ဣတိဝုတ်ပါဠိတော်

၄-အတပနီယသုတ်

၃၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်း-ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကောင်းမှုကို ပြုသူ ကုသိုလ်ကို ပြုသူ သံသရာဘေးကို ကြောက်သူတို့၏ အစောင့်အရှောက်တရားကို ပြုပြီးသူ ဖြစ်၏။ ယုတ်မာမှုကို မပြုသူ ကြမ်းကြုတ်မှုကို မပြုသူ ခက်ထန် ရက်စက်မှုကို မပြုသူ ဖြစ်၏။ ထိုသူသည် ''ကောင်းမှုကို ငါ ပြုလိုက်မိ၏''ဟူ၍လည်းမပူပန်၊ ''မကောင်းမှုကို ငါ မပြုလိုက်မိ''ဟူ၍လည်း မပူပန်၊ ရဟန်းတို့ မပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာရှိသူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ (ရာဂစသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကိုသာ အကြိမ် များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။