ဣတိဝုတ်ပါဠိတော်

၃-ဝိဇ္ဇာသုတ်

၄ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အဝိဇ္ဇာ 'မောဟ'သည် အကုသိုလ်တရားတို့ ဖြစ်ခြင်း၏ ရှေ့သွားဖြစ်၏။ အရှက်မရှိမှု 'အဟိရိက' မထိတ်လန့်မှု 'အနောတ္တပ္ပ'သည် နောက်လိုက်တရားသာ ဖြစ်၏။ ရဟန်းတို့ ဝိဇ္ဇာ 'အမောဟ'သည် ကုသိုလ်တရားတို့ ဖြစ်ခြင်း၏ ရှေ့သွားဖြစ်၏။ ရှက်မှု 'ဟိရီ' ထိတ်လန့်မှု 'သြတ္တပ္ပ'သည် နောက်လိုက်တရားသာ ဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ဤလူ့ပြည် လောက၌လည်းကောင်း၊ တစ်ပါးသော လောက၌လည်းကောင်း ဒုဂ္ဂတိဟူသမျှအားလုံးတို့သည် အဝိဇ္ဇာ'မောဟ'လျှင် အကြောင်းရင်း ရှိကုန်၏။ မရသေးသော အာရုံကိုလိုချင်မှု 'ဣစ္ဆာ'နှင့် ရပြီးအာရုံကို တပ်မက်မှု 'လောဘ'တို့ဖြင့် ပွါးစီးကုန်၏။

အကြင်အဝိဇ္ဇာဟူသော အကြောင်းကြောင့် ယုတ်မာသော အလိုရှိသူ အရှက်မရှိသူ ရိုသေမှုမရှိသူဖြစ်ရ၏။ ထိုအဝိဇ္ဇာဟူသော အကြောင်းကြောင့် မကောင်းမှု ပွါးများ၏။ ထိုမကောင်းမှုဖြင့် အပါယ်သို့ လားရောက်ရ၏။

ထို့ကြောင့် ရဟန်းသည် အလို 'ဆန္ဒ'ကိုလည်းကောင်း၊ လောဘကိုလည်းကောင်း၊ အဝိဇ္ဇာကိုလည်းကောင်း ပယ်စွန့်ကာ ဝိဇ္ဇာ 'အမောဟ'ကို ဖြစ်စေလျက် အလုံးစုံသော ဒုက္ခ၏တည်ရာလားရာ 'ဂတိ' ငါးရပ်တို့ကို ပယ်စွန့်နိုင်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

ပဌမဘာဏဝါရ ပြီး၏။