ဣတိဝုတ်ပါဠိတော်

၁ဝ-သောမနဿသုတ်

၃၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော့်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်း များလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်း၏အကြောင်းကိုအားထုတ်အပ်သည် ဖြစ်၏။ အဘယ်နှစ်ပါးတို့နှင့်နည်း- သံဝေဂဖြစ်စေတတ်သော အရာတို့၌ သံဝေဂဖြစ်ခြင်းနှင့်လည်းကောင်း၊ သံဝေဂဖြစ်သူအား အကြောင်းအားလျော်စွာအားထုတ်ခြင်းနှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင်ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းများလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်း၏အကြောင်းကိုအား ထုတ်အပ်သည် ဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက် သဘောကို -

''ပညာရှိသော ကိလေသာကို ပူပန်စေတတ်သည့် လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ရဟန်းသည် သံဝေဂဖြစ်စေတတ်သော အရာတို့၌ ပညာဖြင့် ဆင်ခြင်၍ သံဝေဂ ဖြစ်သည်သာတည်း။

ဤသို့ ပြင်းထန်သော လုံ့လရှိလျက် မတုန်မလှုပ်မူ၍ ငြိမ်သက်စွာဖြစ်ခြင်းရှိသော စိတ်၏တည်ကြည်မှုကိုအားထုတ်၍ နေလေ့ရှိသော ရဟန်းသည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်နိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ပဌမဝဂ် ပြီး၏။