ဣတိဝုတ်ပါဠိတော်

၄-ကောဓသုတ်

၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း? ရဟန်းတို့ အမျက်ထွက်မှု 'ကောဓ'ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို - ''အကြင် ကောဓတရားဖြင့် အမျက်ထွက်သူ သတ္တဝါတို့သည် မကောင်းသော လားရာ'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုကောဓကို ကောင်းစွာသိ၍ (ခန္ဓာ ငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုကောဓကို) ပယ် စွန့်ကုန်၏။ (ယင်းကောဓကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။