ဣတိဝုတ်ပါဠိတော်

၇-အာတာပီသုတ်

၃၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကိလေသာကို ပူပန်စေတတ်သော လုံ့လမရှိသူ မကောင်းမှုမှ မထိတ်လန့်တတ်သူရဟန်းသည် သစ္စာလေးပါးတရားကို သိခြင်းငှါ မထိုက်တန်၊ နိဗ္ဗာန်ရခြင်းငှါ မထိုက်တန်၊ အတုမရှိမြတ်၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းငှါ မထိုက်တန်၊ ရဟန်းတို့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသူ မကောင်းမှုမှ ထိတ်လန့်တတ်သူ ရဟန်းသည် သစ္စာလေးပါးတရားကို သိခြင်းငှါ ထိုက်တန်၏။ နိဗ္ဗာန်ရခြင်းငှါ ထိုက်တန်၏။ အတုမရှိ မြတ်၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းငှါ ထိုက်တန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းသည် ထိနမိဒ္ဓများသည်ဖြစ်၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လမရှိ၊ မကောင်းမှုမှမထိတ်လန့်တတ်၊ ပျင်းရိ၏။ ဝီရိယယုတ်လျော့၏။ မကောင်းမှုမှ မရှက်တတ်၊ အကျင့်၌ မရိုသေ၊ ထိုသို့ သော သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်ကို တွေ့ထိ သိမြင်ခြင်းငှါ မထိုက်တန်။

အကြင်ရဟန်းသည်ကား သတိရှိ၏။ ရင့်ကျက်သော ပညာရှိ၏။ သမထဝိပဿနာဖြင့် ရှုလေ့ရှိ၏။ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ၏။ မကောင်းမှုမှ ထိတ်လန့်တတ်၏။ မေ့လျော့မှုမရှိ၊ (ထိုရဟန်းသည် ) သံယောဇဉ်ကိုလည်းကောင်း၊ ပဋိသန္ဓေနေခြင်း အိုခြင်းကိုလည်းကောင်း ဖြတ်တောက်၍ဤဘဝ၌ပင် အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တွေ့ထိသိရှိနိုင်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။