ဣတိဝုတ်ပါဠိတော်

၁-ပသန္နစိတ္တသုတ်

၂၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤလောက၌ စိတ်ကြည်လင်သူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏စိတ်ဖြင့်) ထိုသူ၏စိတ်ကို ပိုင်းခြား၍သိ၏ ''ဤစိတ်ကြည်လင်သောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ချထားသကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏''။ ယင်းသို့ နတ်ပြည်၌ ဖြစ်ရခြင်းသည် အဘယ့်ကြောင့် နည်း? ရဟန်းတို့ ထိုသူ၏ စိတ်သည် ကြည်လင်သောကြောင့် တည်း။ ရဟန်းတို့ စိတ်ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ကြရကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''မြတ်စွာဘုရားသည် ဤလောက၌ စိတ်ကြည်လင်သူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အားဤဆိုလတ္တံ့သော အနက်သဘောကို ဟောကြားတော်မူ၏။

ဤပုဂ္ဂိုလ်သည် စိတ်ကြည်လင်သောအခါ၌ သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့၊ ဤအတူထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် သုဂတိဘဝ၌ ဖြစ်ရ၏။ (အဘယ့်ကြောင့် ဆိုသော်) ထိုပုဂ္ဂိုလ်၏စိတ်သည် ကြည်လင်သောကြောင့် တည်း။

မှန်၏။ သတ္တဝါတို့သည် စိတ်ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ကောင်းသော လားရာသုဂတိဘဝသို့ လားရောက်ကြရကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။