ဣတိဝုတ်ပါဠိတော်

၉-သံဃသာမဂ္ဂီသုတ်

၁၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ့ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်လူအများ ချမ်းသာရန် လူအများ အကျိုးရှိရန် နတ်လူတို့ အကျိုးစီးပွါးရှိရန် ချမ်းသာရန်သာ ဖြစ်၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း? သံဃာညီညွတ်မှုတည်း။ ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော်သံဃာညီညွတ်ခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်းခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။ ထိုသံဃာညီညွတ်ရာ၌ မကြည်ညိုသေးသောသူတို့သည်လည်း ကြည်ညိုကုန်၏။ ကြည်ညိုပြီးသူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''သံဃာညီညွတ်မှုသည်လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည်လည်းကောင်း ချမ်းသာ၏။ ညီညွတ်မှု၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသောကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။