ်၍ ရပ်ရာ၏။အားထုတ်သည်ဖြစ်၍ ထိုင်ရာ၏။အားထုတ်သည်ဖြစ်၍ လျောင်းရာ၏။အားထုတ်သည်ဖြစ်၍လက်ခြေကို ကွေးရာ၏။အားထုတ်သည်ဖြစ်၍ လက်ခြေကို ဆန့်ရာ၏။

အထက်၌လည်းကောင်း၊ အရပ် ဖီလာ ရှစ်မျက်နှာ၌လည်းကောင်း၊ အောက်၌လည်းကောင်းသတ္တသင်္ခါရအားဖြင့် ဖြစ်သမျှသော လောကအားလုံး၌ ပုဂ္ဂိုလ်သတ္တဝါမှ ကင်းဆိတ်သော ခန္ဓာတို့၏အဖြစ်အပျက်ကို ကောင်းစွာ ရှုဆင်ခြင်ရာ၏။

ဤသို့ နေလေ့ရှိသော ပြင်းထန်သော သမ္မပ္ပဓာန်လုံ့လရှိသော ငြိမ်သက်သော ဖြစ်ခြင်းရှိသော မပျံ့လွင့်သော စိတ်ကို ငြိမ်းအေးစေတတ်သော အရိယမဂ်အားလျော်သောအကျင့်ကို ကျင့်သုံးသောအခါ ခပ်သိမ်း သတိရှိသော ထိုသို့ သဘော ရှိသော ရဟန်းကို အမြဲမပြတ် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒွါဒသမသုတ်။