ဣတိဝုတ်ပါဠိတော်

၆-ဒါနသုတ်

၂၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သတ္တဝါတို့သည် လှူဒါန်းဝေဖန်ခြင်း၏ အကျိုးကို ငါဘုရားသိသကဲ့သို့ သိကြကုန်မူမပေးလှူဘဲ မစားကုန်ရာ၊ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ မတည်နိုင်ရာ၊ အလှူခံပုဂ္ဂိုလ်ရှိကုန်မူ ထိုသူတို့သည် နောက်ဆုံးဖြစ်သော ထမင်းလုတ်ထမင်းဆုပ်မှသော်လည်း မခွဲခြမ်း မဝေဖန်မူ၍ မစားကုန်ရာ။ ရဟန်းတို့ သတ္တဝါတို့သည် လှူဒါန်းဝေဖန်ခြင်း၏ အကျိုးကို ငါဘုရားသိသကဲ့သို့ မသိကုန်သောကြောင့် သာ မပေးလှူဘဲ စားကြကုန်၏။ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ တည်လေ၏ဟု ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ခွဲခြမ်းဝေဖန်မှုသည် ဤသို့ ကြီးသော အကျိုးရှိ၏ဟု ခွဲခြမ်းဝေဖန်မှု၏ အကျိုးကို မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း အကယ်၍ သိကြကုန်မူ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးကို ပယ်ဖျောက်၍ အထူးကြည်လင်သော စိတ်ဖြင့် အကြင်အရိယာပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည်အကျိုးကြီး၏။ ထိုအရိယာပုဂ္ဂိုလ်တို့၌ လျောက်ပတ်သောအခါ ပေးလှူကုန်ရာ၏။

လူများစွာအား ထမင်းကိုလည်းကောင်း၊ မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ မြတ်သော အလှူကိုလည်းကောင်းပေးလှူသောကြောင့် အလှူဒါယကာတို့သည် ဤလူ၏အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်သို့ ့လားရောက်ကြရကုန်၏။

နတ်ပြည်၌ ရောက်ကြကုန်သော ထိုသတ္တဝါတို့သည် ထိုနတ်ပြည်၌ အလိုရှိအပ်သော ကာမဂုဏ်တို့နှင့်ပြည့်စုံကုန်သည်ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏။ ဝန်တိုမှု မရှိသူတို့သည် ခွဲခြမ်းဝေဖန်ခြင်းအကျိုးကို ခံစားကြရကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။