ဣတိဝုတ်ပါဠိတော်

၄-ပညာပရိဟီနသုတ်

၄၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ စင်ကြယ်သော ဝိပဿနာပညာ မဂ်ပညာမှ ဆုတ်ယုတ်သော သတ္တဝါတို့သည် (သမ္ပတ္တိအားလုံးတို့မှ) အလွန့်အလွန် ဆုတ်ယုတ်သော သတ္တဝါတို့ မည်ကုန်၏။ ထိုသတ္တဝါတို့သည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရကုန်၏။ ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ရဟန်းတို့ စင်ကြယ်သော ဝိပဿနာပညာ မဂ်ပညာမှ မဆုတ်ယုတ်ကုန်သော သတ္တဝါတို့သည် (သမ္ပတ္တိအားလုံးတို့မှ) မဆုတ်ယုတ်သော သတ္တဝါတို့ မည်ကုန်၏။ ထိုသတ္တဝါတို့သည် မျက်မှောက်ဘဝ၌ပင် ့ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိဘဲ ချမ်းသာစွာ နေရကုန်၏။ ခန္ဓာကိုယ် ပျက်စီး၍သေသည်မှနောက်၌ ကောင်းသော လားရာ 'သုဂတိ' ဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''နတ်နှင့်တကွသော လောကကို ကြည့်ရှုလော့၊ ပညာမှ ဆုတ်ယုတ်ခြင်းကြောင့် နာမ်ရုပ်၌ အမှားနှလုံးသွင်းသည် ဖြစ်ရကား ဤသည်သာမှန်၏ဟု အောက်မေ့မှတ် ထင်၏။

မှန်၏။ အကြင်ပညာသည် ဖောက်ထွင်း၍ နိဗ္ဗာန်သို့ ရောက်စေတတ်၏။ အကြင်ပညာဖြင့်ဇာတိဘဝ၏ကုန်ခြင်းကို ကောင်းစွာသိ၏။ ထိုပညာသည်သာ လောက၌ အမြတ်ဆုံးဖြစ်၏။

သတိရှိတော်မူကုန်သော ရွှင်သော ပညာရှိကုန်သော အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်ကုန်သော ထိုသစ္စာလေးပါးကို သိကုန်သော ဘုရားရဟန္တာတို့အား နတ်လူတို့သည် ချစ်မြတ်နိုးကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။