ဣတိဝုတ်ပါဠိတော်

၈-သံဃဘေဒသုတ်

၁၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများစီးပွါးမဲ့ရန် လူအများမချမ်းသာရန် လူအများအကျိုးမဲ့ရန် နတ်လူတို့ အကျိုးစီးပွါးမရှိရန် ဆင်းရဲရန်သာဖြစ်၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း? သံဃာကွဲပြားမှုတည်း။ ရဟန်းတို့ သံဃာကွဲပြားသည်ရှိသော်သံဃာကွဲပြားခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း ဖြစ်ကုန်၏။ အချင်းချင်း ခြိမ်းခြောက်မှုတို့သည်လည်း ဖြစ်ကုန်၏။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း ဖြစ်ကုန်၏။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း ဖြစ်ကုန်၏။ ထိုသံဃာကွဲပြားရာ၌ မကြည်ညိုသေးသောသူတို့လည်း မကြည်ညိုကုန်။ ကြည်ညိုပြီးသောအချို့သူတို့လည်း အကြည်ညိုပျက်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''သံဃာကို သင်းခွဲသူသည် အပါယ်၌ ဖြစ်ထိုက်၏။ (အဝီစိ) ငရဲ၌ ဖြစ်ရ၏။ (အန္တရ) ကပ်ပတ်လုံးတည်၏။ သံဃာကွဲပြားမှု၌ မွေ့လျော်၍ မတရားမှု၌ တည်သူသည် ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှဆုတ်ယုတ်၏။ ညီညွတ်သော သံဃာကို သင်းခွဲသောကြောင့် (အန္တရ) ကပ်ပတ်လုံး ငရဲ၌ ကျက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။