ဣတိဝုတ်ပါဠိတော်

၇-နိဗ္ဗာနဓာတုသုတ်

၄၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်းဟူမူ- ခန္ဓာငါးပါးအကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ် ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်တို့တည်း။

ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း? ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်သူ ဖြစ်၏။ ထိုရဟန္တာပုဂ္ဂိုလ်အား (နောက်ဆုံးဘဝ၏ အကြောင်းကံ မကုန်သေးသမျှ) ဣန္ဒြေငါးပါးတို့သည် တည်ရှိကုန်သည်သာလျှင် တည်း။ ထိုရဟန္တာပုဂ္ဂိုလ်သည် ယင်းဣန္ဒြေငါးပါးတို့၏ (အနုပ္ပါဒနိရောဓ၏ အစွမ်းဖြင့်) မချုပ်ကုန်သောကြောင့် ပင် နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံကို ခံစား၏။ ချမ်းသာဆင်းရဲကို ခံစား၏။ ထိုရဟန္တာပုဂ္ဂိုလ်အား အကြင်ရာဂကုန်ခန်းမှု ဒေါသကုန်ခန်းမှု မောဟကုန်ခန်းမှုသည် ရှိ၏။ ဤရာဂဒေါသမောဟကုန်ခန်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။

ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း? ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသူ ဖြစ်၏။ ့ဤအတ္တဘော၌ပင် ထိုရဟန္တာပုဂ္ဂိုလ်အား ခံစားမှု 'ဝေဒနာ'အားလုံးတို့သည် ရာဂစသည်တို့ဖြင့် မနှစ်သက်အပ်ကုန်မူ၍ တစ်ဖန် မဖြစ်သောအားဖြင့် ငြိမ်းအေးကုန်လတ္တံ့။ ရဟန်းတို့ ဤခံစားမှုဟူသမျှတို့၏တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တဏှာဒိဋ္ဌိအစွမ်းဖြင့် တစ်စုံတစ်ခုသောတရားကို မမှီသောတာဒိဂုဏ်ရှင် ဖြစ် တော်မူသော စက္ခုငါးပါးရှိသော မြတ်စွာဘုရားသည် ဤနှစ်ပါးသော နိဗ္ဗာနဓာတ်တို့ကို ပြတော်မူအပ်ကုန်၏။မှန်၏-တစ်မျိုးသော (သဥပါဒိသေသ) နိဗ္ဗာနဓာတ်သည် ဤမျက်မှောက်အတ္တဘော၌ ဖြစ်၏။ ခန္ဓာငါးပါးကြွင်းကျန်၏။ ဘဝတဏှာကုန်ခန်း၏။ ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ'နိဗ္ဗာနဓာတ်သည်ကား ခန္ဓာပျက်ပြီးသောအခါ၌ ဖြစ်၏။ ယင်းနိဗ္ဗာနဓာတ်၌ အလုံးစုံအားဖြင့်ဘဝတို့သည် ချုပ်ကုန်၏။

အကြင်ပုဂ္ဂိုလ်တို့သည် ပြုပြင်ခြင်းကင်းသော ထိုနိဗ္ဗာန်ကို သိ၍ ကိလေသာမှ လွတ်မြောက်သော စိတ်ရှိကုန်၏။ ဘဝတဏှာကုန်ခန်းကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် တရားအနှစ်ကို ရသောကြောင့် ရာဂစသည်ကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ တာဒိဂုဏ်ရှင် ထိုဘုရားသခင်တို့သည် အလုံးစုံသော ဘဝတို့ကို ပယ်စွန့်ကုန်၏''ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။