ဣတိဝုတ်ပါဠိတော်

၈-ပဌမ နကုဟနသုတ်

၃၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ လူအပေါင်းကိုအံ့သြစေရန် လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားစေရန့်လာဘ်ပူဇော်သကာ အကျော်အစောဟူသော အကျိုးအာနိသင်ရရှိရန် ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ဤသို့ ကျင့်သုံးသဖြင့် ငါ့ကို လူအပေါင်းသည် သိစေသတည်းဟု နှလုံးသွင်း၍ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ရဟန်းတို့ စင်စစ် (ကာယဒုစရိုက်စသည်မှ) စောင့်စည်းရန်လည်းကောင်း၊ (တဒင်္ဂပဟာန်စသည်ဖြင့်) ပယ်ရန်လည်းကောင်းဤမြတ်သောအကျင့်ကို ကျင့်သုံး၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''နိဗ္ဗာန်တည်းဟူသော ထောက်တည်ရာကမ်းသို့ ရောက်စေတတ်သော မျက် မှောက်မျက်ကွယ်ဘေးရန်မရှိသော မြတ်သောအကျင့်ကို (ကာယဒုစရိုက်စသည်မှ) စောင့်စည်းရန် တဒင်္ဂပဟာန်စသည်ဖြင့်ပယ်ရန် ထိုမြတ်စွာဘုရား ဟောတော်မူ၏။

ဤမဂ် (လမ်းစဉ်) ကို မြတ်သော စိတ်ဓာတ်ရှိကုန်သော ဘုရားအရိယာတို့သည် အစဉ်အတိုင်းကြွသွားတော်မူကုန်၏။ အကြင်အကြင်သူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူတိုင်းထိုမဂ် (လမ်းစဉ်)သို့ သွားရောက်ကြကုန်၏။ မြတ်စွာဘုရား ဆုံးမသည့်အတိုင်း ပြုကျင့်ကုန်သော ထိုထိုသူတို့သည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကုန်လတ္တံ့''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။