ဣတိဝုတ်ပါဠိတော်

၂-မေတ္တသုတ်

၂၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ကို မကြောက်ကြကုန်လင့်၊ ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ဟူသော ဤအမည်သည် ထိုအလိုရှိအပ် နှစ်သက်အပ် ချစ်ခင်အပ် မြတ်နိုးအပ်သော ချမ်းသာသုခ၏အမည်ပေတည်း။ ရဟန်းတို့ ငါဘုရားသည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး မိမိပြုအပ်သော ကုသိုလ်တို့၏ အလိုရှိအပ် နှစ်သက်အပ် ချစ်ခင်အပ် မြတ်နိုးအပ်သော အကျိုးကို ခံစားဖူးသည်ကို မျက်မှောက်ထင်ထင် သိမြင်တော်မူ၏။ ခုနစ်နှစ်တို့ပတ်လုံး မေတ္တာစိတ်ကို ပွါး၍ ခုနစ်ကမ႓ာတို့ပတ်လုံး ဤကာမဘုံသို့ မလာရောက်ရတော့ပေ၊ ရဟန်းတို့ ကမ႓ာပျက်သောအခါ၌ အာဘဿရဘုံသို့ ရောက်နေရ၏။ ကမ႓ာတည်မိသောအခါ၌ သတ္တဝါကင်းသော ဗြဟ္မာ့ဘုံ၌ ဖြစ်လာ၏။

ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ ဗြဟ္မာ ဖြစ်၏။ မဟာဗြဟ္မာ ဖြစ်၏။ လွှမ်းမိုးနိုင်သူ ဖြစ်၏။ မည်သူကမျှမလွှမ်းမိုးနိုင်သူ ဖြစ်၏။ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏။ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏။ ရဟန်းတို့ ငါဘုရားသည် သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့အရှင် သိကြားမင်း ဖြစ်ဖူး၏။ အကြိမ်ရာပေါင်း များစွာ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်သူအပေါင်းတို့ကို အောင်သောတိုင်းနိုင်ငံ တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသောတရားစောင့်သောတရားနှင့် အညီ မင်းပြုသော စကြဝတေးမင်း ဖြစ်ဖူး၏။ ပဒေသရာဇ်မင်းအဖြစ်မှာကား အဘယ်ဆိုဖွယ်ရှိရာအံ့နည်း။

ရဟန်းတို့ ''ယခုအခါ ငါဘုရား၏ ဤသို့ တန်ခိုးကြီးခြင်း ဤသို့ အာနုဘော်ကြီးခြင်းဟူသော ဤအကျိုး့တရားသည် အဘယ်ကံ၏ အကျိုးနည်း? အဘယ်ကံ၏ ဝိပါက်နည်း''ဟု ဤသို့ ငါဘုရားအားအကြံဖြစ်၏။ ရဟန်းတို့ ''ယခုအခါ ငါဘုရား၏ ဤသို့ တန်ခိုးကြီးခြင်း ဤသို့ အာနုဘော်ကြီးခြင်းဟူသော ဤအကျိုးတရားသည် ပေးကမ်းလှူဒါန်းမှု ဣန္ဒြေကို ဆုံးမမှုကိုယ်နှုတ်ကို စောင့်စည်းမှုဟူသော ဤကံသုံးပါးတို့၏ အကျိုးတည်း။ ဤကံသုံးပါး၏ ဝိပါက်တည်း''ဟု ဤသို့ ငါဘုရားအား အကြံဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ထိုသူသည် ကုသိုလ်ကောင်းမှုကိုသာလျှင် ကျင့်ရာ၏။ နောင်အခါ၌ မြတ်သော ချမ်းသာကျိုးရှိသော ဒါနကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း၊ မေတ္တာစိတ်ကိုလည်းကောင်း ပွါးများရာ၏။

ပညာရှိသည် သုခလျှင် အာနိသင်ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ကြောင့်ကြမှု 'ဗျာပါဒ' ကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။