ဣတိဝုတ်ပါဠိတော်

၃-ဥဘယတ္ထသုတ်

၂၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သောတစ်ခုသောတရားသည် မျက်မှောက်အကျိုးတမလွန် အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ကောင်းစွာယူ၍ တည်၏။ တစ်ခုသောတရားဟူသည်အဘယ်နည်း? ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့မှု 'အပ္ပမာဒ' တရားပင်တည်း။ ရဟန်းတို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သော ဤတစ်ခုသောတရားသည် မျက်မှောက်အကျိုး တမလွန်အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ကောင်းစွာ ယူ၍ တည်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာရှိတို့သည် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့မှုကို ချီးမွမ်းကြကုန်၏။ ပညာရှိသည်မမေ့မလျော့သည်ဖြစ်၍ အကျိုးနှစ်ပါးတို့ကို ယူနိုင်၏။

မျက်မှောက်အကျိုး တမလွန်အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ရခြင်းကြောင့် ပညာရှိကို ပဏ္ဍိတဟူ၍ဆိုအပ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။