ဣတိဝုတ်ပါဠိတော်

၅-သုက္ကဓမ္မသုတ်

၄၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ အဘယ်နှစ်ပါးတို့နည်း- မကောင်းမှုမှ ရှက်မှု 'ဟိရီ'လည်းကောင်း မကောင်းမှုမှ ကြောက်လန့်မှု 'သြတ္တပ္ပ'လည်းကောင်းတည်း။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို မစောင့်ရှောက်ကုန်မူဤလောက၌ ''အမိ''ဟူ၍သော်လည်းကောင်း၊ ''မိကြီး မိထွေး''ဟူ၍သော်လည်းကောင်း၊ ''ဦးလေးဦးကြီး၏ မယား''ဟူ၍သော်လည်းကောင်း၊ ''ဆရာ၏ မယား''ဟူ၍သော်လည်းကောင်း၊ ''အလေးပြုထိုက်သူတို့၏ မယား''ဟူ၍သော်လည်းကောင်း မထင်နိုင်ရာ၊ လူ့လောကကြီးသည် ဆိတ်နှင့်သိုး ကြက် ဝက် ခွေး မြေခွေးတို့ကဲ့သို့ ရောနှောပျက်စီးခြင်သို့ ရောက်ရ၏။ အကြင့်ကြောင့် ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ ထို့ကြောင့် ''အမိ''ဟူ၍သော်လည်းကောင်း၊ ''မိကြီး မိထွေး''ဟူ၍သော်လည်းကောင်း၊ ''ဦးလေး ဦးကြီး၏ မယား''ဟူ၍သော်လည်းကောင်း၊ ''ဆရာ၏ မယား''ဟူ၍သော်လည်းကောင်း၊ ''အလေးပြုထိုက်သူတို့၏ မယား''ဟူ၍သော်လည်းကောင်းထင်ရှား၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူတို့အား အရှက်အကြောက်သည် အခါ ခပ်သိမ်း မရှိ၊ ထိုသူတို့သည် ဖြူစင်သောတရားမှသက်လျှောသောကြောင့် (အဖန်ဖန်) ပဋိသန္ဓေနေခြင်း သေခြင်းသို့ ရောက်ရ၏။

အကြင်သူတို့အား အရှက်အကြောက်သည် အမြဲထင်၏။ မြတ်သောအကျင့် ပြန့် ပွါး၍ကိလေသာငြိမ်းကုန်သော ထိုသူတို့သည် တစ်ဖန်ပဋိသန္ဓေနေခြင်းမှကုန်ပြီးသူတို့ ဖြစ်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။