ဣတိဝုတ်ပါဠိတော်

၅-မုသာဝါဒသုတ်

၂၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို လွန်ကျူး၍တည်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ရာသော မကောင်းမှုကို မပြုလုပ်ဟူ၍ ငါဘုရား မဟော၊ တစ်ခုသောတရားဟူသည် အဘယ်နည်း? ရဟန်းတို့ ယင်းတစ်ခုသောတရားဟူသည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုမှု 'မုသာဝါဒ' တရားပင်တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တမလွန်လောကကို စွန့်လွှတ်ပြီးသောတစ်ခုသောတရားကို လွန်ကျူးသော မုသားပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်အား မည်သည့် မကောင်းမှုကိုမျှ မပြုနိုင်ဟူ၍ မရှိတော့ပေ''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။