ဣတိဝုတ်ပါဠိတော်

၁ဝ-ပဒုဋ္ဌစိတ္တသုတ်

၂ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏) စိတ်ဖြင့် ထိုသူ၏စိတ်ကို ပိုင်းခြား၍ သိ၏ ''ဤဒေါသစိတ်ရှိသောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ချထားသကဲ့သို့ ဤအတူ ငရဲ၌ ကျရလေ၏။ ဤသို့ ငရဲကျရခြင်းသည် အဘယ့်ကြောင့် နည်း? ရဟန်းတို့ ထိုသူ၏ စိတ်သည် ဒေါသဖြင့် ဖျက်ဆီးအပ်သောကြောင့် တည်း''၊ ရဟန်းတို့ဒေါသစိတ်ရှိခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကြရကုန်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''မြတ်စွာဘုရားသည် ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အားဤဆိုလတ္တံ့သော အနက်သဘောကို ဟောကြားတော်မူ၏။

ဤပုဂ္ဂိုလ်သည် ဒေါသစိတ်ရှိသောအချိန်အခါ၌ သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ငရဲ၌ ဖြစ်ရာ၏။ (အဘယ့်ကြောင့် ဆိုသော်) ထိုပုဂ္ဂိုလ်၏စိတ်ကို ဒေါသသည် ဖျက်ဆီးအပ်သောကြောင့် တည်း။

မှန်၏။ သတ္တဝါတို့သည် ဒေါသဖျက်ဆီးအပ်သော စိတ်ဟူသော အကြောင်းကြောင့် မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ လားရောက်ကြရကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။