ဣတိဝုတ်ပါဠိတော်

၄-အဋ္ဌိပုဉ္ဇသုတ်

၂၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

စုဆောင်းထားသူလည်း ရှိခဲ့မူ စုဆောင်းထားတိုင်းလည်း မပျက်စီးခဲ့မူ တစ်ကမ႓ာပတ်လုံး ပြေးသွားကျင်လည်သော ပုဂ္ဂိုလ်တစ်ယောက်၏ ကြီးစွာသော အရိုးပေါင်း အရိုးပုံ အရိုးစုသည် ဤဝေပုလ္လတောင်ကြီးမျှပင် ရှိသည် ဖြစ်ရာ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တစ်ကမ႓ာပတ်လုံး (ကျင်လည်ပြေးသွားရသော) ပုဂ္ဂိုလ်တစ်ယောက်၏ အရိုးစုသည် တောင်မျှလောက်အစုအပုံရှိသည် ဖြစ်ရာ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

ထိုတောင်ကို မူကား မဂဓတိုင်းတို့၏ ဂိရိဗ္ဗဇမည်သော (ရာဇဂြိုဟ်) မြို့ ဝယ် ဂိဇ္ဈကုဋ်တောင်၏မြောက်ဘက်၌ တည်သော ကြီးသော ဝေပုလ္လတောင်ဟု ဆိုအပ်၏။

ဒုက္ခသစ္စာကိုလည်းကောင်း ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကိုလည်းကောင်း၊ ဒုက္ခကို လွန်မြောက်ရာ'နိရောဓ'သစ္စာကိုလည်းကောင်း၊ ဒုက္ခ၏ချုပ်ငြိမ်းရာ (နိဗ္ဗာန်သို့) ရောက်ကြောင်းဖြစ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာဟု ဆိုအပ်သော အရိယသစ္စာတို့ကိုလည်းကောင်း၊ အကြင်အခါ၌ ကောင်းသော ပညာဖြင့် မြင်၏။ ထိုအခါ ထိုပုဂ္ဂိုလ်သည် (ကာမဘုံ၌) ခုနစ်ကြိမ် အလွန်ပြေးသွား၍သံယောဇဉ်အားလုံးတို့၏ကုန်ခြင်းကြောင့် ဒုက္ခ၏အဆုံးကို ပြုလေတော့၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။